မေငြိမ်း ရေခြားမြေခြား မြန်မာများ

မေငြိမ်း – Congratulations သားကြီး…

Congratulations သားကြီး…

 မေငြိမ်း၊ မေ ၂၅၊ ၂၀၁၄ 

(သူ့ဖေစ်ဘွတ်က ယူပါတယ်)

 

ဒီနေ့က ကျမသားကြီး Apply Science နဲ့ အောင်လက်မှတ်ယူတဲ့ နေ့ပါ။ ပြီးခဲ့တဲ့ နှစ်လလောက် ကတည်းက သားကြီးက ကျမကို မေးတယ်.. မေမေ Graduation ပွဲ တက်ချင်လားတဲ့။ ကျမက ‘သားက မတက်ချင်ဘူးလား’ လို့ ပြန်မေးတော့ .. သိပ်တော့လည်း မထူးမှမထူးဘဲ တဲ့။ (သူက Grade 3.2 ပဲ ရလို့ ထင်ပါရဲ့)။ ကျမက ပြော လိုက်ပါတယ်။ မေမေကတော့ တက်ချင် တာ ပေါ့.. လို့ ဒါနဲ့ပဲ တက်ဖြစ်ခဲ့တယ်ဆိုပါတော့။ တကယ်တော့ ပကာသန အတွက်မဟုတ်ဘဲ ဒီပွဲကိုတော့ တကယ်ကို တက်ချင်ရတဲ့အကြောင်း ရှိလို့ပါ။

ကျမ သားကို သူ့ဆန္ဒမပါဘဲ တိုင်းပြည်ထဲကနေ ကျမ ခေါ်ထုတ်လာတုန်းက မှတ်မှတ်ရရ သားက ၈တန်းစာမေးပွဲကို TTC မှာ ဖြေပြီးတဲ့ နေ့ပါ။ သူ့ခမျာ သူမသိတဲ့ တပြည်တရွာကို လိုက်ရ မှာ။ အမေခေါ်သမျှ ခဏခဏ အဲလို လိုက်ခဲ့ရဖူးပေမဲ့ ဒီတခါက တကယ့်ကိုမှ သူစိမ်းတရံဆံတွေဆီ…။ ဒီလိုနဲ့ ထိုင်းကို ရောက်ချိန်မှာ ကျမ မျှော်လင့်ခဲ့သမျှ.. စီစဉ်ခဲ့သမျှတွေက တစ်ခုမှ မဖြစ်နိုင်ခဲ့ဘဲ ကံကောင်းလွန်း လို့သာ မိသားစု ဒုက္ခအကြီးအကျယ် မရောက်ခဲ့ဘဲ နေခဲ့ရပါတယ်။ အဲဒီအချိန် အငယ်နှစ်ယောက်က ထိုင်း အစိုးရ ကျောင်းမှာ နေလို့ ရခဲ့ပေမဲ့ ၊ အသက် ၁၃ နှစ် … ဟိုမရောက် ဒီမရောက် နဲ့ ထိုင်းစကား လုံးလုံးမှ မတတ်တဲ့ ကျမ သားကြီးကတော့ ဘာကျောင်းမှ တက်မရဘဲ ဖြစ်ခဲ့ပါတယ်။ နောက်တော့ ကျမ တွေးပါတယ်။ သားမှာ အင်္ဂလိပ်စာ သာ ရှိထားရင် တစ်ခုခု စီစဉ်နိုင်မှာပဲ လို့။ အဲဒီတုန်းက တစ်ခုခု ဆိုတာကလည်း တော်တော် ကြီးကို မသေချာတာပါ။ ဒါနဲ့ ကျမ ကြိုးစားပြီး သားကို British Council မှာ အင်္ဂလိပ်စာတန်းတွေ ဈေးကြီးကြီးနဲ့ တက် ခိုင်းရပါတယ်။ အဆင်သင့်ဖြစ်လောက်ရင် TOEFL ဖြစ်ဖြစ် IELTS ဖြစ်ဖြစ် ဖြေပြီး တနိုင်နိုင်ငံမှာ ကျောင်း တက် နိုင်အောင် ကြိုးစားမယ်လို့ စဉ်းစားထားလိုက်ပါတယ်၊

ဒီလိုနဲ့ ထိုင်းမှာ နေတာ ၃နှစ်မြောက်မှာပဲ မဲဆောက်မှာ မြန်မာကလေးတွေအတွက် GED Course (General Education Development) စေတနာနဲ့ သင်ပေးမယ့် ကျောင်း (မိုးကြိုး) ပေါ်လာတဲ့အချိန်… ကမကထ စီစဉ်သူ ဦးသန်းထွဋ် (NLD) ရဲ့ အကူအညီနဲ့ အဲဒီကျောင်းမှာ သားကြီး ကျောင်းအိပ်ကျောင်းစား တက်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ တက်နေတုန်းပဲ ကျမတို့မိသားစု DV Lottery ပေါက်တာပါ။ ဆိုပါတော့ .. အဓိက ပြောချင်တာက သားကြီးရဲ့ ပညာရေးဘ၀ကိုပါ။ အမေရိက ရောက်တော့ သူ့ခမျာ ၁၈ နှစ်ပြည့်ကာနီး။ High School ထားမယ် လို့ စီစဉ်ပြီး ကျောင်းကောင်စီကို စုံစမ်းပါတယ်။ ကျောင်း Counselor က သူ့အခြေအနေကို မေးကြည့် .. စကား ပြောကြည့်ပြီး ကောလိပ်ကို ၀င်ဖို့ ကြိုးစားကြည့်ပါလား.. တဲ့။ အဲဒီအချိန်.. သားကြီးရဲ့ English accent က British accent ပါ။ ပြီးတော့ ဒီက အမေရိကန်တွေရဲ့ လေသံ ကိုလည်း သိပ်နားမလည်သေးတာမို့ သားကတော့ High School တက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အနားမှာ ရှိတဲ့ (သွေးမတော် သားမစပ်ပေမဲ့.. သူတို့ သွေးသားလို အမြဲ အကြံပေး ပြောပြတတ်တဲ့) ဦးလေးတွေ အဒေါ်တွေက အားပေးတာနဲ့ပဲ ကောလိပ်မှာ Assessment Test ၀င်ဖြေလိုက်တာ အဆင့်ကောင်းကောင်းနဲ့ အောင်ပြီး ကောလိပ် တက်ဖြစ်သွားပါတော့တယ်။

++++++++

ကျမတို့ မိသားစု အမေရိက ရောက်ပုံကတော့ အများသိပြီးသားမို့ ပြန်ပြောမနေတော့ပါဘူး။ ဒါပေမဲ့ ပြောပြဖို့ အရေးကြီးတာကတော့ ကျမတို့ မိသားစုဟာ အမေရိက ကို ရောက် ချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျေးဇူး ကြွေး.. ငွေကြေးကြွေး.. ကိုယ့်ဘာသာ သတ်မှတ်ရယူထားတဲ့ တာဝန်ကြွေးတွေ အများကြီးနဲ့မို့ သိပ်ပင်ပန်း ဆင်းရဲ ခဲ့ကြရ ပါတယ်။ ဒါတွေကို ကောင်းကောင်းသိပြီး မိဘနဲ့အတူ တောက်လျှောက် ရင်ဆိုင်ခဲ့ရတာကတော့ သားကြီးပါပဲ။ သူ့ခမျာ အမေရိကရောက်ချိန် အသက်ကလည်း ၁၈နှစ်မို့ ရောက်ပြီး ဘယ်လောက်မှ မကြာ.. ကောလိပ်တက်ရ.. အလုပ်လုပ်ရပါတယ်။ သူကတော့ ဘာမှ အဆန်းတကြယ် မပြောပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဘ၀တလျှောက်လုံး အမေနဲ့ အတူ ရုန်းကန်ခဲ့ရတာ မဟုတ်လား။ မရှိစကား.. တွေနဲ့ပဲ ကျင့်သားရ ကြီးပြင်းခဲ့ရတာ မဟုတ်လား..။

အမေရိကရောက်ချိန်မှာ ပိုဆိုးတာကတော့ သူ့ရဲ့ ပညာရေးမှာ မိဘက ဘာမှ မကူနိုင်တာပါ။ မိဘက အင်္ဂလိပ် စာ ကောင်းကောင်း မတတ်တော့ ဘာမှ လမ်းမညွှန်နိုင်။ အကြံမပေးနိုင်။ သူ့ကျောင်းစာတွေ မကူနိုင်။ သူ့ဘာသာပဲ Grant လျှောက်တာ.. Aid လျှောက်တာ က အစ.. Counselor နဲ့ တွေ့ပြီး ဘာသာရပ်တွေယူဖို့ ဆွေးနွေးတာအဆုံး.. အကုန်လုပ်ရတာပါ။ ပြီးတော့ သူ့ဘာသာရပ်တွေမှာ အခြေနေက မဆိုးလေတော့ သူ ရတဲ့ ထောက်ပံ့ကြေး က သူ့ကျောင်းစရိတ် ကောင်းကောင်းလောက်တာမို့ မိဘက သူ့ကျောင်းအတွက် ပိုက်ဆံ တစ်ဒေါ်လာတောင် မကုန်လိုက်ရတာ.. ခု ဒီဂရီ တစ်ခု ပြီးသွားတဲ့ အထိပါပဲ။

++++++

ကျမ သားကြီးက မိဘ ကံမကောင်းရှာတဲ့ ကလေးလို့ ပြောရမယ်ထင်ပါတယ်။ သူ ငယ်ငယ်ကတည်းက မိဘက တကွဲတပြား။ သူ သိတတ်စမှာ အမေက နောက်အိမ်ထောင်ပြု.. ။ ကံကောင်းလို့ ပျော်ရွှင်စိတ်ချမ်းသာစရာ မိသားစု ဖြစ်ခဲ့ပေမဲ့ အမြဲရုန်းကန်နေရတဲ့ ဘ၀ထဲမှာမို့ သူက အမြဲလို စနစ်တကျ တိုင်းတိုင်းထွာထွာ နဲ့ပဲ ကျင့်သား ရခဲ့ရတာပါ။ မှတ်မှတ်ရရ.. တခါမှ သူ ဘာလိုချင်တယ်လို့ ကျမကို မပူဆာဖူးသလို.. လိုချင်တာမရလို့ မိဘကို အပြစ်တင်တာမျိုးလည်း တခါမှ မရှိဖူးပါဘူး။ ခုချိန်ထိ ကျမ မကြိုက်တာလည်း တစ်ခုမှ မလုပ်ဖူးပါဘူး။ (ပြောရရင် ကျမကတောင် ဗိုလ်ကျသေးတာပါ)။ခု ကျမ စာသင်နေတဲ့ သံတမန် ကျောင်းသားတွေက ကျမမှာ အသက် ၂၃ နှစ်အရွယ် သားကြီးက မိဘနဲ့ အိမ်မှာ အတူနေတုန်းမို့ သားအကြောင်း စိတ်ဝင်တစား မေးကြလို့ သားကြီးအကြောင်းပြောပြရင် သူတို့က Really!  Really!! နဲ့ အမြဲ တအံ့တသြ ဖြစ်ကြပါတယ်။ ကျမက သားကြီးက ကျမတို့နဲ့ နေတယ်။ ညီမ နဲ့ ညီကို Take care လုပ်ရတယ်။ ဘီယာ .. အရက်.. ဆေးလိပ် လုံးဝ မသောက်.. ရည်းစား မရှိသေး.. Night out, Hangouts လုံးဝ မထွက်.. သူ အလုပ်လုပ်တဲ့ လခ တစ်ဝက်ကို အိမ်စရိတ်ပေးတယ်…။ အဲဒါတွေက သူတို့ အတွက် အံ့သြစရာဖြစ်နေသလားပါပဲ။

+++++

ခု သားကြီးက နောက်ထပ် တက္ကသိုလ် ဆက်တက်ပါမယ်။ သူက Master ဘွဲ့လည်း ယူဦးမှာတဲ့။ ရည်းစား ထားရတာ ပိုက်ဆံကုန်တယ်.. ဈေးကြီးတယ်.. မထားသေးဘူး တဲ့။ မြန်မာပြည်မှာဆို သားတို့အခြေအနေက ခုလိုမျိုး ပညာသင်နိုင်မှာမဟုတ်ဘူး.. ခုလို အခွင့်အရေးရတုန်း သင်ချင်တယ်တဲ့။ ပြီးတော့ မိဘက တပါး တိုင်းပြည်မှာ ရုန်းကန်နေရတော့ သူက သူ့မှာ အိမ်တာဝန်ရှိတယ်လို့လည်း ထင်တယ်။ သူ့အဖေကိုလည်း အရွယ်ရှိတုန်း ဒီပလိုမာတခုခု ယူစေချင်သေးတာတဲ့။ အမေ ဘ၀တလျှောက်လုံး မတည်မငြိမ်.. အိမ်နဲ့ယာနဲ့ မနေရလို့မို့ ခု အသက် ၅၀ နားနီးမှ အိမ်လေးတစ်လုံးရတာ.. အဲဒီအိမ်အတွက် သူလည်း တာဝန် ကူယူမှာ.. တဲ့။သိပ်ကောင်းတာပေါ့.. အမေ တစ်ယောက်အတွက်တော့ ဒီထက်ကောင်းတဲ့ သား ဘယ်ရှိပါ့မလဲ..။ မိဘတွေအနေနဲ့ ဒါ့ထက် လောဘကြီးဖို့တော့ မသင့်ပြီ။

ကျမတို့ မြန်မာလူမျိုးတွေက ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်တဲ့အခါ ကိုယ့်သားသမီးတွေ ကိုယ့် အိမ်သား မိသားစုတွေကို ကျေးဇူးတင်လေ့ နည်းကြပါတယ်။ ကျမကတော့ အဲဒီ ကျေးဇူးတင်ကျင့်လေးကို တခုတ်တရ လုပ်ချင်ပါတယ်။ ဒါကြောင့် ဒီစာက ကျမသားကြီးရဲ့ အားထုတ်မှု နဲ့ မိသားစုအပေါ်ထားတဲ့ စေတနာ အတွက် ကျေးဇူးတင်တဲ့ စာ ပါပဲ။ တလက်စတည်း တကယ် ကြိုးစားအားထုတ်ခဲ့ရတဲ့ သူ့ရဲ့ အောင်မှတ်တိုင် (Milestone ) လေးကိုလည်း ဂုဏ်ပြုတာပါ။ ဒီ အောင်မြင်မှုလေးက တကယ့် အခြေခံအဆင့်လေး.. လူအများစုလည်း လုပ်နိုင်တဲ့ အဆင့်တစ်ဆင့်ဆိုပေမဲ့ ဒါဟာ ကျမသားကြီးနဲ့ ကျမတို့ မိသားစုအတွက်တော့ အရေးပါတဲ့ အစခြေတစ်လှမ်းပဲ မဟုတ်ပါလား…။ ကျေးဇူးပါ သားကြီး။

၂၃ မေ ၂၀၁၄။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “မေငြိမ်း – Congratulations သားကြီး…
  1. ဤကဲ့သို့ အတုယူ အားကျ ကြိုးစားဖွယ်ရာတွေကို များများ ရှာဖွေလေ့လာ ရေးသားတင်ပေးစေချင်မိပါတယ် တက်လူငယ်တို့ အသိကြွယ်ဖို့ အရေး မျှဝေရှယ်ပေးပါလို့ သာ…

Comments are closed.