ဝေဖန်ရေးရာ

သက်ခိုင် – သူများယောင်လို့ယောင် အမောင်(အမတ်မင်း) တောင်မှန်းမြောက်မှန်းမသိ

သူများယောင်လို့ယောင် အမောင်(အမတ်မင်း) တောင်မှန်းမြောက်မှန်းမသိ
သက်ခိုင်၊ ဇွန် ၁၁၊ ၂၀၁၄

မနေ့ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် ညီလာခံမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်က မြန်မာနိုင်ငံကနေ ပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အကာအကွယ်ပေးဖို့ အထူးဥပဒေ ပြဌာန်းပေးဖို့ အဆိုတင်သွင်းခဲ့တာမှာ ထောက်ခံသူ(၅)ဦးပဲရှိပြီး၊ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ လူမှုဖူလုံရေးဥပဒေ၊ အနည်းဆုံး အခကြေးငွေဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွေ ပြဌာန်းပေးထားပြီး ဖြစ်တဲ့အတွက် အထူးဥပဒေပြဌာန်းဖို့ အစီအစဉ်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ဒီတော့ ပြောစရာကတော့ ရှိလာပြန်ပါပြီ၊ မပြောမဖြစ်တော့ ပြောရတော့မှာလည်း ဖြစ်ပါတယ်။ ဒီအဆိုကို တင်သွင်းခဲ့တဲ့ သင်္ကန်ကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွှန့်ရဲ့ တင်သွင်းချက်မှာ ဘယ်လိုအသေးစိတ်တွေ ပါရှိတယ် မပါရှိဘူးကတော့ သတင်းများအရ သေချာမသိရပါဘူး၊ ဒါပေမယ့် ဒီအဆိုဟာ အခုလိုပဲ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးသာ ထောက်ခံခဲ့ပြီး ကျန်တဲ့ကိုယ်စားလှယ်တွေက လစ်လျူရှုတာကို ခံလိုက်ရတာကတော့ အတော်ကိုရုပ်ပျက်လွန်းလှပါတယ်၊ အနည်းဆုံးအဆင့် ပြန်လည်ဆွေးနွေးရန်အဆင့် (သို့) ဘာကြောင့် လိုအပ်နေသေးရသလဲဆိုတာကို အဆိုတင်သွင်းသူ ကိုယ်စားလှယ်ကို ထပ်မံပြင်ဆင် တင်သွင်းခွင့် (သို့) လွှတ်တော်မှ အချိန်ယူ စဉ်းစားပေးဖို့ကော မလိုအပ်တော့ဘူးလား၊ ဒီကိုယ်စားလှယ်တွေ အားလုံးထဲက ၅ယောက်လောက်ကပဲ ဒါဟာစဉ်းစားစရာတခုလို့ သတ်မှတ်ပြီး ကျန်တဲ့ကိုယ်စားလှယ်တွေက ဒုဝန်ကြီး ပြောတာကိုပဲ သံယောင်လိုက် လက်ခံလိုက်ကြတာလား၊ အတော်တော့ စဉ်းစားစရာ ဖြစ်သွားပါတယ်။

ပြောရရင်တော့ ဒီကိုယ်စားလှယ်တွေ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရပ်တည်လှုပ်ရှားနေရသူတွေအကြောင်း ဘာကိုဘာမှ မသိသေးလို့၊ သိအောင်လည်း မကြိုးစားခဲ့လို့ အခုလို ခပ်မဆိတ်နေခဲ့ကြတာလို့ပဲ ယူဆပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တယောက် အနေနဲ့ကတော့ ဝမ်းစာမပြည့်သေးဘူးလို့ ပြောကိုပြောရမယ့် အနေအထားပါ၊ အတော်ကို ရှက်ဖို့ကောင်းပါတယ်၊ နောင်ဆင်ခြင်ဖို့ လိုကြပါပြီ။

အဲဒီတော့ စပြောပါမယ် ပြောသွားတဲ့ဝန်ကြီးရဲ့ ဥပဒေ၃ခု။ ပထမကတော့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတဲ့၊ ဟုတ်ပါတယ် ဒီဥပဒေကတော့ လုပ်ခအပြည့်မရလို့၊ ရေမကောင်းမီးမရလို့၊ ဆန္ဒပြလို့၊ အလုပ်ထုတ်ခံရလို့၊ MOU လို့ခေါ်တဲ့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာပါအတိုင်း လုပ်ငန်းမမှန်ကန်လို့ စသဖြင့် ဒါတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေမှာ ခန့်အပ်ထားတဲ့ အလုပ်သမားရေး သံအရာရှိက ဦးဆောင် ဖြေရှင်းကောင်း ဖြေရှင်းပေးမှာပါ၊ ကျနော့်ကိုယ်တွေ့အရတော့ ဖြေရှင်းပေးတာတွေလည်း ရှိခဲ့ပါတယ်၊ မလုပ်ဘူး မဟုတ်ဘူး လုပ်ပါတယ်၊ သို့သော် ၃သန်းလောက်ရှိတဲ့ ထိုင်းနဲ့ မလေးရှားက အလုပ်သမားတွေအတွက် ၂နိုင်ငံ ၂ယောက်နဲ့တော့ ဆင့်ပါးစပ် နှမ်းပက်သလိုပဲ ဖြစ်နေပါတယ်။

ကျန်တဲ့ လူမှုဖူလုံရေးတို့ အနည်းဆုံး အခကြေးငွေတို့ အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတို့ကတော့ အများကြီးဆွေးနွေးစရာမရှိပါဘူး၊ ဘာလို့ဆိုတော့ ဒါတွေက host country ဖြစ်တဲ့ ထိုင်းတို့၊ မလေးရှားတို့က သူတို့ဘာသာ သုတေသနပြုပြီး အလုပ်သမားရေးအဖွဲ့တွေနဲ့ ပူးပေါင်းညှိနှိုင်း ရေးဆွဲပြဌာန်း ထားပြီးသား ဖြစ်နေလို့ပါပဲ။

ဆိုလိုတာက ထိုင်းမှာဆို အနိမ့်ဆုံး လုပ်အားခ ဘတ်ငွေ(၃၀၀) ဆိုတာ သူတို့အစိုးရကိုယ်၌ကိုက ပြဌာန်းပြီး ပေးခဲ့တာပါ။ မြန်မာအစိုးရက တောင်းဆိုခဲ့တယ်လို့ တခါမှမကြားဖူးပါဘူး၊ မြန်မာပြည်ထဲမှာတောင်မှ အနိမ့်ဆုံး လုပ်အားခဆိုတာကို ဂုဏ်မြှင့်တင်စားပေးရမယ့်အစား၊ (အနည်းဆုံး အခကြေးငွေ) ဆိုတဲ့ ဝေါဟာရသုံးပြီး ငွေပေးခိုင်းခံရတဲ့ လူတန်းစားလိုလို သတ်မှတ်ပြီး ပြောဆိုသုံးစွဲနေသလို အခုထက်ထိတောင်မှ ဂုဏ်သရေရှိရှိ မသတ်မှတ်ရဲကြသေးပါဘူး။ မကြာခင်ကာလမှာ သတ်မှတ်တော့မယ်လို့တော့ ပြောနေဆိုနေကြပါရဲ့၊ အလုပ်သမားထု ထမင်းဝတဲ့ လုပ်အားခ ဖြစ်လာမလာကတော့ စောင့်ကြည့်ရမှာပါ။

ဒီနေရာမှာ အဓိကပြောချင်တာကတော့ အလုပ်သမားထုကို အကာအကွယ်ပေးမယ်ဆိုတဲ့ အခြေခံ စဉ်းစားချက်ပါပဲ။ ပြောခဲ့တဲ့ ဥပဒေတွေကကော အရေးပေါ်အခြေအနေ ပေါ်ပေါက်လာတဲ့အခါကြလို့ရှိရင် ဘယ်လိုမျိုး အလုပ်သမားထုကို ကာကွယ်ပေးနိုင်မှာပါလဲ စဉ်းစားစရာတွေပါ။ ဝန်ကြီးအဖွဲ့ ဖုတ်ပူမီးတိုက် အပြေးအလွှားသွားပြီး တဘက်အစိုးရနဲ့တိုင်ပင်၊ အနာကိုကျပ်ထုတ်ထိုး ပြန်လာယုံနဲ့တော့ အစိုးရတရပ်အနေနဲ့ တာဝန်မကျေပါဘူး။

ဆိုလိုတာက အရေးပေါ်အခြေအနေ မတိုင်မီကာလ၊ အရေးပေါ်ကာလနဲ့ နောက်ပိုင်းကာလတွေအတွက် ဘာတွေများ များများစားစား စဉ်းစားပြီးကာကွယ်ပေးနိုင်မှာပါလဲ၊ ဥပမာ စက်ရုံတရုံမှာ မြန်မာနဲ့ ကမ္ဘောဒီးယား (သို့မဟုတ်) ထိုင်း တဘက်နဲ့တဘက် ရိုက်ကြနှက်ကြပြီ၊ သေကြေပျက်စီးကြပြီ။ ဒါမျိုးကို တာဝန်ရှိသူတွေက သွားကြမယ် စိတ်လျှော့ကြ၊ ရန်မဖြစ်ကြနဲ့တော့ လာကြတာက စီးပွားလာရှာတာ ကျန်ခဲ့တဲ့ မိသားစုတွေ မျက်နှာကြည့် ဒီလိုရွှေပြည်အေးတရား ဟောနေယုံနဲ့ မပြီးဘူး၊ လုပ်ရမှာတွေက ဘယ်ကောင်စပြီး အညှောင့်ထောင်သလဲ ဘာကြောင့် အညှောင့်ထောင်သလဲ၊ ဘာရည်ရွယ်ချက်လဲ၊ ဘယ်သူလဲ၊ ဘာလူမျိုးလဲ စတာတွေကို သေသေချာချာ ခရေစေ့တွင်းကျ စစ်ဆေးမေးမြန်းရမယ်၊ ကိုယ့်လူဘက် သာစေနာစေ ဆိုတဲ့စိတ်မျိုးမထားရဘူး၊ ကျူးလွန်ရင် ကျူးလွန်တဲ့ကောင်ကို လုပ်ငန်းရှင်ဖြစ်ဖြစ် အလုပ်သမားဖြစ်ဖြစ် စံပြအဖြစ် အပြစ်ပေးရမယ်၊ ဥပဒေအရ လိုအပ်ရင် လက်ခံရာတိုင်းပြည်ဥပဒေအရ အရေးယူခွင့် ပြုသင့်ပြုရမယ် ဒီလိုဖြစ်ရပ်တွေကို နှောင်းလူတွေအတွက် ဗဟုသုတအနေနဲ့ ဖြန့်ဖြူးပေးရမယ်။ အခုက ပြဿနာကို ငြိမ်အောင် လုပ်တာပဲရှိတယ်၊ မပေါ်ပေါက်အောင် တားဆီးနိုင်မှုမျိုး မရှိသေးဘူး။

ဘာကြောင့်ပေါ်ပေါက်ရသလဲ ဒါကလည်းအရေးကြီးတယ်၊ အလုပ်သမားက ပထမတော့ သည်းညည်းခံတယ် မခံနိုင်တဲ့အဆုံး အစပိုင်းကတင်ပြထားသလို ဘာအခွင့်အရေး ညာအခွင့်အရေးတွေအတွက် တောင်းဆိုတယ် ဆန္ဒပြတယ် ၁၀ခုတောင်းတယ်၊ ဆရာတွေက ဝင်ညှိပေးတယ်၊ လုပ်ငန်းရှင်က ၃ခုပေးလိုက်တယ် ဟောပြီးရော ဇတ်လမ်းက၊ ဒီလိုမျိုးချည်းများတယ်၊ အစကတည်းက MOU မှာပါတဲ့အချက် မှန်မမှန်၊ ဟုတ်မဟုတ် ဘယ်သူက စစ်လဲ၊ ဘယ်သူမှမစစ်ဘူး၊ အသာလေး လွှတ်ပေးလိုက်တယ်၊ ပြဿနာတက်လာမှ ဟိုလူလာပါဦး၊ အလုပ်သမားပို့တဲ့ ကုမ္မဏီ ကပုဂ္ဂိုလ်လာရှင်းပါဦး စသဖြင့်၊  အဲဒီတော့ အလုပ်သမားပို့တဲ့ ကုမ္မဏီ ကလည်း အလွယ်နည်းနဲ့ ဒီအလုပ်သမား ဇတ်ရှုပ်တယ် ပြန်ပို့တယ်၊ လုပ်ငန်းရှင်ကလည်း ဒီကောင် သူပုန်ထတယ် လက်မခံဘူး ပြန်ခေါ်သွားဖြစ်ကော။ နောက်ဆုံးတော့ မဟုတ်မခံ တော်လှန်လုပ်သားကြီး သီဟတင်စိုး နယ်စပ်ပြန်ရောက်ကော။ အဲဒီလို ဂျာအေးသူ့အမေရိုက်နေတယ်။

နောက်ပိုင်းကာလတွေအတွက်ကော ဘယ်လိုညှိနှိုင်းမလဲ ဘယ်လိုသဘောတူညီချက်ကို နှစ်ဘက် အာဏာပိုင်တွေက ဘယ်လိုဦးစီးပြီး လုပ်ငန်းရှင်နဲ့ လုပ်သားထုကို ညွှန်ကြားမလဲ ဒါတွေလိုအပ်ပါတယ်၊ ဒီလိုမျိုး အာဏာပိုင်အချင်းချင်း၊ လုပ်ငန်းရှင်နဲ့ အလုပ်သမားပို့ အေးဂျင့်ပွဲစား ကုမ္မဏီ အချင်းချင်း ပြေလည်သွားတာနဲ့ အလုပ်သမားထုကကော သူတို့ရပိုင့်ခွင့် တစုံတရာအဆင့်နဲ့တင် ကျေနပ်လိုက်ရပြန်ပြီလား၊ ဒါတွေကို ဘယ်သူက စစ်ဆေးမလဲ နှစ်နိုင်ငံ လွှတ်တော်တွေက စစ်ဆေးတဲ့အဆင့်ရောက်အောင် ဥပဒေမပြဌာန်းတော့ဘူးလား။

အခုဖြစ်နေတာက အာဏာပိုင်၊ လုပ်ငန်းရှင်၊ ပွဲစား ကုမ္မဏီတွေကြား အလုပ်သမားကို ချော့မော့ဖျောင်းဖြပြီး ချွေးသိပ်လို့ရသွားရင် ဇတ်လမ်းက ပြီးနေကော၊ မကြာခင်ကာလမှာတော့ ဒုတိယမြောက် တော်လှန်သူ ရဲမင်းပိုင်တွေ တသီကြီး အလုပ်က အဖြုတ်ခံရပါလေကော၊ ဒါလားအကာအကွယ်ပေးတဲ့ ဥပဒေတွေ၊ လုံးဝမဟုတ်ဘူးလို့ ပြောရပါမယ်၊ အမတ်မင်းများ စဉ်းစားကြလေကုန်၊ ခပ်ညံ့ညံ့နဲ့တော့ တိုင်းပြည်ကို ဦးဆောင်သယောင် ဟန်မဆောင်ပါနဲ့။

မကြာမကြာလည်း ပြောခဲ့ဖူးပါရဲ့၊ ထိုင်းနိုင်ငံတခုထဲ တွက်ကြည့်မယ်ဆိုရင် အလုပ်သမား ၂သန်းပဲထား သူတို့က တိုင်းပြည်ကို ပြန်ပို့ငွေ အနည်းဆုံး တလကို ဘတ်ငွေ ၁ဘီလီယျံ (မြန်မာငွေ ကျပ် ၃၀ဘီလီယျံ) ရှိပါတယ်၊ ဒါတဝက်သာတွက်ပြတာပါ၊ ဒီလိုငွေတွေပြန်ပို့လို့လည်း ကိုယ့်ရပ်ကိုယ့်ရွာမှာ အစိုးရက အခွန်ကောက်တာကိုသာ ထိုင်ပေးနေရပြီး မဖွံ့ဖြိုးတဲ့ မိမိတို့ဒေသအတွက် ကိုယ်ထူကိုယ်ထ တံတားဆောက် ကျောင်းဆောက် လုပ်နိုင်ခဲ့ကြတာတွေ တပုံကြီးပါ။ အမတ်မင်းများ အစိုးရမင်းများ ကျေးလက်တောရွာတွေ သွားပြီး ဆရာလုပ်တဲ့အခါ ခင်ဗျားတို့ ဖြတ်လျှောက်ဖူးတဲ့ ကွန်ကရစ်တံတားလေးတွေ အရိပ်ခိုတဲ့ ကျောင်းအချို့တွေဟာ ဒီရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သွေးချွေးတွေပါနေတတ်တယ်ဆိုတာ မမေ့ပါနဲ့လို့တော့ သတိပေးပါရစေ။

တခါကတော့ အခုပြန်ပြီးချေပခဲ့တဲ့ဝန်ကြီးက ပြောပါတယ်ဆိုပြီး အလုပ်သမားရေး လုပ်ဆောင်နေသူ တယောက်က သူရဲ့လူမှုကွန်ယက်မှာ ရေးထားခဲ့တာ တွေ့ဖူးပါတယ်၊ ဘာတဲ့ (ရွေ့ပြောင်း အလုပ်သမားတွေဆိုတာ၊ နိုင်ငံခြားမှာ အလုပ်လာလုပ်တာဖြစ်တယ်၊ ပညာသင်ဖို့လာတာမဟုတ်ဘူး၊ အလုပ်က ပြန်ရောက်တာနဲ့ ပင်ပန်းပြီး တန်းအိပ်တာဖြစ်တယ်၊ ရွေ့ပြောင်းအလုပ်သမားတွေကို ပညာသင်ပေးဖို့ မလိုဘူး) (နိုင်ငံခြားမှာ ရွေ့ပြောင်းအလုပ်သမားတွေ၊ အလုပ်သမားအခွင့်အရေး ချိုးးဖေါက်ခံနေရတာ၊ အလုပ်အကိုင် ရှာဖွေရေး ကုမ္မဏီတွေကြောင့် ဖြစ်တယ်၊ သူတို့မှာပဲ တာဝန်ရှိတယ်၊ အစိုးရမှာတာဝန်မရှိဘူး) (ခင်ဗျားတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ လာတွေ့တယ်ဆိုတာ၊ ခင်ဗျားတို့ ဟိုတိုင် ဒီတိုင်၊ တိုင်မှာကို ကြောက်လို့လာတွေ့တာမဟုတ်ဘူး) တဲ့၊ ကဲကောင်းကြသေးရဲ့လား။

ဆိုတော့ ချုပ်ပြောပါမယ် ဒီလိုအာဏာပိုင်တွေက ထားတဲ့စေတနာအရ ရှိနေတဲ့ဥပဒေတွေက ဒီအလုပ် သမားတွေအတွက် အကာအကွယ်ပေးတာ လုံလောက်နေတယ်လို့ထင်နေကြတဲ့ ဥပဒေပြုခွင့်ရ အမတ်မင်းများ၊ ခင်ဗျားတို့ရနေတဲ့ လခဆိုတဲ့ ထောက်ပံ့ငွေတွေဟာ ခင်ဗျားတို့ဦးနှောက်ကိုသုံးပြီး တိုင်းပြည်ရဲ့ အရေး အရာတွေကို ကြိုတင်ပြင်ဆင်၊ ကုစား၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်ပေးထားတယ်ဆိုတာ မမေ့ကြပါနဲ့ အခုတော့ရှက်ဖို့ကောင်းနေပါပြီ၊ သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ ဖြစ်နေကြတယ်။

သက်ခိုင်

(၁၄း၄၉)

၁၀.၆.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သက်ခိုင် – သူများယောင်လို့ယောင် အမောင်(အမတ်မင်း) တောင်မှန်းမြောက်မှန်းမသိ

Comments are closed.