သတင်းပဒေသာ ကျော်ဟုန်း

ကျော်ဟုန်း – ဒေါက်တာစင်သီယာမောင်နှင့်အဖွဲ့ကို ကနေဒါရောက် မြန်မာမိသားစု တွေ့ ဆုံဂုဏ်ပြု

ဒေါက်တာစင်သီယာမောင်နှင့်အဖွဲ့ကို ကနေဒါရောက် မြန်မာမိသားစု တွေ့ ဆုံဂုဏ်ပြု
ကျော်ဟုန်း
မေ ၃၀၊ ၂၀၁၄
 

Inter Pares အဖွဲ့ရဲ့ ဖိတ်ခေါ်မှုနဲ့ ဒေါက်တာစင်သီယာမောင်တို့အဖွဲ့ ဟာ ကနေဒါနိုင်ငံ ဗန်ကူးဗားကို ခေတ္တရောက်ရှိနေပါတယ်။  ဒေါက်တာ စင်သီယာနဲ့ အတူ ခရစ္စတယ်မောင်( မဲ့တော်ဆေးခန်း)၊ နန်းစနိုး( Back Pack Health Worker Team)၊ စောနေထူး(Burma Medical Association)၊ နိုင်လေးရဲမွန်( Mon National Health Committee)၊  ဂရေးရိုဇမ်းမား – ( Burma Relief Center – Program Coordinator)၊ ရေဗက္ကာ ၀ူးလ်ဆစ်ခ်( Inter Pares) တို့လဲ လိုက်ပါခဲ့ပါတယ်။

 

ဒေါက်တာစင်သီယာမောင်တို့အဖွဲ့ဟာ ကနေဒါနိုင်ငံရဲ့ကျန်းမာရေးစနစ်ကိုလေ့လာဖို့အတွက် လာရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုလာ ရောက်နေစဉ်အခိုက်မှာ ဗန်ကူးဗားဘီစီတ၀ိုက်မှာရှိတဲ့ မြန်မာမိသားစုများက 6700, 4th Rood, Richmond BC  မှာ တည်ရှိတဲ့ ဗုဒ္ဓရံသီ မြန်မာဘုန်းကြီးကျောင်းမှာ ဖိတ်ကြားပြီး တွေ့ဆုံပွဲပြုလုပ် ဂုဏ်ပြုခဲ့ကြပါတယ်။

ဒီတွေ့ ဆုံပွဲမှာ အခမ်းအနားမှူးအဖြစ် ဒေါက်တာဝင်းမြင့်သန်းက ဆောင်ရွက်ပေးပြီး ဆရာမနဲ့ အဖွဲ့ ပါ ပုဂ္ဂိုလ်တဦးချင်းစီကို ဧည့်လာများနဲ့ မိတ်ဆက်ပေးပါတယ်။ အဆိုပါအဖွဲ့ မှလဲ သူတို့ရဲ့ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဒေါက်တာစင်သီယာမှ “မဲ့တော်ဆေးခန်းအနေနဲ့ စတည်ထောင်ခိုက်မှာ စစ်ပုန်းစစ်ရှောင်ဒေသတွေကို ကျန်းမာရေးစောင့်ရှောက်ဖို့ ယခင် အခါက မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ယခု ထိုဒေသများအထိ သွားရောက်ကုသနိုင်ရန် စီစဉ်နိုင်ခဲ့ကြောင်း၊ လက်ရှိ ထိုင်းနယ်စပ်မှာ တရားဝင် ဆေးကုသခံယူနိုင်သူက  ၁၀၀၀၀ ခန့် သာရှိကြောင်း၊ တရားမ၀င်  မြန်မာရွှေ့ ပြောင်းလုပ်သားများ၊  မြ၀တီဘက်ကမ်းမှ နွမ်းပါးသူများက မိမိတို့ဆေးခန်းတွင်လာရောက်ကုသလျှက်ပင်ရှိသေးကြောင်း၊ ပြည်တွင်းရှိ ကရင်၊ မွန်၊ ကရင်နီအဖွဲ့ များနဲ့  ချိတ်ဆက်ဆောင်ရွက်ခြင်းများလဲ စီစဉ်ဆောင်ရွက်နေကြောင်း၊ ဒေသတွင်းနဲ့ ပြည်တွင်းအစိုးရတို့ ကျန်းမာရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်ရန်လဲ နည်းလမ်းများရှာကြံ နေပါကြောင်း၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ လူ့အခွင့်အရေးတန်းတူရရှိနိုင်ဖို့ အတွက် ကနေဒါအစိုးရအကူအညီနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ရန်ကြိုး စားနေကြောင်း” တို့ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့ နောက်  ဒေါက်တာစင်သီယာမောင်တို့အဖွဲ့ ကို  ဖိတ်ခေါ်သူများကိုယ်စား  ကိုတင်နွယ်မှ ကျေးဇူးတင်စကားပြောကြားပြီ စောအေးမင်းမှ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ ဒေါက်တာစင်သီယာမောင်အဖွဲ့ ကို မြန်မာဗုဒ္ဓဘာသာအသင်း (ကနေဒါ) မှ တာဝန်ရှိသူများက နေ့ လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ မြန်မာပြည်သားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို မြန်မာ ကျောင်း သားအဖွဲ့တို့နဲ့ စတင်ကာ မဲ့တော်ဆေးခန်းကိုတည်ထောင်ပြီး ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ယခုတိုင်အောင်လဲ အောင်မြင် ကျယ်ပြန့်အောင် စီစဉ်နိုင်ခဲ့သူ စေတနာဒေါက်တာတဦးပါ။ နှစ်စဉ်လဲ ကျန်းမာရေးလုပ်သားများကို မွေးထုတ် သင်တန်းပေးနိုင်ခဲ့ပါတယ်။ သူမရဲ့လုပ်ဆောင်မှုများကို ကမ္ဘာတ၀ှမ်းက ဆုများချီးမြှင့်ဂုဏ်ပြုခဲ့ကြပါတယ်။ ၁၉၉၉ ခုမှာ ( John Humphrey Freedom award,  Magsaysay award တို့ရရှိခဲ့ပြီး မကြာသေးမီက ၂၀၁၃ မှာ သြစတြေးလျနိုင်ငံမှ  Sydney Peace Prize ကိုရရှိထားတဲ့ ဆုများရှင် ဆရာဝန်   တဦးလဲဖြစ်ပါတယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts