ခေတ်ပြိုင်အတွေ့အကြုံ မေငြိမ်း ရေခြားမြေခြား မြန်မာများ

မေငြိမ်း – သမီးပျိုအမေအနေနဲ့ ရေးတဲ့စာ..

သမီးပျိုအမေအနေနဲ့ ရေးတဲ့စာ..

မေငြိမ်း၊ ဇွန် ၆၊ ၂၀၁၄

(သူ့ဖေစ်ဘွတ်ကနေ ကူးယူဖော်ပြပါတယ်)

ဒီတလော မြန်မာပြည်ထဲက စာမူတောင်းကြတာတွေ ခပ်စိပ်စိပ် ကြုံရပေမဲ့ ကျမ စိတ်ထဲ စာရေးချင် စိတ် လုံးလုံး မရှိဘူးဖြစ်နေပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ များမြောင်နေတာ တစ်ဘက်.. စာရေးဖို့ ဘက်ကို စိတ်လုံးလုံးမလည်တာ တစ်ဘက် ဆိုပါတော့။ ပြီးတော့ အသက် ၅၀ နား အတော်နီးလာတဲ့ တိုင်အောင် ကျမက စာရေးမယ်လို့ ခံစားချက်လေး တစ်စ ၀င်လာရင် အချစ်ဘ၀ ခံစားချက်နဲ့ ဆက်စပ်တဲ့ အကြောင်းတွေသာ ဖြစ်နေတတ်တာမို့ ခုလို ခေတ်အခါကြီးထဲ မရေးတော့ဘူးလေလို့ မြိုချလိုက်တာ က များနေတာပါပဲ။

သားကြီးအကြောင်းရေးဖြစ်တော့ ကျမကို ချစ်သော.. မိတ်ဆွေတွေက comment တွေ တသီကြီး ပေးကြ ပါတယ်။ ကျေးဇူးတင်စရာ မေတ္တာတရားတွေပါပဲ။ အဲဒီထဲမှာ မောင်အရွယ် တစ်ယောက် ကတော့ သား ကို လူငယ်ပီပီ လွတ်လပ်ခွင့်(တခါတလေ မိုက်မဲခွင့်) ပေးသင့်တယ်လို့ အကြံပေးပါတယ်။ အဲဒီ အချိန်မှာ ကျမ သားကြီးကို ပိုကျေးဇူးတင်သွားရသလို သမီးအကြောင်းလည်း ရေးဦးမှလို့ သတိရပြီး ရေးဖို့ တေးထားလိုက်ပါတယ်။ ရေးရမယ့် အကြောင်းတွေလည်း ရှိပါတယ်။

ကျမ သားကြီးအရွယ်.. ၂၃ နှစ်မှာ သားကြီးအဖေနဲ့ အိမ်ထောင်ကျပါတယ်။ အိမ်ထောင်မကျခင် တက္ကသိုလ် ကျောင်းသူဘ၀ အသက် ၁၇ နှစ်ကနေ အသက် ၂၀လောက် အထိ က.. အသည်း တစ်ခါ ကွဲဖူး.. ရည်းစားတော်ဖူးသူတစ်ယောက်ကြောင့် အသည်းမကွဲခဲ့ပေမဲ့ လူသိရှင်ကြား အရှက်တစ်ခါ ကွဲ ဖူး… ။ ဘ၀မှာ အဲလိုတွေ ကြုံခဲ့ရတဲ့အတွက်တော့ ကျမ နောင်တ မရတတ်ပါ..။ အသိတရားပဲ ရပြီး ဘ၀ကို ပိုရင်ဆိုင်ရဲအောင် ကြိုးစားတတ်ခဲ့ပါတယ်။

ကိုယ်တိုင် သားသမီး ၃ယောက်ရပြီးတဲ့နောက် သားကြီး အရွယ်ရောက်ချိန်ကစပြီး ကျမ သားကို ကလေး တစ်ယောက်လို သွန်သင် ပြောဆိုတာမျိုး၊ ထိန်းချုပ်ကြပ်မတ်တာမျိုး လုံးဝ မလုပ်တော့ပါဘူး။ စည်းကမ်းရှိအောင် ဘယ်လိုနေရတယ်.. ယဉ်ကျေးအောင် ဘယ်လို ပြောဆိုတယ်.. ဆိုတာ ပြောပြရုံ ထက်ပို ဘာမှမလုပ်ဖြစ်တော့ပါဘူး။ သားကြီး ကိုယ်တိုင် ကလည်း စာဖတ်တဲ့အလေ့ရှိပြီးသားမို့ စာတွေ ကနေ သူ့ဘာသာ သင်ယူမယ်လို့ သဘောထားပါတယ်။ (ကျမအဖေကလည်း ကျမကို အဲလိုပဲ  မွေးမြူ ခဲ့တာပါ)။ ပြီးတော့ ကျမက အဖေတူသမီးမို့ထင်ပါရဲ့..၊ ကျမ သား သမီးတွေကို မိဘပီပီ အရာရာမှာ အောင်မြင်စေချင်ပေမဲ့ ဘာဖြစ်ရမယ်.. ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်လုံးလုံး မရှိပါဘူး။ မညံ့စေချင်တာပဲ ရှိတာကလည်း သူတို့ဘ၀ကို မပင်ပန်း မဆင်းရဲစေချင်တာကြောင့်ပါပဲ။

ခုနေများ ကျမ ကလေးတွေကို ဘာဖြစ်စေချင်သလဲလို့ မေးလာရင် ကျမမှာ ဖြေစရာတစ်ခုပဲ.. တစ်မျိုး ပဲ ရှိပါတယ်။ သူတို့ဘ၀ကို သူတို့ ကျေနပ်တဲ့အနေအထားမျိုး ရကြစေချင် တယ် ဆိုတာပါပဲ။ သူတို့ လုပ် ချင်တဲ့ အလုပ်မျိုးနဲ့ ပျော်တဲ့ဘ၀.. အဲဒါဆို လုံလောက်ပြီ။ ဘာဖြစ်လို့ ကျမ အဲလို သဘောထား နိုင်တာလဲဆိုတော့ ဆေးတက္ကသိုလ်ရမှ.. အီကိုရမှ လို့ မရှိခဲ့တဲ့မိဘတွေကြောင့် ကျမ ဘ၀ တလျှောက်လုံး ကိုယ်ကြိုက်တဲ့ မြန်မာစာကျောင်းသူဘ၀ထဲ.. ခုချိန်ထိ မြန်မာစာနဲ့ပဲ သက်မွေး ၀မ်း ကျောင်းရော ဂုဏ်သိက္ခာတွေကိုပါ ခံစား လို့..(ကံတရားကြောင့်လည်း ပါတယ်ဆိုရင်လည်း အဲဒီ ကံ တရားကို ကျေးဇူးတင်ပါတယ်)။ အဲဒီလို ကံကောင်းတာမျိုး ကျမ သားသမီးတွေကိုလည်း ရစေချင် တာပါ။

+++++

ခုတလောတော့ သမီးက သိသိသာသာ အရွယ်ရောက်လာပါတယ်။ သားကြီး ၁၄ နှစ်သားတုန်းက ကလေးလို ဆော့တုန်း။ သမီးကတော့ အသက်၁၄နှစ်ကျော်လာတာနဲ့ တကယ့် မြီးကောင်ပေါက်ပုံစံ ဖြစ်လာပါတယ်။ သမီးအဖေ ကိုတိကျ က မျက်စောင်းတခဲခဲမို့ ဟန့်ထားရပါတယ်။ ပြီးတော့ ကျမတို့ အနားမှာ ရှိတဲ့ သမီးရဲ့ အန်တီအရွယ် အစ်မအရွယ် ဦးလေးတွေ အစ်ကိုတွေ ကို အပ်ရပါတယ်။ ကျမ ခဏခဏ ပြောလေ့ရှိပါတယ်.. သားသမီး ကြီးလာရင် အရပ်ကို အပ်ရတယ်လို့..။ ကျမ တို့ Maryland မှာ Burmese Community က အကြီးကြီးမို့ သိပ်အားကိုးရတာပါ။ လူကြီးအုပ်စုလည်း အားကောင်း၊ လူငယ်အုပ်စုကလည်း တောင့်.. ကလေးအုပ်ကလည်း အပြိုင်းအရိုင်းပါ..။ ခု သပြေညို မြန်မာစာကျောင်းရှိတော့ မြန်မာကလေးတွေ.. ဆယ်ကျော်သက်တွေ ပိုစုမိ တွဲမိတာမို့ ကိုယ့်သားပျို သမီးပျိုတွေအတွက် သိပ်ကို စိတ် အားရှိစရာပါ။ ဘာပဲဖြစ်ဖြစ် သူတို့အချင်းချင်း Hangout တော့ လုပ် ဖြစ် တာ ပေါ့။

ကျမရဲ့ ကျောင်းသား သံတမန်တွေက ကျမက အရွယ်ရောက်တဲ့ သား နဲ့ သမီး ရှိတဲ့ အာရှအမေမို့ စိတ်ဝင်တစားမေးကြပါတယ်..။ ကျမကလေးတွေကို ဗမာလူမျိုးအချင်းချင်းပဲ လက်ထပ်စေချင်သလား တဲ့..။ ကျမက .. ငါ အရိုးသားဆုံးပြောရရင် အဲလို ဘယ်လူမျိုးနဲ့မှ.. ဆိုတဲ့ သဘောထားမရှိတာ အမှန် ပဲ..။ သူတို့ချင်း ချစ်ကြ ကျေနပ်ကြဖို့နဲ့ အတတ်နိုင် ဆုံး အနေအထားမှာ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် ရှိရင် ရပြီ.. လို့ အမြဲ ပြန်ဖြေဖြစ်ပါ တယ်။ အဲဒါလည်း တကယ်ပါ… တပါးတိုင်းပြည်မှာ ရွေးစရာ ရှားတဲ့ အခါ စည်းမျဉ်းဘောင် ထဲ ကျမ သားသမီးတွေကို မကျဉ်းကျပ်စေချင်ပါဘူး..။ လူပီပီသသ.. လူစိတ်ရှိရှိ နဲ့ လူ့တာဝန်ကျေတဲ့ သူမျိုးနဲ့တော့ တွေ့စေချင်တယ်ဆိုတဲ့ သဘောထားပဲ ရှိပါတယ်။ ဒါကြောင့် ခုချိန် ထိ သားကြီးကိုလည်း ဘယ်လိုလူကို မရွေးနဲ့ .. ဘယ်လိုလူမှ သဘောတူနိုင်မယ်ဆိုတာတွေ တခါမှ မပြောဖူးသလို ကျောင်းတက်တာတောင်မှ ဒါကို မရ အရ လုပ်ရမယ်လို့ တခါမှ မပြောခဲ့ဖူးပါ။ လုပ်သင့် တဲ့ လမ်းကြောင်း ချပြရုံသာ လုပ်ဖြစ်ခဲ့ပါတယ်။

တကယ်တော့လည်း မိဘဆိုတာက လမ်းပြ.. နမူနာပြရုံသာ လုပ်သင့်တာပါ။ အမိန့်ပေး ခိုင်းစေတာမျိုး ကိုတော့ ကျမကိုယ်တိုင် မကြိုက်တာမို့ ဘယ်သူ့ကိုမှလည်း ကိုယ်မကြိုက် တာကို မပေးချင်ပါ။

+++++

သမီး မူလတန်းအောင်တော့ Elementary Graduation မှာ President Obama Award ရပါတယ်။ အဲဒီအတွက် ဂုဏ်ယူကြောင်းပြောသလို သမီးကို မြင်းကောင်းခွာလိပ် ဖြစ် မသွားဖို့ လည်း ပြောပြရပါတယ်။ ဒီတိုင်းပြည်က ကလေးတွေက မေးခွန်းထုတ်ကျင့်ရှိသူတွေမို့ အရာရာကို အကျိုးအကြောင်းနဲ့ ပြောပြ နိုင်မှ လက်ခံပါတယ်။ စာတော်လို့ အောင်မြင်တာ ဘာကြောင့် ကောင်းတယ်.. မအောင်မြင်တာက ဘာကြောင့် မကောင်းသလဲ ဆိုတာတွေ ပြောပြရပါတယ်။ ကံကောင်းချင်တော့ ကျမတို့ ၀န်းကျင်က မြန်မာမိသားစုတွေထဲမှာ ကြိုးစားလို့ အောင်မြင်တဲ့ နမူနာကောင်းတွေ အများကြီးရှိနေတာပါပဲ..။ ပြီးတော့ သမီးရှေ့မှာ သားကြီးက မားမားမတ်မတ် နမူနာဖြစ်နေလေတော့ ကျမ တော်တော် အသက် ရှူချောင်ရပါတယ်။

ဒီလိုနဲ့ သမီးရဲ့ အရွယ်အရ စိတ်ကစားတတ်လာတော့ စိတ်ပူနေတဲ့ အဖေလုပ်သူကို ကျမက ပြောပါ တယ်..။ သမီးက နောက်တောင်ကျသေးတာ.. ကျမတုန်းက ၁၃ နှစ်ဆို စိတ်ကစားပြီ.. လို့။ ပြီးတော့ ဒါက သဘာဝဖြစ်တာမို့ အဓမ္မ တားမြစ်တာထက် ထိန်းပေးတာ.. သွန်သင်ပြောပြတာက ပို ထိရောက် မယ့် အကြောင်း ပြောပြီး သမီးကို ကျမ အချိန်ယူပြီး စကားပြောပါတယ်။ ကျမ သမီးကို ကျမရဲ့ မအောင် မြင် ခဲ့တဲ့ အိမ်ထောင်ဟောင်း အကြောင်း ပြောပြပါတယ်။ ဒါပေမဲ့ ကျမ ကြိုတွေးထင်ထား ခဲ့ သလောက် သမီးက မတုန်လှုပ်လှဘဲ ၀မ်းနည်းပုံပဲ ရပါတယ်။ ကျမ အဓိက ထား ပြော ဖြစ်တာက တော့ ငယ်ကြသေးတဲ့ အရွယ်မှာ ဆုံးဖြတ်ခဲ့တာမို့ အမှား အမှန် သေချာ နားမလည်နိုင် တာ နဲ့ ကိုယ့် ကိုယ်ကို ယုံကြည်မှု များလွန်းကြတာကြောင့် မအောင်မြင်ဘဲ ကွဲခဲ့ကြရ.. အနာတရ ဖြစ်ခဲ့ကြ ရတယ် ဆိုတဲ့ အကြောင်းရင်းကို ရည်ရွယ်ပြောပြတာပါ။

အဲဒီအခါမှာ အသက် ၁၅နှစ် မပြည့်သေးတဲ့ သမီးက ကျမ ထင်တာထက် ပိုပြီး နားလည်နေ တတ်ခဲ့ တာ တွေ့ရပါတယ်။ (ဒီက အလယ်တန်း ကျောင်း ပညာရေး မှာ မိသားစု ပညာရေး (Family Education) ဆိုတာလည်း ပါတာ ကြောင့် ထင်ပါတယ်။) ဒါပေမဲ့ သေချာတာကတော့ သမီးဟာ သူ့ ဘ၀ ကို သူပဲ ရွေးချယ်မှာဆိုတာ ပါပဲ..။ ကံတရား နဲ့ သမီးရဲ့ ဆင်ခြင်တုံတရားက အားကောင်း ရင် တော့ သမီးဟာ လှပတဲ့ ဘ၀တစ်ခု ကို အချိန်မှန်မှန် နေရာမှန်မှန်နဲ့ ဖန်တီးနိုင်မှာပါပဲ..။ ကျမတို့ မိဘ တွေအဖို့ကတော့ သမီးရဲ့ ပညာရေး.. ကျန်းမာရေး.. စားဝတ်နေရေး နဲ့ ဥာဏ်အမြော်အမြင် ရှိဖို့ တွေ ကို အစွမ်းကုန် ပံ့ပိုးကူညီဖို့သာ တတ်နိုင် ပါတယ်။

++++++

ကျမတို့ မိသားစု အမေရိကကို ပြောင်းတော့မယ်ဆိုတော့ ဇင်းမယ်က သူငယ်ချင်းတချို့က စသလို နောက်သလိုနဲ့ သတိပေးပါတယ်။ သမီးမွေးထားတာ သတိထားနော်.. ‘အမည်း’ နောက် ပါသွား မယ် တဲ့။ ကျမကတော့ ပြုံးနေလိုက်ပါတယ်..။ ကိုယ့်ဗမာချင်း အိမ်ထောင်ပြု ပြီး စိတ်ဆင်းရဲနေမလား.. လူမျိုးခြား နဲ့ ယူပြီး စိတ်ချမ်းသာနေမလား…။ ဘယ်လိုမှ မသေချာနိုင်တာတွေ..။ ဒီတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစား တည်ဆောက်ကြရုံ ကလွဲလို့ ကျမတို့က ဘာကိုများ တတ်နိုင်မှာပါလဲ..။ ကိုယ့်ကိုယ် ကို တွေတောင် မပိုင်တဲ့ ဒီလူ့ဘ၀ထဲ…။

အထူးသဖြင့် မနေ့က ဒီအကြောင်း ပိုတွေးမိတာ တနေ့ကမှ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာ.. စာရေး ဆရာမ အနုပညာရှင် ‘မာယာအင်ဂျလူ’ ကြောင့်ပါ…။

သူက ပြောပြခဲ့ တယ်.. ဘ၀ဆိုတာ ဖြတ်သန်း ရယူနိုင်ရင် သင်ခန်းစာယူဖို့ အကောင်းဆုံးကျောင်း.. လို့..။

အဲလိုပဲ ကျမရဲ့ ကိုယ်ပိုင်အတွေ့အကြုံက သင်ပေးခဲ့ တာက ဘယ်အရာကမှ အဆိုးဆုံးမဟုတ်သေးဘူးဆိုတာ နဲ့  လဲကျ ပြီးရင် ရအောင် ပြန်ထ ဖို့ …။

တရုတ် စာရေးဆရာကြီး လူရွှန့် ကတော့ အိမ်ထောင်ဖက် ကောင်း ရရင် စိတ်ချမ်းသာရမယ်.. အိမ်ထောင်ဖက် ဆိုးဆိုးရရင်တော့ အတွေးအခေါ်ပညာရှင် (အနုပညာရှင်) ဖြစ်နိုင်တယ် တဲ့။

အဲဒီအခါ ကျမ သားသမီးတွေကို ပြောပြဖို့ တစ်ခုတည်းပဲ ရှိပါတော့တယ်..။ အမြဲတမ်း…  အကောင်း အဆိုး အရှုံးအနိုင် တွဲနေတဲ့ လူ့ဘ၀ထဲမှာ အကောင်းကို ကြုံရတဲ့အခါ အဲဒီအကောင်းလေးကို မြဲနိုင်သမျှ မြဲအောင် ကြိုးစားဖို့နဲ့ … အရှုံးကို ကြုံတဲ့အခါမှာလည်း အရှုံးထဲကနေ အမြတ်တခုခု ရအောင် ပြန်ယူတတ်ဖို့….။

၃ ဇွန် ၂၀၁၄။

(သရုပ်ဖော် – ဘဌေးကြည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts