ရသဆောင်းပါးစုံ အုန်းနိုင်

အုန်းနိုင် – စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၇)

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၇)
အုန်းနိုင်
မေ ၃၀၊ ၂၀၁၄
 
 

၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်
ရွေးကောက်ပွဲနေ့မှာ ကျနော်တို့ အောင်နိုင်ရေးအဖွဲ့တွေနဲ့အတူ ကိုယ်စားလှယ်လောင်းနှစ်ဦး ကျေးရွာတွေရောက်အောင်သွားဖို့ ကားနှစ် စီးပြင်ဆင်ထားပါတယ်။ အစ်မကြီး ဒေါ်မြင့်အေးရဲ့ဂျစ်ကားနဲ့ ဘုရားငါးဆူရွာက ဦးသောင်းစိန်ရဲ့ ဒိုင်နာကားတို့ကို စီစဉ်ထားပါတယ်။ ကျ နော်က ဂျစ်ကားနဲ့အောင်နိုင်ရေး အဖွဲ့ဝင်တချို့ပါခေါ်ပြီး နံနက် (၆) နာရီကတည်းက မြောက်ဘက်ကိုစထွက်ပါတယ်။

ဘုရားငါးဆူ ရွာမဲရုံမှာ အစပိုင်းတော့ အသားမကျသေးပဲ ဖြစ်နေပြီး ကျနော်ရောက်ချိန်မှာတော့ နှစ်ဖက် အေးအေးဆေးဆေး ဆွေးနွေးညှိ နှိုင်းပြီး ပြေလည်သွားပါတယ်။

ကားလမ်းအတိုင်း မြောက်ဘက်ဆက်သွားတော့ မြောက်ကုန်းကြီးကျေးရွာအုပ်စုမဲရုံက ကားလမ်းဘေးမှာပဲဖြစ်ပြီး ကားရပ်တော့ အားလုံး တက်တက်ကြွကြွပါပဲ။ ဒီရွာကလည်း ကျနော့် မွေးရာဇာတိရွာနဲ့  မဝေးတော့ အားလုံးပြေပြေလည်လည်ပါပဲ။ ခဏနေပြီး မှတ်တိုင်ကို ဆက်သွားပါတယ်။ မြောက်ကုန်းကြီးရွာကျော်တော့ နံနက် ၈ နာရီလောက်ရှိနေပြီ။ ကားလမ်းဘေးရွာတွေက မဲပေးဖို့ထွက်လာတဲ့ လူတန်း ကြီးတွေကို  တွေ့ရပါတယ်။ အရင်ရက်တွေက မိုးရွာပေမယ့် ဒီမေလ (၂၇) ရက်နေ့မှာတော့ ရာသီဥတုက သာသာယာယာ ကြည်ကြည်လင် လင်ရှိပါတယ်။ မှတ်တိုင်ကျေးရွာအုပ်စုဝင် ရွာအသီးသီးက မဲရုံရှိတဲ့ မှတ်တိုင်ရွာကိုသွားနေကြတဲ့ လူတန်းကြီးကလည်း တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်ပါပဲ။ လမ်းဘေးဝဲယာရွာတွေက လူတန်းတွေကို မပြတ်မြင်နေရပါတယ်။ မှတ်တိုင်ရွာမဲရုံရောက်တော့ အခြေအနေက ကောင်းပါတယ်။ မဲကြိုဌာနတွေမှာလည်း ရွေးကောက်ပွဲ မဲဆွယ်ကက်ဆက်ခွေတွေဖွင့်လို့၊ ကြမ်းတမ်းရမ်းကားမှုများ မတွေ့ရပါ။ မဲရုံ အရာရှိတွေကလည်း တက်တက်ကြွကြွပါပဲ။ များသောအားဖြင့်တော့ မဲရုံမှူး ၊မဲရုံဝန်ထမ်းနဲ့အဖွဲ့အသီးသီးက မဲရုံကိုယ်စားလှယ်တွေက ကျနော့် တပည့်တွေ များပါတယ်။

ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ပေါက်တောမဲရုံကို ဆက်သွားပါတယ်။ ပေါက်တောက တပ်မ (၆၆) တပ်ရင်း (၁၀) ရှိတဲ့ ကျေးရွာအုပ်စုပါ။ အဓိကကျတဲ့ ရွာကနှစ်ရွာပဲရှိပါတယ်။ ပေါက်တောရွာနဲ့ နဘဲတုံးရွာပါ။ ကျန်တာက တပ်မိသားစုပါ။ တပ်ကတော့ ရှေ့တန်းထွက်နေပါတယ်။ ကြိုတင်မဲပဲ ထည့်ကြမှာပေါ့။ ပေါက်တောရွာအောင်နိုင်ရေးက သူတို့မဲရုံမှာ တပ်မိသားစုတွေကို နောက်တန်းမှူးက ဖိအားပေးနေတယ်။ ပြောင်ပြောင်တင်းတင်းတော့ မဟုတ်ဘူးလို့ စိုးရိမ်တကြီးပြောပါတယ်။ ကျနော်ကတော့  အောင်နိုင်ရေးအဖွဲ့ ၀င်များကို သိပ်ပြီးစိုးရိမ်မနေဖို့၊ ဒီမဲရုံမှာ ကျနော်တို့အဖွဲ့ရှုံးရင်တောင်မှ တစ်မြို့နယ်လုံးအနေနဲ့ မစိုးရိမ်ဖို့ ပြောရပါတယ်။ သူတို့ စိုးရိမ်တကြီးဖြစ်နေတာကြောင့် သူတို့ရွာမှာ ခပ်ကြာကြာလေး အားပေးပြီနေခဲ့ရတယ်။

ကားလမ်းကပေါက်တောအထိပဲ သွားနိုင်တာမို့ အဲဒီကအပြန်မှာ ရန်ကုန်ပြည်ကားလမ်းမကြီးပေါ်မှာရှိတဲ့ ကြူတောကန်ရွာမဲရုံဆီကိုသွားပါတယ်။ ရန်ကုန်ပြည်ကားလမ်းမကြီးပေါ်မှာတော့ ကားကြီးကားငယ် အသွားအလာ မရှိသလောက်ပါပဲ။ တစ်ပြည်လုံးမှာရှိတဲ့သူတွေက အ ရေးတကြီးကိစ္စမရှိရင် ခရီးသွားတာမလုပ်တော့ပဲ မဲရုံကိုပဲသွားပြီး မဲပေးကြတဲ့ပုံပါပဲ။ ကြူတောကန်မဲရုံက ကျနော်တို့အဖွဲ့   စိတ်မချရ တဲ့မဲရုံ ပါ။ အဲဒီရွာက သြဇာရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ ဦးစိန်မောင်က တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်အရွေးခံတာမို့ သူ့ဆွေမျိုးအသိုင်းအ၀ိုင်း ကြောင့်  ကျနော် ရှုံးနိုင်မယ့်မဲရုံပါ။ ဒါကြောင့် ဒီရွာမှာရှိတဲ့ ကျေးရွာအောင်နိုင်ရေးများကိုအားပေးစကားပြောပြီး  မြို့ဘက်တစ်ခါပြန်လှည့်ရတယ်။ ဒီတော့မှ ကျန်နယ်မြေ (၂) အတွက် စီစဉ်ထားတဲ့ကားက မလာနိုင်ပဲ မော်တော်ဆိုင်ကယ်နဲ့ပဲ နယ်မြေ (၂) မှာ ကိုယ်စားလှယ်လောင်း ဦး အေးသန်း သွားနေရတယ်ဆိုတာ သိရပါတယ်။ နယ်မြေ (၂) မှာ ကြို့ပင်အုပ်စု ဘိုကုန်းရွာမဲရုံမှာ မဲရုံမှူးအမျိုးသမီးက ညစ်တစ်တစ် လုပ်နေတယ်သိရလို့ တစ်ခါသွားရပြန်ပါတယ်။ ကျနော်နဲ့တွေ့တော့လည်း အဟုတ်ပဲ။ တပည့်ကလည်း ဖြစ်နေတာကိုး။ အဲဒီကမှတဆင့် တောင်ဘက်သဖန်းကုန်းအထိ သွားခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ မဲရုံကို မဲထည့်သွားတဲ့သူနဲ့ ကျနော်တို့အဖွဲ့ဝင်တွေ ဟိုရွာ ဒီရွာ ဆက်သွယ်တာလောက်သာရှိပြီး လမ်းတွေပေါ်မှာ အသွားအလာ ပြတ်ပါတယ်။ ကြည့်ရမြင်ရတဲ့အခြေအနေအရတော့ ဒီနေ့မှာ လူတိုင်းဟာ မဲထည့်တဲ့အလုပ်ပဲလုပ်မယ်။ တခြားဘာမှမလုပ်သလောက် မသွားမလာကြသလောက်ပါပဲ။ နောက်တော့ တခြားမြို့နယ်တွေမှာလည်း ဒီလိုပဲဆိုတာ သိလာရပါတယ်။ ဒီနေ့မှာ ပြည်သူလူထုက သူတို့ရဲ့ ဒီမိုကရေစီဆန္ဒကို  တလုံးတခဲတည်း ပြလိုက်တဲ့နေ့ပါပဲ။

ညနေ (၆) နာရီမှာ မြို့နယ်ခန်းမမှာ မြို့နယ်ကော်မရှင်ဥက္ကဌက မဲရေတွက်ဖို့စီစဉ်ပါတယ်။ စင်မြင့်ပေါ်မှာ ဘုတ်ကြီးတွေ ထောင်ပါတယ်။ ဒီဘုတ်ကြီးတွေမှာ ရပ်ကွက်ကျေးရွာအသီးသီးက ရောက်ရှိလာမယ့် ပုံစံ (၁၅) ပါ စာရင်းတွေကို တစ်ခုပြီးတစ်ခုရေးပြီး ပေါင်းသွားမှာပေါ့။ ဒီနေ့မှာ တမင်ပဲလား၊  မတော်တဆလားမသိ။ တမြို့ လုံး  လျှပ်စစ်မီး လုံးဝပြတ်တောက်နေပါတယ်။ ကော်မရှင်ဥက္ကဌက မီးစက်နှိုးပြီး မီးဖွင့် ထားပါတယ်။ ရွေးကောက်ပွဲဝင် အဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေကို ညနေ (၆) နာရီမှာ ဖိတ်ထားတာကြောင့် တဖွဲဖွဲရောက်လာကြတယ်။ လူစုံတော့ ကိုယ်စားလှယ်လောင်းများ၊ ကိုယ်စားလှယ်လောင်းရဲ့ကိုယ်စားလှယ်များကို စင်မြင့်ပေါ်ကိုဖိတ်ခေါ်ပါတယ်။ နယ်မြေ (၁) က  အဖွဲ့လေးဖွဲ့အတွက် ရှစ်ယောက်၊ နယ်မြေ (၂) က အဖွဲ့လေးဖွဲ့အတွက် ရှစ်ယောက်စုံတော့ ကော်မရှင်ဥက္ကဌ ကြိုတင်မဲများ ဖွင့်ဖောက် ရေတွက်ပါတယ်။ နယ်မြေ (၁) မှာ ကြိုတင်မဲက (NLD) ခမောက်(၂၆) မဲ…။ (တစည) ရဲ့  သင်္ဘော (၁၄၁) မဲ..။ ဦးအောင်ကြီးရဲ့  ချိန်ခွင် (၁၀၂) မဲ၊ တသီးပုဂ္ဂလရဲ့ လွယ်အိတ်က (၁၈) မဲရပြီး နယ်မြေ (၂) မှာတော့ ခမောက် (၁၅) မဲ၊ (တစည) စပါးနှံ (၇) မဲ၊ ချိန်ခွင် (၂) မဲ၊ (တသီးပုဂ္ဂလ) အလံ (မဲမရှိ) ဖြစ်ပါတယ်။ နယ်မြေ (၁) က စစ်တပ်ကြိုတင်မဲဖြစ်ပြီး နယ်မြေ (၂) က ရဲတပ်ဖွဲ့ကြိုတင်မဲဖြစ်ပါတယ်။ ဒီမဲ များရေတွက်ပြီး ကျွန်တော်တို့ အောက်ပြန်ဆင်းပြီး စောင့်ကြည့်ကြပါတယ်။ ကုလားထိုင်များလည်း အောက်မှာသုံးဆယ်၊ လေးဆယ်လောက် ချထားတာမို့ အဖွဲ့အားလုံးထိုင်နိုင်ပါတယ်။ စင်မြင့်ပေါ်မှာတော့ ဘုတ်ကြီးနှစ်ခုထောင်ပြီး နယ်မြေ (၁) အတွက် ဘုတ်တစ်ခု၊ နယ်မြေ (၂)အတွက် ဘုတ်တစ်ခု၊ ဘုတ်တွေပေါ်မှာ ကော်လံငါးကွက်မျဉ်းချလိုက်ပါတယ်။ ပြီးတော့ ခုတင်က ရေတွက်လိုက်တဲ့ ကြိုတင်မဲများရေးထည့် လိုက်ပါတယ်။

နယ်မြေ(၁)
စဉ်     ရပ်ကွက်၊ကျေးရွာအုပ်စု       လွယ်အိတ်    ချိန်ခွင်        သင်္ဘော        ခမောက်
၁       ကြိုတင်မဲ                           ၁၈              ၁၀၂             ၁၄၁                   ၂၆

နယ်မြေ (၂)
စဉ်     ရပ်ကွက်၊ ကျေးရွာအုပ်စု    အလံ         ချိန်ခွင်             ခမောက်              စပါးနှံ
၁       ကြိုတင်မဲ       –                    (၀)                ၂                ၁၅                  ၇

လို့ရေးသွင်းလိုက်ပါတယ်။ အားလုံးပဲလက်ခုပ် ညီညီညာညာ တီးလိုက်ကြပါတယ်။

(၇) နာရီလောက်ကျတော့ ပထမဆုံးရပ်ကွက်အဖြစ် ပေါင်းတည်နယ်မြေ (၂) က ဈေးကွက် (၁) မဲစာရင်း ၀င်လာပါတယ်။ အနီးဆုံးဖြစ် လို့ ပါလာတဲ့သူကလည်း များပါတယ်။ အလံတွေတောင်ထောင်လို့၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဒို့အရေးဆိုတဲ့  ကြွေးကြော်သံတွေပါကြွေး ကြော်လာကြပါတယ်။ ဈေးကွက် (၁) ရဲ့မဲရုံမှူးက သူ့မှာပါလာတဲ့ မဲအရေအတွက် စာရင်းပုံစံ (၁၅) ကို စင်မြင့်ပေါ်တက်ပြီး ကော်မ&ှင်ဥက္ကဌ
လက်ကိုပေးပါတယ်။ ကျနော်တို့အဖွဲ့ရဲ့ မဲရုံကိုယ်စားလှယ်ကလည်း သူ့လက်ထဲပါလာတဲ့မဲစာရင်းပုံစံ (၁၅) ကို ကျနော်တို့အဖွဲ့ ထိုင်နေတဲ့ စားပွဲမှာ လာအပ်ပါတယ်။ ကော်မရှင်ဥက္ကဌက သေသေချာချာစစ်ဆေးပြီး ဖိုင်တွဲလိုက်တယ်။ နယ်မြေ (၂) အတွက် ထောင်ထားတဲ့ ဘုတ် ဆီသွားပြီး အသံချဲ့စက်ကအော်လည်းအော်၊ ဘုတ်ပေါ်မှာရေးလည်းရေးပါတယ်။ အလံ (၉) မဲ၊ ချိန်ခွင် (၁၆၅) မဲ၊ ခမောက် (၅၆၅) မဲ၊ စပါး နှံ (၈၄) မဲ၊ ဘုတ်ပေါ်မှာ ဂဏန်းတွေထင်လာတာနဲ့ ကျနော်တို့အဖွဲ့ဆီက လက်ခုပ်သံတွေ တဖြောင်းဖြောင်းထွက်လာပါတယ်။

နောက်ဝင်လာတာကလည်း နယ်မြေ (၂) ရဲ့မင်းကွက် (၁) ရက်ကွက်ပါ။ အလံ (၃၁)၊ ချိန်ခွင် (၁၂၉)၊ ခမောက် (၉၁၈)၊ စပါးနှံ (၁၇၈)လို့ရေးလိုက်တော့ လက်ခုပ်သံများညံသွားပြန်ပါတယ်။ ဒီလိုနဲ့ နယ်မြေ (၁) ရော၊ နယ်မြေ (၂) မှာပါ ခမောက်က ၈၀၀၊ ၉၀၀ လောက်နဲ့ စပါးနှံနဲ့သင်္ဘောက မဲ ၁၀၀၊ ၁၅၀ အချိုးလောက်လာနေကြပြီး ည (၉) နာရီလောက်ရောက်တော့ နယ်မြေတစ်ခုစီမှာ ရပ်ကွက်နဲ့ကျေးရွာ (၁၀) ခုစီရောက်လာပြီး   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဲက (၈၀၀၀) လောက်။ တစညမဲက (၁၂၀၀) လောက်၊ ချိန်ခွင်နဲ့ အခြားအဖွဲ့များရဲ့ မဲက (၈၀၀) စီလောက်ရှိနေပါပြီ။ အခြေအနေက သိသာနေပါပြီ။ ခမောက်က ရှေ့ကအပြတ်အသတ် ပြေးနေပြီဆိုတော့ ကျန်တဲ့  တစည အဖွဲ့နဲ့ ဦးအောင်ကြီးအဖွဲ့တို့ မသိမသာလစ်ကုန်ကြပြီ။

နယ်ကလိုက်လာတဲ့ မဲရုံကိုယ်စားလှယ်တွေကလည်း ၃၇ လမ်းရုံးမှာဝင်ပြီး ထမင်းစား၊ အစီရင်ခံစာတင်ပြီး ကျနော်တို့ရှိနေတဲ့ခန်းမကို လိုက်လာပြီး အထဲမှာရှိတဲ့  ပွဲခင်းတဲ့ဖျာတွေဖြန့်ပြီး အိပ်တဲ့သူကအိပ်။ စကားပြောတဲ့သူကပြော။ ဘုတ်ပေါ်မှာ မဲစာရင်းရေးလိုက်တိုင်း လက်ခုပ်တီးလိုက်ကြနဲ့ဆိုတော့ ကော်မရှင်ဥက္ကဌက စင်မြင့်ပေါ်ကဆင်းလာပြီး ဆရာကြီးတို့ မဲလည်း အပြတ်အသတ်ဖြစ်နေပါပြီ။ ပြန်ချင် လည်းပြန်။ မပြန်ချင်လည်း အေးအေးဆေးဆေးပဲ ကြည့်ပါ။ လက်ခုပ်တွေတော့ မတီးကြပါနဲ့တော့လို့ မေတ္တာရပ်ခံပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေများအရ ကော်မရှင်က ကျနော်တို့ရှေ့မှောက်မှာ မဲရေတွက်ရမှာမို့ သူတို့ ကပဲ ကျွန်တော်တို့ကို ဖိတ်ထားတာ..။ ပြန်နှင်လို့ကလည်း မရပါ..။ အပြင်ဘက်မှာက မီးကလည်းပြတ်နေတယ်..။ လကလည်း လဆန်း (၄) ရက်လဆိုတော့ မှောင်နေပြီ..။ ဒီမှာပဲအိပ်ကြတာပေါ့လို့ဆိုပြီး တဖြည်းဖြည်းရောက်လာမယ့် အဖွဲ့များကို စောင့်ကြပါတယ်။ (၁၂) နာရီကျော်တော့ ကျေးရွာအဖွဲ့တွေ ထပ်မရောက်တော့ပါဘူး။ နောက်တစ်နေ့မှပဲ လာတော့မှာပါ။ ဒါပေမယ့် ကာဖျူးကလည်း ရှိနေသေးတာမို့ မနက် (၄) နာရီလက်ဖက်ရည်ဆိုင်
တွေဖွင့်မှပဲ လက်ဖက်ရည်သောက်ပြီး အိမ်ပြန်အိပ်ကြတော့တယ်။

နောက်တစ်နေ့လုံး မဲစာရင်းတွေအရ  ပေါင်းတည်နယ်မြေ (၁) မှာ ခမောက်ကမဲပေါင်း (၁၅၅၈၉) မဲနဲ့ ၆၄.၀၈ ရာခိုင်နှုန်း ရပြီး ဒုတိယလိုက်တဲ့
တစညကမဲ (၅၁၁၂) မဲ ပဲရတာမို့ မဲတစ်သောင်းကျော်အပြတ်နိုင်ပေမယ့် ကွင်းကြီး၊ ကျိတ်တောနဲ့ ညောင်နီပင် ကျေးရွာ (၄) အုပ်စုမှာ တစညကို ရှုံးပါတယ်။ ဒီကျေးရွာတွေဟာ ကျနော်တို့  စည်းရုံးရေးအားနည်းတဲ့ ရွှေလေးအနောက်ခြမ်း တောင်ပေါ်ဒေသပါ။ မြေပြန့်က ကျေးရွာတစ်အုပ်စု ကတော့ ကြူတောကန်အုပ်စုမှာ တသီးပုဂ္ဂလ ဦးစိန်မောင်ကို ရှုံးပါတယ်။ ဒီရွာက သူ့ရွာပါ။ ဆွေအားမျိုးအား ကောင်း ပါတယ်။ ဒါပေမယ့် အပြတ်အသတ်မဟုတ်ပါ။ သူက မဲ (၅၅၀) ရပြီး ခမောက်က (၃၉၄) မဲရပါတယ်။ တောင်ပေါ်ဒေသမှာလည်းဒီလိုပါပဲ။ ရှုံးပေမယ့် မပြတ်ပါဘူး။

ကျန်နယ်မြေဖြစ်တဲ့ပေါင်းတည် (၂) နယ်မြေမှာတော့ ရပ်ကွက်နဲ့ကျေးရွာအုပ်စု (၁၆) ခုစလုံးမှာ အနိုင်ရပါတယ်။ စုစုပေါင်း  ခမောက်က မဲပေါင်း (၁၈၀၀၅) မဲ၊ ၇၅.၅ ရာခိုင်နှုန်းနဲ့ တစညက မဲပေါင်း (၃၉၅၁) မဲ နဲ့မဲပေါင်း တစ်သောင်းလေးထောင်ကျော်ပြတ်ပြီးနိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts