Poems

နိုင်ဦးညို (ဖိုးဇီးရိုး) – မဟာတပ်မ မိုးမခ

မဟာတပ်မ မိုးမခ
နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၂၆၊ ၂၀၁၄


မိုးမခ
မဟာတပ်မ မိုးမခ
ခင်ဗျားဟာ အွန်လိုင်းဘဝ
၁၁ နှစ်သားအတွင်းမှာ
ခင်ဗျားရဲ့ဘေးနှစ်ဘက်မှာ
ခင်ဗျားရဲ့အနောက်မှာ
ခင်ဗျားရဲ့အရှေ့မှာ
တောင်မြောက်ဝဲယာမှာ
ရန်သူမျိုးငါးပါးကို
ရှင်းထုတ်ပေးနေတဲ့
တပ်မဟာမှူးကြီးတွေ
တပ်မင်းကြီးအပေါင်းတွေ
ကိုယ်ရံတော်တပ်မှူးတွေ
တိုက်စစ်မှူးကောင်းတွေ
လက်မရွံ့တပ်သားကောင်းတွေ
တယောက်ဆင်းတယောက်တက်
အများကြီးအများကြီး ရှိခဲ့ပါတယ်၊

မိုးမခ
မဟာတပ်မ မိုးမခ
ခင်ဗျားဟာ အွန်လိုင်းဘဝ
၁၁ နှစ်သားအတွင်းမှာ
ကျုပ်တို့လို မနူးမနပ်နဲ့
ကြွပ်ဆတ်ဆတ် မာကြောကြော
ပေတေတေကောင်တွေကို
တရစပ်မပြတ် တယောက်ပြီးတယောက်
မွေးထုတ်ပေးလိုက်တယ်၊

မိုးမခ
မဟာတပ်မ မိုးမခ
အခုခင်ဗျားရဲ့
ဒီတနှစ် စဖွင့်လိုက်တဲ့
စစ်မျက်နှာအသစ် ကွင်းအသစ်မှာ
တိုက်ပွဲအသစ်တွေကိုဖော်ဆောင်
တိုက်ပွဲအဟောင်းတွေကိုဆက်တိုက်
ကျုပ်တို့လို ခင်ဗျားတို့လို
မာကြောကြောအကောင်အသစ်တွေ
နောက်ထပ်နောက်ထပ် မွေးထုတ်ရင်း
ခင်ဗျားနဲ့ကျုပ်တို့ လက်တွဲမဖြုတ်စတမ်း
ဆက်တိုက် ဆက်မိုက် ဆက်ဖိုက် ကြရမှာ
စစ်မှန်တဲ့လွတ်လပ်ရေး မရမချင်းပေါ့ဗျာ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts