သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – ဒီမိုကရေစီစနစ်ကို မှန်ကန်စေခြင်း

 

(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၂၊ ဇွန်လ၊ ၂၀၁၄)

 

ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!

 

The Economist (March 1, 2014)

(ဘာသာပြန်သူ၊ အောင်ဒင်)

 

အပိုင်း (၄) ဒီမိုကရေစီစနစ်ကို မှန်ကန်စေခြင်း (Getting Democracy Right)

 

ဂျိမ်းမဲဒီဆင် (James Madison)၊ ဂျွန်စတူးဝတ်မီလ် (John Stuart Mill) စတဲ့ ခေတ်ပေါ်ဒီမိုကရေစီစနစ် ကို မူလတည်ထောင်သူများရဲ့ အင်မတန်အံ့ဩစရာကောင်းလှတဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ အမြင်ကျယ်မှုပါပဲ၊ သူတို့တွေက ဒီမိုကရေစီဟာ အင်မတန်အားကောင်းလှပေမည့် မပြည့်စုံသေးတဲ့ စနစ်တစ်ခု (A Powerful but Imperfect Mechanism) ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ သက်ဆိုင်ရာနိုင်ငံအလိုက် လူတွေရဲ့ ဖန်တီးနိုင်စွမ်းကို အစွမ်းကုန်အသုံးချနိုင်အောင်နဲ့ လူတွေရဲ့ ဆန့်ကျင်တတ်တဲ့စိတ်ကို ထိန်းသိမ်းနိုင်အောင် ဂရုတစိုက်ပုံသွင်းတည်ဆောက်ရမယ်လို့ သူတို့က ဆိုပါတယ်၊ ဒါ့အပြင် စက်ယန္တယားတစ်ခုကို ထိန်းသိမ်းသလို အမြဲမပြတ် ချောဆီထည့်ရမယ်၊ အကောင်းဆုံးအလုပ်လုပ်နိုင်တဲ့ အခြေအနေမှာ အမြဲတမ်းရှိနေအောင် ဂရုစိုက်ရမယ်၊ လိုအပ်သလို ညှိနှိုင်းပြင်ဆင်လို့ အလုပ်ဖြစ်စေရမယ်လို့ လည်းဆိုကြပါတယ်၊

 

ဒီမိုကရေစီစနစ်ကို စတင်တည်ဆောက်စအချိန်မှာ အမြင်ကျယ်ဖို့ အထူးတလည်လိုအပ်လှပါတယ်၊ သိပ်မကြာသေးတဲ့ကာလအတွင်း ထွန်းသစ်စဒီမိုကရေစီနိုင်ငံအတော်များများမှာ ဒီမိုကရေစီစနစ်မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ကတော့ အစိုးရတွေဟာ ရွေးကောက်ပွဲအပေါ် အထူးတလည်အရေးပေး အာရုံစိုက်လွန်းပြီး ဒီမိုကရေစီအတွက်လိုအပ်တဲ့ အခြားအစိတ်အပိုင်းများကို လှစ်လျူရှုခဲ့ကြတာ ဖြစ်ပါတယ်၊ ဥပမာအားဖြင့် အစိုးရရဲ့ အာဏာကို စစ်ဆေးထိန်းကြောင်းမှု လိုအပ်ပါတယ်၊ လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်တွေ အာမခံချက်ရှိရပါမယ်၊ အောင်မြင်မှုအရဆုံး ဒီမိုကရေစီနိုင်ငံသစ်တွေ ဘာကြောင့်အောင်မြင်သလဲဆိုတာ လေ့လာကြည့်တဲ့အခါ အဲဒီနိုင်ငံတွေဟာ လူများစုဝါဒရဲ့ ဖျားယောင်းမှုတွေ (Temptation of Majoritarianism) ကို ရှောင်ကြဉ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်၊ ဆိုလိုတာက ရွေးကောက်ပွဲမှာ အနိုင်ရခြင်းဖြင့် လူများစုအနိုင်ရပါတီက သူတို့လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပြီဆိုတဲ့ ယုံကြည်မှုမျိုးကို ရှောင်ကြဉ်နိုင်ခဲ့တာပါ၊ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ၁၉၄၇ ခုနှစ်က စလို့ (အရေးပေါ်အခြေအနေအုပ်ချုပ်ခဲ့ရတဲ့ နှစ်အနည်းငယ်ကလွဲရင်) ရှင်သန်ခဲ့ပါတယ်၊ ဘရာဇီးနိုင်ငံမှာလည်း ဒီမိုကရေစီဟာ ၁၉၈၅ ခုနှစ်လစလို့ ရှင်သန်ခဲ့ပါတယ်၊ ဒီနှစ်နိုင်ငံလုံးမှာ အနိုင်ရသူလူများစုက လုပ်ချင်ရာလုပ်နိုင်တယ်ဆိုတဲ့ အယူအဆကို ရှောင်ရှားခဲ့ကြပါတယ်၊ နှစ်နိုင်ငံစလုံးက အစိုးရရဲ့ အာဏာကို အကန့်အသတ်တစ်ခုအတွင်းမှာ ထားပြီး လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးတွေကိုလည်း အာမခံချက်ပေးပါတယ်၊

 

ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ကာလရှည်ကြာတည်ငြိမ်မှုကို အထောက်အကူပြုရုံတင်မက၊ ကျေနပ်မှုမရှိတဲ့ လူနည်းစုက အစိုးရကို ပုန်ကန်ဆန့်ကျင်မည့် အလားအလာတွေကိုလည်း လျှော့ချပေးပါတယ်၊ ဒီဖွဲ့စည်းပုံတွေက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုပြီးဆင်းရဲတွင်းနက်စေတဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်ဖို့ အားကောင်းစေတယ်၊ တစ်ပြိုင်တည်းမှာပဲ ထွန်းသစ်စဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲအနိုင်ရ လူများစုက လုပ်ချင်ရာလုပ်ခွင့်ရှိတယ်ဆိုပြီး အစိုးရရဲ့ အာဏာကို ပိုမိုချဲ့ထွင်အသုံးချလာတဲ့အခါ ဒီမိုကရေစီစနစ်ဟာ ဆုတ်ယုတ်မှုဆီဦးတည်နေပြီဆိုတဲ့ ပထမဆုံး လက္ခဏာဖြစ်ပါတယ်၊ အီဂျစ်သမ္မတဟောင်း မစ္စတာ မော်စီက အီဂျစ်နိုင်ငံရဲ့ အထက်လွှတ်တော်ကို သူ့ပါတီဖြစ်တဲ့ မူဆလင်ညီနောင်များအဖွဲ့က လူတွေနဲ့ လွှမ်းမိုးနေရာယူဖို့ ကြိုးစားခဲ့တယ်၊ ယူကရိန်းသမ္မတဟောင်း မစ္စတာ ယာနူကိုဗစ်ခ်ျက ယူကရိန်းပါလီမန်ရဲ့ အာဏာကို လျှော့ချဖို့ ကြိုးစားခဲ့တယ်၊ ရုရှားသမ္မတ မစ္စတာ ပူတင်က ပြည်သူလူထုဆိုတဲ့ စကားလုံးကို သုံးပြီး လွတ်လပ်သောနိုင်ငံပြုအဖွဲ့အစည်းများရဲ့ အသံကို လှစ်လျူရှုခဲ့တယ်၊ အာဖရိကတိုက်က နိုင်ငံ့ခေါင်းဆောင်အတော်များများဟာ အနိုင်ရအများစုအာဏာကို အကြီးအကျယ်အသုံးချပြီး သမ္မတသက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားတာ၊ ယူဂန္ဓာသမ္မတ ယိုဝယ်ရိ မူစဲဗဲန်းနီ (Yoweri Museveni) ဆိုရင် လိင်တူဆက်ဆံမှုအပေါ် ပြစ်ဒဏ်တိုးချဲ့တာ စသဖြင့် ဆောင်ရွက်နေကြပါတယ်၊

 

ပြည်ပနိုင်ငံများက ခေါင်းဆောင်တွေအနေနဲ့ အဲဒီလို နိုင်ငံတစ်ခုမှာ လွတ်လပ်မှုတွေကို ကန့်သတ်တဲ့အပြုအမူတွေကို သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေက ကျူးလွန်နေတာကို အများစုက ထောက်ခံသည်ပဲထားဦး၊ ကျယ်ကျယ်လောင်လောင် ဝေဘန်ပြောဆိုသင့်ပါတယ်၊ ဒါပေမည့် ဒီလို ဒီမိုကရေစီဘောင်ထဲက ဒီမိုကရေစီမဆန်မှုတွေကို တကယ်တမ်း လေ့လာသင့်သူတွေကတော့ ခေတ်ပေါ်ဒီမိုကရေစီကို ဖန်တီးသူများဖြစ်ကြပါတယ်၊ နိုင်ငံတော်အဖွဲ့အစည်းများအကြား ခိုင်မာအားကောင်းတဲ့ အပြန်အလှန်စစ်ဆေးထိန်းကြောင်းမှု (Robust Checks and Balances) ဟာ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ရာမှာ လူတိုင်း မဲပေးခွင့်ရှိဖို့လို့ပဲ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်ဆိုတာကို သူတို့ အသိအမှတ်ပြုရမှာပါ၊ ထုံးတမ်းစဉ်လာမဟုတ်ပဲ ပြောရမယ်ဆိုရင် အာဏာရှင်တစ်ယောက်ဖြစ်လာမည့် အလားအလာရှိသူများဟာ အီဂျစ်နဲ့ ယူကရိန်းက အဖြစ်အပျက်တွေကို လေ့လာပြီး သင်ခန်းစာယူနိုင်ပါတယ်၊ တကယ်လို့များ မစ္စတာ မော်စီနဲ့ မစ္စတာ ယာနူကိုဗစ်ခ်ျတို့ဟာ သူတို့ရဲ့ အာဏာတွေကို ချဲ့ထွင်ခြင်းဖြင့် နိုင်ငံသားတွေကို ဒေါသထွတ်အောင် မလုပ်ခဲ့ကြဘူးဆိုရင် အခုလို တစ်ယောက်က သူ့ရဲ့ ကျန်တဲ့ ဘဝသက်တမ်းကို အကျဉ်းထောင်နဲ့ အီဂျစ်တရားရုံးတော်ရှေ့မှောက်က တရားခံထိုင်ခုံပေါ်မှာ ကုန်ဆုံးရမှာ မဟုတ်သလို တစ်ယောက်ကလည်း တိုင်းပြည်ကနေ ထွက်ပြေးရမှာ မဟုတ်ပါ၊

 

ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းတဲ့ နိုင်ငံများမှာ နေထိုင်သူများတောင်မှ သူတို့နိုင်ငံရေးစနစ်ရဲ့ ပိသုကာများကို နီးနီးကပ်ကပ်စောင့်ကြည့်လေ့လာသင့်ပါတယ်၊ ကမ္ဘာပြုခြင်း (Globalization) နဲ့ အင်တာနက်တော်လှန်ရေး (Digital Revolution) တွေက ဒီမိုကရေစီစနစ်ရဲ့ ဂုဏ်ယူအားထားရတဲ့ အခြေခံအဖွဲ့အစည်းအချို့ကို ခေတ်ကုန်ဆုံးစေခဲ့ပါပြီ၊ ရင့်ကျက်ခိုင်မာပြီးသား ဒီမိုကရေစီနိုင်ငံများအနေနဲ့ တိုင်းပြည်အတွင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ပြင်ပကမ္ဘာမှာ ပျက်စီးစပြုနေတဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်ကို ပြန်လည်ရှင်သန်စေဖို့ သူတို့တိုင်းပြည်များရဲ့ နိုင်ငံရေးစနစ်များကို ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်၊ အခုဆို အမေရိကန် အထက်လွှတ်တော်မှာ ပြင်ဆင်လိုက်တဲ့ စည်းမျဉ်းတွေကြောင့် အထက်လွှတ်တော်အမတ်တစ်ယောက်ဟာ သမ္မတအဆိုပြုတဲ့ ရာထူးခန့်အပ်မှုတွေကို အရင်ကလို အလွယ်တကူ ပိတ်ဆို့တားဆီးလို့ မရတော့ပါ၊ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့မှာ အားလုံးပါဝင်ခွင့်ရှိတဲ့ အကြိုရွေးကောက်ပွဲတွေကို စတင်ခွင့်ပြုနေပြီး အရင်တုံးက အနိုင်ရပါတီက တာဝန်ယူရေးဆွဲတဲ့ လွှတ်တော်မဲဆန္ဒနယ် နယ်နမိတ်ပြန်လည်ရေးဆွဲမှုကို လွတ်လပ်တဲ့ ကော်မရှင်လက်ထဲ အပ်လိုက်ကြပါပြီ၊ အခြား သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း အခြေအနေကို တိုးတက်စေပါလိမ့်မယ်၊ နိုင်ငံရေးပါတီများ ရန်ပုံငွေရှာဖွေခြင်းဆိုင်ရာ အပြောင်းအလဲများလုပ်ပြီး အားလုံးသော အလှူငွေထည့်ဝင်သူများရဲ့ အမည်နဲ့ ထည့်ဝင်မှုပမာဏကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာရမယ်ဆိုရင် အခွင့်အရေးမျှော်အုပ်စုများရဲ့ နိုင်ငံရေးပါတီများအပေါ် ဩဇာလွှမ်းမိုးမှုတွေ လျှော့ချနိုင်ပါလိမ့်မယ်၊ ဥရောပပါလီမန်က အမတ်တွေအားလုံး သူတို့ရဲ့ အသုံးစားရိတ်ကို ဘောက်ချာများနဲ့ အတူတကွ တင်သွင်းဖို့ စည်းကမ်းချမှတ်ဖို့ လိုအပ်ပါတယ်၊ အီတလီနိုင်ငံရဲ့ လွှတ်တော်နှစ်ခုမှာ ပါလီမန်အမတ်အရေအတွက်များလှပြီး အမတ်တွေကို ပေးတဲ့ လစာငွေကလည်း များလှပါတယ်၊ လွှတ်တော်နှစ်ရပ်စလုံးကလည်း အာဏာတူအဖွဲ့အစည်းများဖြစ်လို့ ဥပဒေတစ်ရပ်ပြဋ္ဌန်းအတည်ပြုနိုင်ဖို့ ခက်ခဲလှပါတယ်၊

 

ဒါပေမည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲလိုသူများဟာ ဒီ့ထက်ပိုပြီး ရည်မှန်းချက်ကြီးဖို့ လိုပါတယ်၊ အခွင့်အရေးမျှော်အုပ်စုများ (Interest Groups) ရဲ့ လွှမ်းမိုးမှုကို ရှောင်နိုင်မည့် အကောင်းဆုံးနည်းလမ်းကတော့ အစိုးရက အများပြည်သူကို ပေးနိုင်တဲ့၊ ပေးဖို့လိုအပ်တဲ့ ကတိကဝတ်တွေကို၊ တာဝန်ခံမှုတွေရဲ့ အရေအတွက်ကို ကန့်သတ်ခြင်းပဲဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ နိုင်ငံရေးသမားများအပေါ် မယုံကြည်မှုကို တုန့်ပြန်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးသမားများအနေနဲ့ ကတိနည်းနည်းပဲ ပေးဖို့နဲ့ အဲဒီကတိကို တည်အောင်ကြိုးစားဖို့ဖြစ်ပါတယ်၊ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ အရေးကြီးဆုံး သော့ချက်ကို တိုတိုတုတ်တုတ်ပြောရရင် အစိုးရရဲ့ အခန်းကဏ္ဏကို ကျဉ်းမြောင်းစေခြင်းပါပဲ၊

 

ဒါဟာဖြင့် အမေရိကန်တော်လှန်ရေးခေတ်ကတည်းက ရှိခဲ့တဲ့ သဘောတရားပါ၊ အမေရိကန်ဖွဲ့စည်းပုံကို ရေးဆွဲသူတစ်ဦးလည်းဖြစ်၊ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတလည်းဖြစ်တဲ့ ဂျိမ်းမဲဒီဆင် (James Madison) က ဒီလို ပြောခဲ့ပါတယ်၊ “လူတွေက လူတွေကို ပြန်ပြီးအုပ်ချုပ်မည့် အစိုးရတစ်ရပ်ဖွဲ့စည်းမှုကို ရေးဆွဲတဲ့အခါ အကြီးမားဆုံးအခက်အခဲက ပထမအဆင့်မှာ အစိုးရက အုပ်ချုပ်ခံပြည်သူများကို ထိန်းချုပ်နိုင်စွမ်းရှိအောင် ဖန်တီးပေးဖို့လိုတယ်၊ နောက်တစ်ဆင့်မှာ အစိုးရက သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိဖို့လိုတယ်”၊ “ကန့်သတ်မှုရှိသော အစိုးရ” (Limited Government) ဆိုတဲ့ နားလည်မှုက ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ကြရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (The United Nations Charter) (၁၉၄၅) နဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) (၁၉၄၈) တွေက ဘယ်တိုင်းပြည်ကမှ အများသဘောတူထောက်ခံပါတယ်ဆိုပြီး ကန့်သတ်လို့၊ ချိုးဖောက်လို့ မရတဲ့ အခွင့်အရေးနဲ့ စံသတ်မှတ်မှု(Rights and Norms) တွေကို ပြဋ္ဌန်းပေးခဲ့ပါတယ်၊

 

အဲဒီအပြန်အလှန်စစ်ဆေးထိန်းကြောင်းမှုတွေ ပြဋ္ဌန်းဖို့ အာဏာရှင်စနစ်ပေါ်ပေါက်လာမှာကို ကြောက်ရွံ့စိတ်တွေက တွန်းအားပေးခဲ့ပါတယ်၊ ဒါပေမည့် ဒီကနေ့မှာ၊ အထူးသဖြင့် အနောက်နိုင်ငံများမှာ ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့ အန္တရယ်တွေကို ဖော်ပြဖို့ မခက်ခဲလှပါ၊ အကြောင်းတစ်ခုကတော့ နိုင်ငံတော် (အစိုးရ) ရဲ့ အရွယ်အစားကြီးမားလာမှုပါ၊ အဆက်မပြတ်ချဲ့ထွင်နေတဲ့ အစိုးရအာဏာက ပြည်သူလူထုရဲ့ လွတ်လပ်မှုတွေကို လျှော့ချပြီး အကျိုးစီးပွါးမျှော်အုပ်စုတွေကို ပိုပြီး ဩဇာရှိစေပါတယ်၊ နောက်အကြောင်းတစ်ချက်ကတော့ အစိုးရတွေဟာ သူတို့ မဖြည့်ဆီးနိုင်တဲ့ ကတိကဝတ်တွေကို အလွန်အကျွံပေး တတ်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်၊ ကတိတွေကို မဖြည့်ဆီးနိုင်တဲ့အခါ နောင်နှစ်ပေါင်းများစွာမှ ပေးရမည့် အကျိုးခံစားခွင့်တွေ (Entitlements) ဖန်တီးတာ (အခုမပေးရ ပြီးရော)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလို မနိုင်နိုင်တဲ့ စစ်ပွဲတွေကို ဆင်နွှဲပြီး လူထုကို အာရုံပြောင်းစေတာတွေ ဖြစ်လာပါတော့တယ်၊ အစိုးရနဲ့ ပြည်သူ နှစ်ဘက်စလုံးက အစိုးရရဲ့ အခန်းကဏ္ဏနဲ့ အာဏာကို လျှော့ချခြင်းနဲ့ အစိုးရထံမှ မျှော်လင့်နိုင်တာ (အစိုးရက ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာ) ကို လျှော့ချခြင်းဖြင့် ရရှိမည့် ရေရှည်အကျိုးစီးပွါးတွေကို နားလည်လက်ခံသင့်ပါတယ်၊

 

ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်များမှာ ငွေရေးကြေးရေးမူဝါဒချမှတ်ခြင်းအာဏာကို အစိုးရများထံမှ လွတ်လပ်သော ဗဟိုဘဏ်များကို လွှဲပြောင်းပေးခဲ့တဲ့အတွက် ကမောက်ကမဖြစ်နေတဲ့ ငွေဖောင်းပွမှုနှုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ အလားတူပဲ အခုအချိန်ဟာ အစိုးရများရဲ့ အာဏာကို ကျယ်ပြန့်များပြားလှသော မူဝါဒချမှတ်ခြင်းများမှ လျှော့ချရမည့် အချိန်ရောက်နေပါပြီ၊ ဒီမိုကရေစီစနစ် ခိုင်မာရင့်ကျက်ပြီးသား နိုင်ငံများမှာလည်း ထွန်းသစ်စဒီမိုကရေစီနိုင်ငံများနည်းတူ သင့်တင့်လျောက်ပါတ်တဲ့ အပြန်အလှန်စစ်ဆေးထိန်းကြောင်းမှုအစီအစဉ်များနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေရဲ့ အာဏာကို ကန့်သတ်ဖို့ လိုအပ်ပါတယ်၊

 

အစိုးရတွေကိုယ်တိုင်က ကိုယ့်ဖာသာ ထိန်းချုပ်ကန့်သတ်တာကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နိုင်ပါတယ်၊ ဥပမာအားဖြင့် ဆွီဒင်အစိုးရက သူ့နိုင်ငံရဲ့ ဘတ်ဂျက်ကို နှစ်အပိုင်းအခြားတစ်ခုအတွင်းမှာ ဝင်ငွေ၊ ထွက်ငွေမျှတစေရမည်လို့ ကတိကဝတ်ပြုပြီး တင်းကြပ်တဲ့ငွေရေးကြေးရေးသုံးစွဲမှု စည်းမျဉ်းတွေချမှတ် အကောင်အထည်ဖော်တာမျိုး၊ နိုင်ငံမှာ ပြဋ္ဌန်းထားတဲ့ ဥပဒေတိုင်းကို အနည်းဆုံး (၁၀) နှစ်တစ်ခါ ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုပြင်ဆင်ရေးဆွဲရမည့် ကာလစည်းကမ်းသတ်မှတ်ချက် (Sunset Clauses) တွေ ဥပဒေတိုင်းမှာ ထည့်သွင်းတာမျိုး၊ အစိုးရကနေ ဘယ်နိုင်ငံရေးပါတီကိုမှ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး ရေရှည်ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲရေးတွေကို အကြံပြုစေတာမျိုး၊ စသည်ဖြင့်ပါ၊

 

ဆွီဒင်နိုင်ငံဟာ လွတ်လပ်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်များဖြစ်တဲ့ ဝန်ထမ်းများရဲ့ “အငြိမ်းစားခံစားခွင့် (Pensions) ရန်ပုံငွေ အများစုကို ပုဂ္ဂလိကပိုင်ပြုဖို့ (Private Pensions) နဲ့ အငြိမ်းစားယူခွင့်အသက်သတ်မှတ်ချက် (Retirement Age) ကို နိုင်ငံသားများရဲ့ လူ့သက်တမ်းခန့်မှန်းချက် (Life-Expectancy) နဲ့ ဆက်နွယ်သတ်မှတ်ဖို့” စတဲ့ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အငြိမ်းစားလစာခံစားခွင့်ရန်ပုံငွေစနစ် ပြိုလဲပျက်စီးမည့်အရေးမှ ကယ်တင်နိုင်ခဲ့ပါတယ်၊ ချီလီနိုင်ငံဟာဆိုရင်လည်း တိုင်းပြည်ရဲ့ အဓိကသယံဇာတပစ္စည်းဖြစ်တဲ့ ကြေးနီကို မတည်ညိမ်တဲ့ ဈေးကွက်မှာ အကျိုးရှိရှိရောင်းချနိုင်ပြီး ကြေးနီရောင်းချလို့ရတဲ့ ဘတ်ဂျက်ပိုငွေတွေကို အခုချက်ချင်းသုံးစွဲစေချင်တဲ့ ပြည်သူလူထုရဲ့ ဖိအားပေးမှုကိုလည်း အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပါတယ်၊ ချီလီအစိုးရက နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ ဘတ်ဂျက်မှာ ပိုငွေပြစေမည့် တင်းကြပ်တဲ့ဘဏ္ဏာရေးမူဝါဒတွေ ချမှတ်ခဲ့ပြီး စီးပွါးရေးမတည်ညိမ်မှုကို ထိန်းချုပ်နိုင်ရေး အကြံပေးဖို့ ကျွမ်းကျင်သူများနဲ့ လွတ်လပ်တဲ့ ကော်မရှင်ဖွဲ့စည်းခဲ့ပါတယ်၊

 

အဲဒီလို ရွေးကောက်ခံအစိုးရကိုယ်တိုင်က သူ့ရဲ့ အာဏာကို သူ့ဖာသာ ကန့်သတ်လျှော့ချတာဟာ ဒီမိုကရေစီစနစ်ကို အားနည်းစေနိုင်တယ် မဟုတ်လားလို့ မေးစရာ အကြောင်းရှိပါတယ်၊ အမြဲတမ်းတော့ မဟုတ်ပါ၊ လူထုတောင်းဆိုသမျှ အားလုံးကို မလိုက်ရောဖို့ အစိုးရကိုယ်တိုင်က ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်တာဟာ၊ အထူးသဖြင့် တိုင်းပြည်ကို စီးပွါးပျက်ပြီး လူမှုရေးပဋ္ဋိပက္ခတွေဆီ တွန်းပို့မည့် စီးပွါးရေးမူဝါဒမျိုးကို ပြည်သူတွေ မဲမပေးနိုင်အောင် ကာကွယ်တာ၊  လူများစုက အနိုင်ကျင့်နေတဲ့ လူနည်းစုကို ကာကွယ်စောင့်ရှောက်တာတွေဟာ ဒီမိုကရေစီစနစ်ကို ပိုပြီးအားကောင်းစေပါတယ်၊ ဒါပေမည့် ကျွမ်းကျင်သူပညာရှင်များကို အားကိုးတာဝန်ပေးရာမှာလည်း အလွန်အကျွံဖြစ်နိုင်တာတွေ ရှိပါတယ်၊ ကျွမ်းကျင်သူပညာရှင်များကို ကော်မရှင်ဖွဲ့စည်းပြီး အာဏာအချို့ခွဲဝေပေးတဲ့ အခါမှာ အကန့်အသတ်ရှိဖို့လိုပါတယ်၊ ကျွမ်းကျင်သူများရဲ့ မူဝါဒရေးရာအကြံညဏ်များတောင်းခံရာမှာလည်း ငွေရေးကြေးရေးမူဝါဒလို၊ အငြိမ်းစားလစာရန်ပုံငွေဆိုင်ရာမူဝါဒလို ကြီးမားတဲ့ အခန်းကဏ္ဏအချို့အတွက်သာ ဖြစ်သင့်ပြီး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုရှိရပါမယ်၊

ကျွမ်းကျင်သူပညာရှင်များကို ကိုယ်စားပြုအာဏာအပ်နှင်းပြီး မူဝါဒဆိုင်ရာ အကြံပြုခွင့်ပေးသလို သာမာန်ပြည်သူများကိုလည်း အရေးကိစ္စအချို့မှာ ဆုံးဖြတ်ခွင့်အာဏာပေးခြင်းဖြင့် မျှတအောင် လုပ်သင့်ပါတယ်၊ ဒီနေရာမှာ သတိပြုရမှာက အင်အားကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်မှု (Globalism)   နဲ့ ဒေသဆိုင်ရာဦးစားပေးမှု (Localism) အမွှာအတွေးအခေါ် နှစ်ခုကို လှစ်လျူရှုဖို့၊ ဆန့်ကျင်ဖို့မဟုတ်ပဲ လက်ခံပြီး စနစ်တကျအသုံးပြုဖို့နဲ့ အကျိုးပြုအောင်ဖန်တီးဖို့ ဖြစ်ပါတယ်၊ ဒီအတွေးအခေါ်နှစ်ခုကို မှန်မှန်ကန်ကန် မျှမျှတတ လက်ခံကျင့်သုံးနိုင်မယ်ဆိုရင် ခိုင်မာအားကောင်းပြီးသား ဒီမိုကရေစီနိုင်ငံတွေကို အပေါ်ဘက်က တိုက်ခိုက်ခဲ့တဲ့ ကမ္ဘာပြုခြင်း၊ အောက်ဘက်ကနေ တိုက်ခိုက်ခဲ့တဲ့ အကျိုးစီးပွါးမျှော်အုပ်စုများနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ မြင့်မားလာခြင်း (အသေးစားအာဏာများ မြင့်တက်မှု) တွေဟာ ဒီမိုကရေစီကို ဆုတ်ယုတ်စေနိုင်မှာမဟုတ်ပဲ ပိုလို့တောင် အားဖြည့်အားကောင်းစေမှာ ဖြစ်ပါတယ်၊

 

အလက်ဆစ် ဒီတော်ကူဗဲလ် (Alexis de Tocqueville) ကဒေသဆိုင်ရာ ဒီမိုကရေစီကျင့်သုံးမှုဟာ ဒီမိုကရေစီစနစ်ကို မကြာခဏဆိုသလို အကောင်းဆုံးကိုယ်စားပြုမှုဖြစ်တယ်လို့  ငြင်းချက်ထုတ်ခဲ့ပါတယ်၊ သူက “မူလတန်းကျောင်းတွေက သိပံ္ပပညာကို ကိုယ်စားပြုပြီး မြို့တော်ကောင်စီအစည်းအဝေးတွေ (Town-Meetings) က လွတ်လပ်မှုကို ကိုယ်စားပြုတယ်” လို့ပြောပါတယ်၊ “အဲဒီအစည်းအဝေးတွေက လွတ်လပ်မှုဆိုတာကို လူတိုင်းလက်လှမ်းမီနိုင်တဲ့ နေရာကို သယ်ဆောင်လာတယ်၊ အဲဒီအစည်းအဝေးတွေက လူတွေကို လွတ်လပ်ခွင့်ကို ဘယ်လိုအသုံးချပြီး ဘယ်လိုခံစားကြရမယ်ဆိုတာကို သင်ပြပေးတယ်၊” လို့သူကပြောပါတယ်၊ ပုံမှန်အားဖြင့် မြို့တော်ဝန်တွေဟာ လူထုထောက်ခံမှုမှာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေထက် နှစ်ဆလောက် မြင့်မားတတ်ကြတယ်၊ ခေတ်ပေါ်နည်းပညာတွေက အလက်ဆစ် ဒီတော်ကူဗဲလ် ရည်ညွှန်းတဲ့  မြို့တော်ကောင်စီအစည်းအဝေးတွေကို ခေတ်ပေါ်အဆင်အယင်နဲ့ အင်တာနက်ပေါ်မှာ ဖန်တီးပြီး ပြည်သူလူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု၊ ပါဝင်ပါတ်သက်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို တိုးမြှင့်ပေးနိုင်လိမ့်မယ်၊ အင်တာနက်ပေါ်မှာ အဆုံးမရှိတဲ့ အကြောင်းအရာပေါင်းစုံကို လူတိုင်းက မဲပေးနိုင်ကြတာဟာ အကျိုးမျှော်အုပ်စုများရဲ့ အကျိုးစီးပွါးအတွက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်၊ ဒါပေမည့် ခေတ်မီနည်းပညာတွေကို အသုံးချပြီး ဒီမိုကရေစီကျင့်သုံးတာနဲ့ ရပ်ကွက်ထဲက မဲရုံမှာ လူကိုယ်တိုင်မဲပေးပြီး ဒီမိုကရေစီကို တိုက်ရိုက်ကျင့်သုံးတာ နှစ်ခု တစ်ခုကိုတစ်ခု အပြန်အလှန် စစ်ဆေးထိန်းကြောင်းနိုင်ကြတယ်၊ ဥပမာအားဖြင့် လွတ်လပ်တဲ့ ဘတ်ဂျက်ကော်မရှင်တွေက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် ကုန်ကျစားရိတ်နဲ့ ဖြစ်နိုင်စွမ်းအခြေအနေတွေကို ခန့်မှန်းနိုင်ကြလိမ့်မယ်၊

 

နေရာအနှံ့အပြားမှာ အဲဒီလို ရောယှက်ကျင့်သုံးမှုတွေ မှန်မှန်ကန်ကန်နဲ့ တိုးတက်မှုတွေရနေပါပြီ၊ အားတက်စရာအကောင်းဆုံး ဥပမာကတော့ အမေရိကန်ပြည်ထောင်စုက ကယ်လီဖိုးနီးယားပြည်နယ် (State of California) ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ကျင့်သုံးခြင်းက ပြည်နယ်အသုံးစားရိတ်မြှင့်တင်ခြင်းနဲ့ ဝင်ငွေခွန်လျှော့ချခြင်းစတဲ့ အရေးကြီးပြီး ရှုပ်ထွေးတဲ့ ကိစ္စတွေမှာ လူထုကို မဲပေးဆုံးဖြတ်ခွင့်ပေးပေမည့် သက်ဆိုင်ရာ ပါတီတစ်ခုရဲ့ ပါတီဝင်များကိုသာ မဲပေးခွင့်ပြုတဲ့ ပါတီကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲတွေ (Primaries) နဲ့ အာဏာရပါတီက ထင်သလို ချယ်လှယ်နိုင်တဲ့ လွှတ်တော်မဲဆန္ဒနယ် နယ်နမိတ်ပြန်လည်ရေးဆွဲခြင်းတွေက အစွန်းရောက်မှုတွေကို ခိုင်မာအားကောင်း စေခဲ့ပါတယ်၊  ဒါပေမည့် ကျန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်၊ ဒီ့အတွက် ရင်းနှီးမြှုတ်နှံသူနဲ့ လူသားအကျိုးပြုအလှူရှင်တစ်ဦးဖြစ်တဲ့ နီကိုလပ်စ် ဘားဂ်ဂရွန် (Nicolas Berggruen) ကို ကျေးဇူးတင်ရမှာပါ၊ ဒီပြည်နယ်က အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများရဲ့ ရေတိုအလားအလာကို တုန့်ပြန်ဆောင်ရွက်ဖို့ “ရေရှည်အတွက် စဉ်းစားရေးကော်မီတီ” (Think Long Committee) ဖွဲ့ဖို့ အဆိုပြုထားပါတယ်၊ အရင်ကလို ကြိုတင်ရွေးကောက်ပွဲတွေကို ပါတီဝင်များအတွက်သာ ကန့်သတ်မထားတော့ပဲ ပြည်နယ်သူ ပြည်နယ်သားအားလုံး ပါဝင်ခွင့်ပြုလိုက်ပါပြီ၊ ကွန်ဂရက်လွှတ်တော်မဲဆန္ဒနယ်များ နယ်နမိတ်ပြန်လည်ရေးဆွဲရေးအာဏာကိုလည်း လွတ်လပ်တဲ့ ကော်မရှင်လက်ထဲ အပ်နှံလိုက်ပါပြီ၊ ပြီးတော့ နှစ်ပေါင်းများစွာ လိုငွေပြနေတဲ့ ပြည်နယ်ဘတ်ဂျက်ကိုလည်း ဝင်ငွေ၊ ထွက်ငွေ ညီမျှအောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ၊ ဒီအောင်ပွဲက သိပ်ကိုကြီးမားလွန်းလို့ ပြည်နယ်အထက်လွှတ်တော်ရဲ့ ခေါင်းဆောင် ဒါရဲလ် စတိုင်းဘတ် (Darrell Steinberg) က ” အိပ်မက် မက်နေသလိုပဲ ” လို့တောင် ပြောပါတယ်၊

 

အလားတူပဲ ဖင်လန်အစိုးရကလည်း လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး အငြိမ်းစားလစာရန်ပုံငွေစနစ်နဲ့ပါတ်သက်လို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများကို အကြံပေးဖို့ တာဝန်ပေးထားပါတယ်၊ တစ်ချိန်တည်းမှာပဲ အီလက်ထရောနစ် ဒီမိုကရေစီ (e-Democracy) ကို လက်ခံဖို့ ကြိုးစားနေပါတယ်၊ ကြိုးစားမှုတစ်ခုက အနည်းဆုံး နိုင်ငံသား ငါးသောင်းက ထောက်ခံတဲ့ (အင်တာနက်ပေါ်က) အဆိုပြုချက်တစ်ရပ်ကို ပါလီမန်က လက်ခံစဉ်းစားဖို့ ဖြစ်ပါတယ်၊ ဒါပေမည့် ဒီမိုကရေစီစနစ်ကို ကြံ့ခိုင်သန်စွမ်းတဲ့အခြေအနေကို ပြန်ပို့ဖို့ အဲဒီလို (နည်းပညာနဲ့ တိုက်ရိုက်ဒီမိုကရေစီ ရောယှက်ကျင့်သုံးမှု၊ အပေါ်နဲ့ အောက်ကို အကန့်အသတ်နဲ့ အာဏာခွဲဝေပေးခြင်း စတဲ့) စမ်းသတ်မှုတွေ အများအပြား လိုအပ်နေပါသေးတယ်၊

 

တစ်ချိန်တုံးက အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက် သမ္မတကြီး ဂျွန်အဒမ် (President John Adams) က ပြောခဲ့ဘူးပါတယ်၊ “ဒီမိုကရေစီဟာ ဘယ်တော့မှ ရေရှည်တည်တန့်မှာ မဟုတ်ဘူး၊ ကာလတစ်ခုအတွင်းမှာ ပြုံးတီးသွားမယ်၊ အမောဖောက်မယ်၊ ပြီးရင် သူ့ကိုယ်သူ သတ်သေလိမ့်မယ်၊ ကိုယ့်ကိုယ်ကို မသတ်သေတဲ့ ဒီမိုကရေစီဆိုတာ မရှိ ခဲ့ဘူး” တဲ့ (Democracy never lasts long. It soon wastes, exhausts and murders itself. There never was a democracy yet that did not commit sucide.) ၊ သူ အကြီးအကျယ်မှားခဲ့ပါပြီ၊ ဒီမိုကရေစီဟာ ၂၀ ရာစုနှစ်ရဲ့ အတွေးအခေါ်များ ပဋ္ဋိပက္ခမှာ အကြီးမားဆုံး အောင်မြင်သူပါ၊ ဒါပေမည့် ၂၀ ရာစုနှစ်တွင်းမှာ ဒီမိုကရေစီအောင်ပွဲခံနိုင်ခဲ့သလိုပဲ ၂၁ ရာစုနှစ်များမှာ ဆက်လက်အောင်မြင်နိုင်ဖို့ဆိုရင် ဒီမိုကရေစီစနစ်ကို တည်ဆောက်စအချိန်မှာ ဂရုတစိုက်မွေးမြူစောင့်ရှောက်ဖို့ လိုအပ်သလို ဒီမိုကရေစီစနစ် အတန်ငယ်ရင့်ကျက်ခိုင်မာလာချိန်မှာလည်း ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်၊။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts