U Win Tin ကိုရာဇာ လူများ၊ ရုပ်ပုံလွှာများ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ကိုရာဇာ၊ – ဦးဝင်းတင်နဲ့သူရသတ္တိနဲ့သစ္စာတရား(အဘဦးတင်ဦး)

ဦးဝင်းတင်နဲ့သူရသတ္တိနဲ့သစ္စာတရား(အဘဦးတင်ဦး)
ဦးဝင်းတင်နဲ့နေထိုင်ခြင်း
ကိုရာဇာ၊ ဇွန် ၁၆၊ ၂၀၁၄

အဘဦးဝင်းတင်က ဂုဏ်ယူတာပဲလား တစ်ခုခုမှတ်သားမှုပြုနေတာပဲလားတော့မသိပါ။ “ငါ့ထက် ဦးတင်ဦးက သုံးနှစ်အတိကြီးတယ်ကွ… မွေးတာက တစ်ရက်ထဲ …” ဆိုတာစွဲမြဲပြောဆိုလေ့ရှိတာကို ဂရုပြုမိပါတယ်။ ဟုတ်ပါတယ်။ မတ်လ ၁၂ရက်နေ့မှာ ထူးဆန်းတိုက်ဆိုင်စွာ မွေးဖွားလာတဲ့လူသားနှစ်ဦးရဲ့ ဘ၀ဖြတ်သန်းမှုမတူပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ်  အလေးအမြတ်ပြုတာ ပြည်သူလူထု အပူမီးငြိမ်းစေချင်တာ၊ စစ်တပ်ကြီးကိုသိက္ခာရှိလွန်းစေချင်တာ တွေက တထပ်တည်းတူညီနေပါတယ်။

ကျနော်တို့ကအဘဦးတင်ဦးနဲ့ အရင်ရင်းနှီးရတာဖြစ်ပြီးတော့ အဘဦးဝင်းတင်ကိုတော့ထောင်ထဲက ထွက်လာပြီးကာမှ လူချင်းရင်းတယ်ပြောရမှာပါ။ အဘဦးတင်ဦးနဲ့ ၉၈မှာဆုံကတည်းက အဘဦးတင်ဦးရဲ့ပျော်ရွှင် ထက်သန်စွာနေထိုင်ခြင်းကို လိုလားနှစ်သက်မိပါတယ်။ နောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာ မှာလည်း အဘဦးတင်ဦး ကအံ့သြစရာကောင်းလောက်အောင် လူတစ်ဦးချင်းစီ အဖြစ်ပျက်တစ်ခုချင်းစီကို မှတ်သားမိထားတတ်ပါတယ်။ ဒီအဖိုးအိုနှစ်ယောက်နဲ့ အလုပ်အတူတွဲလုပ်ခဲ့တယ် ဆိုတဲ့ဂုဏ်ဒြပ်တစ်ခုနဲ့တင် ကျနော့်တစ်ဦးချင်းမှာ ကျနော် သေပျော်ပါပြီလို့ပဲ ယူဆအောက်မေ့ထားပါတယ်။

အဘနှစ်ပါးနဲ့ တကယ်နှစ်ပါးသွားရတာ တကယ်မလွယ်တဲ့အချိန်ပေါ့ဗျာ…။ ဟီရိသြတပ္ပတရား မျက် ကန်းနားပိတ်အစိုးရဆိုး စစ်အာဏာချိုးခွာချ ကာလကျပ်ကြီးထဲမှာပဲ ကျနော်တို့ဘ၀တွေ အဖိုးတန်ခဲ့ကြတယ် ပြောရင်လည်းမမှားပါဘူး။ အဘဦးတင်ဦးမတိုင်ခင် အဘဦးဝင်းတင်လွတ်လာပါတယ်။ အဘဦးတင်ဦးလွတ်လာ ခြင်းညမှာပဲအဘဦးဝင်းတင် သွားပြီးနှုတ်ဆက်ကြိုဆိုဖြစ်ပါတယ်။

မှတ်မှတ်ရရ အဘဦးဝင်းတင်က လက်အုပ်ကလေးချီပြီးတော့ “ဗိုလ်ချုပ်” လို့ခေါ်တော့ “ကျနော့်ကို ဗိုလ်ချုပ်မခေါ်ပါနဲ့ဗျာ …” တဲ့။ “ကျနော်စစ်သားမဟုတ်တော့တာ ကြာပါပကောလား …” တဲ့။ အဘဦးတင်ဦးကတော့ အဘဦးဝင်းတင်ကို “ဆရာ” လို့ခေါ်ပါတယ်။ အဲဒီညမှာအဘဦးတင် ဦးရဲ့ပြတ်သားတဲ့ ကြေညာချက်တစ်ခုထွက်လာပါတယ်။ “ကျနော်ဟာ လက်နက်ကြီးငယ် အဖွဲ့အစည်းတနည်းပြော ရရင်တော့စစ်တပ်မှာ အုပ်စုနဲ့သတ္တိရှိကောင်းရှိပါလိမ့်မယ်…။ ဒါပေမယ့်ဓမ္မသတ္တိအရာမှာတော့ ဒေါ်အောင်ဆန်း စုကြည်လိုမရှိပါဘူး …” တဲ့။ ဒီကြေညာချက်ကို အဘဦးဝင်းတင်ကပဲ့တင်ထပ်တယ်။

နောက်တော့နာဂစ်ဥပဒေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ပြင်လာတယ်။ ပါတီမှတ်ပုံတင်ရေးမတင်ရေး ဆွေးနွေး ကြတယ်။ အဘဦးဝင်းတင်က – မတင်ရေး အဘဦးဝင်းတင်ကို အဘဦးတင်ဦးက ပုံအောထောက်ခံလိုက်တယ်…။ အဲ့ဒီနောက်ပိုင်း အဘဦးဝင်းတင်နှုတ်တိုက်ရွရွ ပြောဆိုတတ်တဲ့စကားက….

“ဦးတင်ဦးကျေးဇူးကြီးတယ်ကွာ…တဲ့ ။ သူသာမကယ်ရင် ငါ့အဆိုပြုချက်ရှုံးမယ်။ ပါတီလည်းအစိတ်စိတ်အမွှာမွှာ သဘောမျိုးထိတောင် ဖြစ်သွားနိုင်တယ်။ သူကယ်ပေလို့ပဲ….ပါတီအပေါ် ဦးတင်ဦးကျေးဇူးကြီးလွန်းပါတယ်ကွာ….။”  အမြဲပြောပြောဖြစ်ပါတယ်။

ပါတီမှတ်ပုံမတင်ဘူး ရွေးကောက်ပွဲလည်းမ၀င်ဘူးဆိုတော့မှ ကျနော်တို့စည်းရုံးရေးလုပ်ငန်းစဉ် တွေစတင်ပါတော့တယ်။ အယင်လူကြီးတွေလက်ထက်က Small is Beauty ဆိုတဲ့အယူအဆနဲ့ ပါတီငြိမ်ကုပ် နေရာကနေ စတင်လှုပ်ရှားလာပါပြီ။ မတရားဖမ်းဆီးခံရထားရတဲ့ ထောင်တွင်းက ဆရာတော်သံဃာတော်တွေ ၊ ကျောင်းသားတွေ၊တိုင်းရင်းသားတွေ၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတွေ အိမ်တွေသွားပြီး အားပေးစကားပြော ကြဖို့ မရှိရှိတာလေးပေးဝေမျှကြစို့ရဲ့လို့ အဘတို့နှစ်ယောက် စီစဉ်ခိုင်းတာနဲ့ကျနော် ၊ကိုအေးနိုင်နှစ်ယောက် အကျဉ်းကျမိသားစုများရှိရာ တစ်ပတ်တစ်ကြိမ်ရောက်ဖြစ်ပါတော့တယ်။

ပထမဆုံးသွားတာက ကိုပေါ်ဦးထွန်း ခေါ် မင်းကိုနိုင်တို့အိမ်ဖက်ပါ။ အဘဦးတင်ဦးက အားပေးစကားရှည်လျားစွာဆိုပါတယ်။  ကိုပေါ့်အမေကလည်း စကားပြောပါတယ်။ အဘဦးဝင်းတင်ကို စကားပြောခိုင်းတော့ – အဘက “ရပါပြီဗျာ၊ ဦးတင်ဦးပြောပြီးလုံလောက်တာပဲ” ဆိုပြီးငြင်းပေမယ့် မိသားစုကပြောစေချင်တော့ အဘဦးတင်ဦးကိုယ်တိုင် ၀င်ပြီးတိုက်တွန်းပါတယ်။ ဒီတော့မှ ကိုမင်းကိုနိုင်နဲ့ပတ်သက်ပြီးအဘဦးဝင်းတင်က အမှတ်တရသဘောမျိုး နိုင်ငံရေးစကားတွေပြောပါတော့တယ်။ အဘဦးဝင်းတင်ပြောပြီး ကိုပေါ့်အဖေ အဘဦးသက်ညွန့် ကသူတို့မြို့ကို ဗိုလ်ချုပ်အောင်ဆန်းရောက်လာပုံ ဂျစ်ကားခေါင်းပေါ်တက်ပြီး ခင်ဗျားတို့မြို့သားတွေ စောက်သုံးကိုမကျဘူးလို့ မိန့်ခွန်းပြောသွားတာကို အရွှန်း ဖောက်တော့ တ၀ါးဝါးတဟားဟားပေါ့ဗျာ။ အကျဉ်းကျမိသားစုနဲ့တောင်မတူဘဲ အလှူတစ်ခုမွေးနေ့ပွဲတစ်ခု လိုတောင်ဖြစ်နေပါသေး။( စစ်အာဏာရှင်ကို ခေါင်းဆောင်တွေရော ကျနော်တို့နောက်လိုက်တွေပါ အဲ့ဒီစိတ် ဓာတ်နဲ့တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်)။ ပြီးတော့ အဘဦးဝင်းတင်ကော အဘဦးတင်ဦးကောပါ အဘဦးသက် ညွန့်ကိုထိုင်ကန်တော့ကြပါတယ်။ ( အဘဦးသက်ညွန့်ကအဘဦးတင်ဦးထက် တစ်လကြီးပါတယ်) ဒီမှာတင် ကျနော်တို့တန်ဖိုးထားတဲ့ ခေါင်းဆောင်များဟာ ဂါရ၀တရားမှာလည်း ထိပ်တန်းအဆင့်ရှိပါလားလို့မြင်တွေ့ ကြားသိလိုက်ရဖူးပါသေးတယ်။

ဆိုပါတော့ အဘနှစ်ယောက်ကိုကြိုရင်ကျနော်က အမြဲလိုလိုကြိုရတယ်။ ဒီတော့ဒီခေါင်းဆောင်ကြီး တွေဘာတွေ ဖြတ်သန်းလာရလည်း ဘာတွေတွေးတောကြံစည်နေသလည်း သူတို့ဘယ်လိုစိတ်နေစိတ်ထား နဲ့လူ့အခွင့်အရေး ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသလည်း သူတို့ရဲ့ဘ၀နေနည်း သူတို့ရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်ကိုပါ အနီးကပ်လေ့လာခွင့်ရခဲ့ပါတယ်။ အထူးသဖြင့်တော့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစား တန်ဖိုးထား ခြင်းတရားကို ကျနော်သင်ကြားခွင့်ရခဲ့ပါတယ်။ အဲ့ဒီလိုအကျဉ်းသားအရေးနဲ့ ပတ်သက်ပြီးတိုင်းရင်းသားအိမ်တွေ လည်းရောက်ပါတယ်။ အဘဦးတင်ဦးစကားပြော ပြီးရင်အိမ်ရှင်ဖက်ကပြော ပြီးတော့ပြန်ကြတာများပေမယ့် အဘဦးတင်ဦးပြောတာတွေမှာ မေ့နေတာကျန်နေတာရှိရင် အဘဦးဝင်းတင်က ဥက္ကဌ … ကျနော့်ကိုစကားပြောခွင့် ပေးပါလို့ခွင့်တောင်းပြီး ဖြည့်ပြောတတ်တာလွဲရင် အဘဦးတင်ဦးပြောပြီးပြီးတာများပါတယ်။ “တခါတခါ ဦးတင်ဦးက ချော်တတ်တယ်ကွ” လို့ အဘကမှတ်ချက်ပြုတတ်ပါတယ်။

တစ်ရက်ကျတော့ကျနော်တို့ တောင်ဒဂုံ ၁၈ရပ်ကွက်က လူနာဂေဟာမှာ ဆွမ်းကပ်ပါတယ်။ အဘနှစ် ယောက်ကို ကန်တော့ကြပါတယ်။ ပြီးတော့ အဘတို့နှစ်ယောက်ကို ထမင်းကျွေးဖို့ လုပ်တော့သူတို့လည်းလူနာ တွေနဲ့အတူစားမယ်ဆိုပြီး လက်ရည်တပြင်တည်းစားသွားကြတာ ကျနော်ဆိုမျက်ရည်ဝဲရပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေရဲ့ လူသားတရားဟာမျက်ရည်ကျ လောက်အောင်ကိုလူသားပီသလွန်းခဲ့ပါတယ်။ အဲ့ဒီကနေ အဘနှစ်ယောက်ကိုပြန်ပို့တော့ ထုံးစံအတိုင်းကျနော်ပါ။

အဘဦးဝင်းတင်ကို ကျောက်ကုန်းအိမ် ပို့ပေးခဲ့ပြီး အဘ ဦးတင်ဦးနေတဲ့ ဗောဓိရိပ်သာကိုလိုက်အပို့မှာ “ဟေ့ယောင်ရာဇာရေ … မင်းတော့ဦးဝင်းတင်နဲ့ဘယ်လောက်ရင်း သလည်းငါမသိဘူးကွ။ ဒါပေမယ့် လက်ရှိနိုင်ငံရေးလုပ်မယ်ဆိုရင်ဖြင့် ဦးဝင်းတင်အတွေးအခေါ်၊ အကျင့်အကြံတွေ နမူနာယူကြ သူကစံပြပဲလို့ …” ဆိုပါတယ်။ ကျနော်တို့ရဲ့ထုံးစံ ညနေပိုင်းအဘဦးဝင်းတင်ကိုပြောပြတော့ အဘဦးဝင်းတင် ရှက်စနိုးဖြစ်နေတာမြင်ဖူးပါတယ်။ ပြီးတော့မှ …

“မဟုတ်ဘူးကွ ။ ငါ့ကိုနမူနာယူရမှာမဟုတ်ဘူး။ သူ့ကိုနမူနာယူကြရမှာ။ သူက မှတ်ဉာဏ်ကလည်းကောင်း။ လူတွေကိုလည်းမှတ်မိ။ စကားပြောလည်းရွှန်းရွှန်းကိုဝေအောင်ပြောနိုင်၊ စည်းရုံးရေးအားကလည်း  ကောင်းတယ်။ သတ္တိကလည်းကောင်း၊ စွဲမြဲမှုမှာလည်း တခြားစစ်သားတွေလိုဖောက်ပြားမှုမရှိ။ ကာကွယ်ရေးဦးစီးချုပ်ဟောင်းကွ။ ကာကွယ်ရေးဝန်ကြီးဟောင်း။ သူကိုယ်တိုင်ပြောတဲ့စကား ငါတော့အတော်လေးတန်ဖိုးထားတယ်ကွ။ သူနိုင်ငံရေး လုပ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်အရိပ်ခိုလုပ်နေတာ ဆိုတာ အင်မတန်စစ်သားစကားပီသတယ်။ အင်မတန် ယောက်ကျားကောင်းပီသတဲ့စကား။  မင်းမယုံရင်ကြည့်ပါ … တပ်မတော်ခေါင်းဆောင်တွေ ဖလော် ဆော်ဖီပြောင်းရင် တပ်မတော်တစ်ခုလုံး သူပြောတဲ့စကားကိုလိုက်ပြောကြရလိမ့်မယ်။”

တကယ်တမ်းကျတော့ နှစ်ယောက်စလုံးဆီကနေ နမူနာယူပြီးလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ စစ်သား ရင့်မတစ်ယောက်နဲ့ သတင်းစာဆရာရင့်မနှစ်ယောက်စလုံးဟာ သူတော်ကောင်းတရားတွေကျင့်ကြံနေကြပါ လား၊ သူတော်စင်အကျင့်အကြံတွေအားထုတ်နေပါ့လား … ငါတို့လူဖြစ်တော်ပေစွဆိုတဲ့ အတွေးကလေးရပါတယ်။ အခုတော့ဖြင့် သတင်းစာဆရာရင့်မကြီးကတော့ ကြွေလွင့်သွားပါပြီ ကျန်ရှိနေတဲ့ စစ်သားရင့်မကြီး စစ်သားစစ်စစ်ကြီး အဘဦးတင်ဦးကို အဘဦးဝင်းတင်လမ်းစဉ်နဲ့ ၀န်းရံကြပါစို့ရဲ့ဗျာ။

(တကယ်တမ်းမတော့ ဒီအဘနှစ်ယောက် အကြောင်းကဒီလောက်ကလေးမဟုတ်ပါဘူး။ ရေးစရာတွေအများကြီးကျန်နေပါသေးတယ်။ အခုကတော့ ကျနော် တို့နဲ့တိုက်ရိုက်ပတ်သက်ခဲ့တဲ့ အခန်းလေးပဲ ကွက်ရေးမိတာခွင့်လွတ်ပါ။ ဒီအဘနှစ်ယောက်အကြောင်း ရေးကောင်းတာတွေ ကျနော်ဆက်ရေးပါ့မယ်လို့ … … …)

Photo Credit – enigmaimages.photoshelter.com1000 × 665Search by image

U Win Tin and U Tin Oo


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts