အတွေးအမြင်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – သဘောစင်လှစေ

သဘောစင်လှစေ

အရှင်စန္ဒိမာ (မွန်စိန်တောရ)၊ ဇွန် ၂၆၊ ၂၀၁၄

မြန်မာပြည်မှာရှိစဉ်က အတူနေခဲ့တဲ့ နောင်တော် ဘုန်းကြီးက မိမိရေးတဲ့ ဆောင်းပါးတစ်ပုဒ်စ နှစ်ပုဒ်စကို ဖတ်လိုက်ရလို့ သို့မဟုတ် ဒကာတွေ ပြောပြလို့ ဖြစ်ကောင်းဖြစ်မယ်။ အမေရိကကို ရောက်လာပြီး စာလေး မတောက်တခေါက် စရေးနေတဲ့ မိမိကို အမေရိကန်အတွေးနဲ့ မရေးပါနဲ့လို့ သြဝါဒစကား ပါးလိုက်ပါတယ်။  မွေးရပ်ဇာတိ မြန်မာပြည်မှာ အနှစ်လေးဆယ်လောက် ဆက်တိုက်နေလာခဲ့တဲ့ မိမိအနေနဲ့ အမေရိကမှာ နေတာ တစ်နှစ်တောင် မပြည့်သေးဘဲ မြန်မာ့အတွေးပျောက်ပြီး အမေရိကန်အတွေး ဗြုန်းစားကြီး  ရောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။

တစ်ခါက မိမိတင်ထားတဲ့ ဖေ့ဘွတ်စတေးတပ်တစ်ခုကို ဖတ်ပြီး ဝါ စိမ်း နီ သုံးရောင်ခြယ် နောက်ခံပေါ်မှာ အဖြူရောင်ကြယ်ပွင့်ပါတဲ့ အလံပုံ ပရိုဖိုင်းတင်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ကွန်မန်းဘော့ခ်မှတဆင့် အခုလို မေးခွန်းထုတ်ပါတယ်။ …အရှင်ဘုရား “ဒီမိုကရေစီစနစ်ကို တကယ်သွားချင်ရင် ဒီမိုကရေစီအရင့်ကျက်ဆုံး အနောက်နိုင်ငံတွေကို နမူနာမယူရင် ဘယ်နိုင်ငံကို နမူနာယူမှာလဲ???” ဆိုတဲ့ မိန့်ကြားချက်က ဘယ်နိုင်ငံကို ရည်ညွှန်းပါသလဲဘုရား။ သိခွင့်ရှိရင် မိန့်တော်မူပါဘုရား…တဲ့။

မိမိလည်း..…”နိုင်ငံတစ်နိုင်ငံတည်းကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ အနောက်ကမ္ဘာက ဒီမိုကရေစီနိုင်ငံများအားလုံးကို ရည်ညွှန်းတာပါ။ ပညာရေး အုပ်ချုပ်ရေး ဥပဒေရေးရာ စသည်ဖြင့် ကဏ္ဍအားလုံးမှာ ဆယ်စုနှစ်ပေါင်းများစွာ တချို့နိုင်ငံများဆိုရင် ရာစုနှစ်ကျော် ပြင်ဆင်မွမ်းမံလာခဲ့တာဖြစ်လို့ ယခုအချိန်မှာ အလွန်ကို ပြည့်စုံပြီး သိပ်ကို တည်ငြိမ်အသားကျနေပါပြီ။…သူတို့နိုင်ငံတွေမှာ နှစ်ပေါင်းများစွာ စမ်းသပ်ထားပြီးမှ အကောင်းဆုံးဖြစ်အောင် မွမ်းမံပြင်ဆင်ထားပြီး အဆင်သင့်ရှိထားပြီးသားဖြစ်တဲ့ စနစ်တွေဟာ ကိုယ့်နိုင်ငံအတွက် ယူတတ်ရင် တန်ဘိုးများစွာ ရှိပါတယ်။ အားလုံးကို ထပ်တူကူးချဖို့ မဆိုလိုပါဘူး”…လို့ ပြန်ဖြေခဲ့ပါတယ်။

ဒါနဲ့ သူက…”တစ်လောလေးကပဲ စနိုးဒင် ကိစ္စ ဖြစ်သေးတယ်မဟုတ်လား အရှင်ဘုရား အဲဒါကရော ဒီမိုကရေစီ ပြယုဒ်ပါပဲလားဘုရား”…တဲ့။

မိမိလည်း…”အားလုံးသဲလဲစင် အပြစ်ကင်းကောင်းမွန်နေတယ်လို့ မျက်စိမှိတ် အထင်ကြီးနေခြင်းမဟုတ်ပါ။ ဘယ်အရာမဆို အားနဲချက်ဆိုတာ ရှိစမြဲပါ။ အပြစ်အနဲဆုံး စနစ်ကို ရွေးချယ်ရမှာပါ”… လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါနဲ့ သူလည်း ဆက်မမေးတော့ပါဘူး။

အသက် ၁၈ နှစ်အရွယ်လောက်အထိ သတင်းဆိုရင် အစိုးရထုတ် ကြေးမုံ ဗိုလ်တစ်ထောင် မြန်မာ့အလင်းသတင်းစာတွေလောက်ပဲ ဖတ်ဖူးတဲ့ မိမိအနေနဲ့ နယ်တကာလှည့်လည်ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားနေကြတဲ့ မဆလ ဥက္ကဌကြီး ဦးနေဝင်းနဲ့ သူ့ရဲ့ ဝန်ကြီးတွေကို အထင်ကြီးခဲ့ဖူးပါတယ်။

ရဟန်းဘောင်ရောက်ပြီး စာသင်တိုက်ကြီးတစ်တိုက်မှာ စာဝါလိုက်နေစဉ် နဝတ နအဖလက်ထက် အစိုးရထုတ် သတင်းစာကို ပုံမှန်ဖတ်တဲ့  သီတင်းသုံးဖေါ် ရဟန်းတစ်ပါးရှိပါတယ်။ သူဟာ အစိုးရကို ဝေဖန်ရင် အစိုးရဖက်မှ ခုခံကာကွယ် ခြေပလေ့ ရှိပါတယ်။ တစ်နေ့ သူ့ဇာတိနယ်ဘက်မှာ ဆည်ကြီးတစ်ခု တည်ဆောက်ပါတယ်။ သူ့မိဘများ နေထိုင်ရာ ရွာလည်း အရွှေ့ခံရတဲ့အထဲ ပါသွားပါတယ်။ ရွာသစ်မှာ မပြည့်မစုံနဲ့ သူ့မိဘဆွေမျိုးများအပါအဝင် ရွာသူရွာသားများ အတိဒုက္ခ ရောက်ကြရပါတယ်။ ထိုအချိန်မှ စပြီး မိမိမိတ်ဆွေ သီတင်းသုံးဖေါ်ရဟန်းဟာ အစိုးရဖက်မှ ခုခံကာကွယ်ခြင်း မပြုတော့ပါဘူး။

ပြည်ပရောက်သွားကြတဲ့ စာရေးကြသူတွေဟာ  မိမိတို့ရောက်နေကြတဲ့ နိုင်ငံရဲ့ အခြေအနေတွေကို ကိုယ့်နိုင်ငံနဲ့ ယှဉ်ကြည့်မိပြီး စိတ်မကောင်းမှု၊ အားငယ်မှု၊ အားမလိုအားမရဖြစ်မှု၊ နာကျင်မှု၊ အားကျမှု၊ ဝမ်းမြောက်မှု၊ ကြည်နူးမှု စသည်ဖြင့် ဖြစ်ပေါ်လာတဲ့ ရင်တွင်း ခံစားချက်တွေကို စာစီရေးချလိုက်ကြတာပါ။ ဒီလို ရေးလိုက်တဲ့အခါမှာ စာရေးသူတိုင်းမှာ တူညီတဲ့ စေတနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ့်နိုင်ငံကိုလည်း သူတို့နိုင်ငံနည်းတူ တိုးတက်စေချင် ငြိမ်းချမ်းသာယာစေချင်ကြတာပဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းလို်က်ချိန်မှ စပြီး စစ်ဗိုလ်တွေသာ အဆင့်ဆင့် အာဏာလက်လွှဲယူလာခဲ့တာ ယနေ့အချိန်အထိပါ။ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနေပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေဟာ ယခင် စစ်ဗိုလ်တွေ အဆင့်ဆင့် အာဏာလက်လွှဲယူခဲ့တဲ့ အစဉ်အလာကို ပေါ်တင်ရော တဖက်လှည့်အနေနဲ့ပါ ကျင့်သုံးနေဆဲဆိုတာ ဘွင်းဘွင်းကြီး မြင်နေရပါတယ်။ စီးပွါးရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာလည်း အာဏာရှိကြသူနဲ့ ချမ်းသာကြသူ လူတစ်စုသာ ပိုပြီး ကြွယ်ဝချမ်းသာလာကြတာကိုသာ မြင်နေရပါတယ်။ ကျန်းမာရေးနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကလည်း ပိန်လှီနေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေ လမ်းမပေါ်မှာ ဝမ်းစာအတွက် ရုန်းကန်နေကြရတဲ့ မြင်ကွင်းတွေက လျှော့ကျမသွားဘဲ တိုးလာတာကိုသာ တွေ့နေရပါတယ်။

မြန်မာနိုင်ငံဟာ ဘာကြောင့် အောက်ကျနောက်ကျ ဖြစ်သွားရပါသလဲဆိုရင် ကိုယ်ကျိုးအတ္တသာသိတဲ့ စိတ်ဓါတ်ညံ့ဖျင်းတဲ့ အစိုးရအရာရှိတွေအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရလို့ဆိုတာ ယနေ့ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင်လည်း ဝန်ခံထားပြီး ဖြစ်ပါတယ်။ အစိုးရစီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် တိုင်းပြည်ရဲ့ ကဏ္ဍတိုင်းမှာ ချွတ်ခြုံကျသွားခဲ့ရပါတယ်။ အစိုးရရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်မှု ညံ့ဖျင်းပုံကို မကြာလှသေးတဲ့ မဟာသန္တိသုခကျောင်းကို အင်အားသုံး ဝင်ရောက်စီးနင်းမှုဟာ ထင်ရှားတဲ့ ဥပမာတစ်ခုအဖြစ် မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းက အဆင့်အနိမ့်ဆုံး နိုင်ငံတချို့ထက်တောင် နိမ့်နေသေးတဲ့ နိုင်ငံတစ်နိုင်ငံပါ။

တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးက “မလုပ်မပြော လုပ်မှပြော သဘောစင်လှစေ အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့ မလွတ်ချေ” ဆိုတဲ့ သြဝါဒစကား မိန့်မှာထားခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတွေ သဘောစင်ပါရဲ့လား ဆိုတာ အလုပ်နဲ့ အဖြေပေးရမှာပါ။ ယနေ့အထိ ကျေနပ်ဖွယ်အဖြေ မတွေ့သေးပါဘူး။

(Illustration – Cartoon Saw Ngo 2011)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts