ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ထူးထူး (တောင်ငူ) – စစ်အစိုးရ ထောင် မှ နယူးဇီလန် တက္ကသိုလ် သို့

စစ်အစိုးရ ထောင် မှ နယူးဇီလန် တက္ကသိုလ် သို့
ထူးထူး (တောင်ငူ)၊ မေ ၂၃၊ ၂၀၁၄

အခန်း -၁-

စာရေးသူနေထိုင်တဲ့ နယူးဇီလန်နိုင်ငံမှာ လူတိုင်းနီးပါးဟာ မိုးလင်းတာနဲ့ အရင်ဆုံး သတင်းစာနဲ့ နို့ဗူးကို ရှာတတ်ကြပါတယ်။ နို့ဗူး ကတော့ နံနက်စာအတွက်ပေါ့၊ သတင်းစာကတော့ ကမ္ဘာမှာ ဘာတွေပြောင်းလဲတယ် … ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်နေလဲ သိဖို့ပါ။ နယူးဇီလန်သတင်းစာတွေထဲမှာ         The New Zealand Herald သတင်းစာက နာမည်ကြီး  သတင်းစာတစ်စောင်ပေါ့။

တိုးတတ်နေတဲ့ခေတ်ကို မျက်ခြေမပြတ်စေဖို့ စာရေးသူကတော့ ကိုယ်ရောက်နေတဲ့ နိုင်ငံကသတင်းစာကို နေ့စဉ်ဖတ်လေ့ရှိပါတယ်။ သတင်းစာကဝေးဝေးသွားရှာစရာမလိုပါဘူး- အွန်လိုင်းကနေ ဒေါင်းလုပ်ခ် လုပ်ပြီးဖတ်ရုံပါပဲ။ ဒီနေ့ သတင်းစာကတော့ စာရေးသူအတွက်  ခံစားမှုပေါင်းများစွာ သယ်လာတယ်လို့ ပြောရမလိုပါဘဲ။

၂၀၊၅၊၂၀၁၄ (အင်္ဂါနေ့) နေ့စွဲ နဲ့ The New Zealand Herald သတင်းစာမှာ ဆောင်းပါးရှင် Natalie Akoorie ရေးတဲ့ “Dream path from Burmese Prison to NZ tertiary education” ဆိုတဲ့ဆောင်းပါးကို ဖတ်နေရင်းနဲ့ စာရေးသူရင်ထဲ နာကျင်မှု၊ ၀မ်းနည်းမှု၊ ကြည်နူးပီတိဖြစ်မှု၊ ကျေနပ်ဂုဏ်ယူမှု စတဲ့ ဆန့်ကျင်ဘက် ခံစားမှုပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ်။ အဆုံးမတော့… စာရေးသူ လက်ခမောင်းထခတ်မိသည်အထိ ၀မ်းသာဂုဏ်ယူမဆုံးဖြစ်မိပါတယ်။ ချက်ခြင်းဆိုသလို ကာယကံရှင်တွေဆီဆက်သွယ်ပြီး- ဆောင်းပါးရေးဖို့ခွင့်တောင်းခဲ့ပါတော့တယ်။ ကာယကံရှင် ကိုရဲထွန်းဦး၏ ခွင့်ပြုချက်ရတာနဲ့ စာရေးသူရေးပါတော့တယ်……

+++++

အခန်း -၂-

သတင်းထောက် Natalie Akoorie က ကမ္ဘာကျော် သတင်းစာကြီးရဲ့ သတင်းထောက်ပီပီ ဘ၀ကိုအရှုံးမပေးဘဲ၊ လောကဓံ ကိုအံတုရင်း ရှေ့ သို့ချီတတ်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက် ကိုရှာဖွေတွေ့ရှိသွားတဲ့အခါ- နယူးဇီလန်သာကမ၊ ကမ္ဘာကိုပါ မီးမောင်းထိုးပြဖို့ သူမ ကြိုးစားပါတော့တယ်။

လွန်ခဲ့တဲ့ (၂၆) နှစ်ကျော်ကာလ- ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ဘိုကလေးမြို့ က မဟုတ်မခံ၊ အမှန်တရားကို မြတ်နှိုးတဲ့ အထက်တန်းကျောင်းသားလေး- မောင်ရဲထွန်းဦး တစ်ယောက် တိုင်းပြည် အရေးအတွက် အစွမ်းကုန် တတ်ကြွစွာပါဝင်ဆင်နွဲခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် အထွေထွေပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲကြီးပြီးမှာ အပြတ်အသတ်အနိုင်ရရှိတဲ့ ပြည်သူချစ်တဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို စစ်တပ်က အာဏာလွှဲမပေးတဲ့အခါ- မောင်ရဲထွန်းဦး တစ်ယောက် (NLD) လွတ်မြောက်နယ်မြေကိုအရောက်သွားပြီး၊ တော်လှန်ရေးအတွက် လူထုစည်းရုံးရေးပညာကဲ့သို့သော လေ့လာဆည်းပူးစရာများကို သင်ကြားခဲ့ပါတော့တယ်။ ထို့နောက် တက္ကသိုလ်တွေလည်းပိတ်ထားတဲ့ကာလဆိုတော့ မြန်မာပြည်ထဲကို ပြန်လာပြီး ပြည်တွင်းမှာ လူထုစည်းရုံးရေး ကို ဘိုကလေးမြို့ (NLD) လူငယ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အားကြိုးမာန်တတ်ဆောင်ရွက်လှုပ်ရှားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ၁၉၉၂ ခုနှစ်မှာ သူ့ကိုထောက်လှမ်းရေးကဖမ်းပြီး ထောင်ဒဏ် (၁၀) နှစ်ချလိုက်ပါတော့တယ်။

+++++

အခန်း-၃-

ရုံးမရောက် – ဂတ်မရောက်ဘဲ… မအူပင်ထောင်တွင်းမှာပင် တရားသူကြီးအမျိုးသမီး၊ ရဲအရာရှိ နှင့် အမှန်တရားကိုမြတ်နှိုးတဲ့ လူငယ်လေးတစ်ဦး- ခုံသုံးလုံး၊ စာပွဲတစ်လုံးနှင့် မိုးပေါ်ကကျလာတဲ့စာအိတ်… လောကကြီးအမှောင်ဖုံးခဲ့ရပြီ။

ထောင်ဒဏ် (၁၀) နှစ်တဲ့ …  မအူပင်ထောင်၊ အင်းစိန်ထောင် နဲ့ သာယာဝတီထောင်တွေမှာလှည့်လည်ရင်း၊ “ခွင့်လွှတ်ပါ သားရယ်၊ အန်တီလည်း ပါတာဖတ်ရတာပါ” ဆိုတဲ့ တရားသူကြီး အန်တီကြီး၏ စကား ကြားရတာ၊ နားဝမှာ ချိုသလိုတော့ရှိသား…

အခုတော့ထောင်ထဲမှာ အမှန်တရားကိုချစ်မြတ်နှိုးပြီး၊ ပညာကိုတန်ဖိုးထားတဲ့လူငယ်လေး၊ ပညာတတ်ကြီးဖြစ်ချင်တဲ့ မောင်ရဲထွန်းဦး တစ်ယောက် တက္ကသိုလ်ဆိုတာဝေးလို့- ခဲတံအတို၊ စာရွက်အပိုင်းလေးတောင်ကိုင် ခွင့်မရခဲ့ပါဘူး။ ပညာကို တန်ဖိုးထားလွန်းလို့၊ ပညာသင်ချင်လွန်းလို့ တတ်မရှိရင် လက်နဲ့လှော်မည် ဆိုတဲ့အတိုင်း- ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအချင်းချင်း အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတတွေ ဖလှယ်ရင်း ဘ၀ကို အဓိပ္ပါယ်ဖော်တော့လည်း (၁၀)ရက်တိတိ တိုက်ပိတ်ခံခဲ့၊ အရိုက်ခံခဲ့ရတယ်။ အင်းစိန်ထောင်ထဲမှာ ရိုက်တဲ့ထောက်လှမ်းရေးက သားသမီးချင်းကိုယ်ချင်းစာပြီး တော်တော် စိတ်ထားကောင်းပါတယ်-“မင်းကို လူညွှန်တုံးအောင်၊ မင်းမျိုးဆက်လောကကြီးမှာ မရှိလေအောင်လို့ ပြောပြောပြီး ခါးအဆစ်ကိုပဲ အားကုန် ရိုက်ပါတော့တယ်”…  သူကတော့ ညာသံပေး…. ကိုယ်ကတော့ သတိလစ်ပေါ့…

နေ့ခင်းဘက်မှာ ပညာသင်ခွင့်မရတော့- ညဘက် အိပ်မက်ထဲမှာ တက္ကသိုလ်တတ်တာပေါ့… ရုပ်ခန္ဓာကိုသာ အာဏာပိုင်တွေ ချုပ်ချယ်လို့ရမယ်၊ ထက်သန်တဲ့ စိတ်ဆန္ဒကို ဒင်းတို့တွေ ဘယ်လိုမှ အကျဉ်းချလို့မရပါဘူး။

+++++

အခန်း-၄-

ဆယ်စုနှစ်တစ်ခုကို နံရံလေးဘက်ကြားမှာနေခဲ့ရလို့ ပြန်လွှတ်တော့လောကကြီးနဲ့အတော် အဆက်ပြတ်နေပါပြီ။ အပြင်မှာ  ကွန်ပျူတာခေတ်ကိုရောက်နေပါပြီ။  ခေတ်ကိုအမြန်လေ့လာ လိုက်တော့ ကွန်ပျူတာသင်မှ ဖြစ်မယ်ဆိုတာသိလို့ ကွန်ပျူတာသင်ပါတော့တယ်။ ချိုးနှိမ်ထားရတဲ့ ဆန္ဒတွေ ပေါက်ကွဲကုန်ပါပြီ… ကွန်ပျူတာစာအုပ်တွေလက်လှမ်းမီသလောက်ရှာဖွေပြီး အဆက်မပြတ် လေ့လာပါတော့တယ်။

ကွန်ပျူတာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်လာတော့ မိခင်ကိုအလုပ်အကျွေးပြုမယ်ဆိုတဲ့စိတ်နဲ့ ကျွန်ပျူတာနဲ့ပက်သက်တဲ့ အလုပ်ကိုဝင်လုပ်ပါတယ်။ ရိုးရိုးသားသား နဲ့ မွေးသမိခင်ကျေးဇူးရှင် ကိုအလုပ်အကျွေးပြုနေပြန် တော့ လည်း ကျေးဇူးရှင်ထောက်လှမ်းရေးက အလုပ်ရှင်ကို အမျိုးမျိုးခြိမ်းခြောက်ဖိအားပေးတော့ သုံးကြိမ်မြောက် အလုပ်က ထွက်ခဲ့ရပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလေးလုပ်တော့လည်း၊ စည်ပင်ကတစ်မျိုး၊ ထောက်လှမ်းရေးကတစ်ဖုံ၊ ရဲကတစ်မှောင့်အမျိုးမျိုးအစွမ်းပြကြပြန်ပါသကော …

ထောက်လှမ်းရေးက နိုင်ငံရေးရာသီဥတုမကောင်းရင် မကောင်းသလို လူဟောင်းတွေကို  ပြန် ပြန်ဆွဲနေတာဆိုတော့ ကျေးဇူးရှင်မွေးမေမေကို ခွင့်ပန်ပြီး သားလူလေး ထိုင်းနယ်စပ်ကို ထွက်ခဲ့ပါတော့တယ်။

ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ- တိုင်းပြည်လွမ်းစိတ်၊ အိမ်လွမ်းစိတ်တွေကို မျိုသိပ်ကာ “အုန်းပြန့်” ဒုက္ခသည်စခန်းထဲက တိုင်းရင်းသားရင်သွေးငယ်လေးတွေကို မြန်မာစာသင်ပေးနေရင်း၊ တတိယနိုင်ငံထွက်ဖို့ (နိုင်ငံခြားသွားဖို့) သူစိတ်မကူး – တစ်ကိုယ်တည်း ဘ၀ကိုမြှပ်နှံနေထိုင်ခဲ့ပါတယ်။

အသက်အရွယ်ရလို့ …. အမည်ရှေ့မှာကလေးတွေက “ဦး” တပ်ခေါ်ရတဲ့ အရွယ်ကိုရောက်ခဲ့ပါပြီ။ ဒါကိုသိတဲ့ မြားနတ်မောင်က တော်လှန်ရေးမိသားစုကပေါက်ဖွားလာတဲ့ မဥမ္မာနဲ့ ဆုံဆည်းစေခဲ့ပါတယ်။ ရင်သွေးလေးရလာတဲ့အခါ… ကလေးရှေ့ရေးတွေးမိလို့ ဦးရဲထွန်းဦး တစ်ယောက် တတိယနိုင်ငံထွက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

+++++

အခန်း-၅-

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလဆန်းမှာ UNHCR ၏ အစီအစဉ်၊ နယူးဇီလန်အစိုးရ၏ လက်ခံကြိုဆိုမှုဖြင့် New Zealand (သို့မဟုတ်) Aotearoa ကို ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ နိုင်ငံအသစ်၊ ရေမြေအသစ်မှာ စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ရင်း နယူးဇီလန်နိုင်ငံ Hamilton မြို့မှာ ဘ၀အသစ်ကိုတည်ဆောက်ပါတော့တယ်။

ရောက်ရောက်ချင်း ပထမဦးဆုံးနေ့ ကျောင်းတတ်တော့ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ နယူးဇီလန် ဆောင်းတွင်းမှာ စေတနာ့ဝန်ထမ်းပေးတဲ့ စက်ဘီးအဟောင်းလေးကို နင်းရင်း ကျောင်းကို မြေပုံကြည့်ရင်း နင်းလာတဲ့ ကိုရဲထွန်းဦးတစ်ယောက် လမ်းမှာ စက်ဘီး ဘီးပေါက်ပါတော့တယ်။ မိနစ် (၄၀) လောက် နင်းရတဲ့ခရီးမှာ လမ်းခုလတ် ရောက်နေမှ ပေါက်တဲ့ဘီးကို အပြစ်မဖို့တော့ဘဲ ကျောင်းနောက်ကျမှာ စိုးလို့ ကျောင်းသို့အသော့နှင် ….. စက်ဘီးတွန်းရင်းပေါ့….

အသက် (၄၄) နှစ်ဆိုတာကို အသာထား၊ ဘ၀မှာ တစ်ခါမှမရခဲ့တဲ့ အခွင့်အလမ်းတွေကို မျက်ဝါး ထင်ထင် မြင်တွေ့နေရတော့၊ ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါး ဆိုသလို ကြိုးစားလိုက်တာ အခုဆို နိုင်ငံတကာက ကျောင်းသားတွေ၊ ဒေသခံ(အဖြူ) ကီဝီကျောင်းသားတွေ၊ မောင်အိုရီ ကျောင်းသား တွေနဲ့တန်းတူ Waikato Institute of Technology ကျောင်းတော်ကြီးမှာ ကွန်ပျူတာဘာသာရပ်နဲ့ ဘွဲ့ယူဖို့ လက်တစ်ကမ်းအလိုသို့ရောက်နေရှိလို့နေပါပြီ။

+++++

အခန်း -၆-

ပညာကိုမြတ်နိုးတဲ့ ကိုရဲထွန်းဦးနဲ့ ပညာရေးကို တန်ဖိုးထားတဲ့ နယူးဇီလန်လူမှုအသိုင်းအ၀ိုင်း တွေ့ကြပြီပေါ့…

ဒုက္ခသည်အဖြစ်နဲ့သူ့နိုင်ငံကိုရောက်လာတဲ့ သူတွေကို ဘာသာမရွှေး၊ ကျား၊မ မရွှေး၊ အသားအရောင်မခွဲခြား၊ ကလေး- လူကြီးတန်းတူ လူသားချင်းကိုယ်ချင်းစာပြီးနေစရာအိမ်၊ အပတ်စဉ် ပညာရေးထောက်ပံ့ကြေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ခွင့် အပြည့်အ၀ပေးထားတဲ့ နယူးဇီလန်အစိုးရ…

ရေကန်အသင့်၊ ကြာအတင့် ဆိုသလို ပညာသင်ကြားခွင့် ငတ်မွတ်နေတဲ့ ကိုရဲထွန်းဦး တစ်ယောက် မှုတ်ဆိတ်ပျားဆွဲ ဆိုသလိုပေါ့…..

ကျောင်းက စာကြည့်တိုက်ပဲသွားသွား၊ ရပ်ကွက်ထဲက ကွန်မြူနတီစာကြည့်တိုက်တွေကိုပဲ သွားသွား၊ ဘယ်သွားသွား စာအုပ်စာပေ အပြည့်…..

ရေ၊ မီး (၂၄) နာရီလာတဲ့ နယူးဇီလန်…..

အင်တာနက် အ၀ိုင်းလေးလည်မနေတဲ့ နယူးဇီလန်…..

ထောက်လှမ်းရေး ကြောက်စရာမလိုတဲ့ နယူးဇီလန်…..

ရေကြည်အိုင် လို စစ်ကြောရေးစခန်းမရှိတဲ့ နယူးဇီလန်…..

စွမ်းအားရှင်မရှိတဲ့ နယူးဇီလန်…..

တရားဥပဒေစိုးမိုးတဲ့ နယူးဇီလန်…..

ကမ္ဘာတစ်ဝှမ်းက ဒုက္ခသည်တွေကို နှစ်စဉ် ခေါ်ပြီး တာဝန်ယူထားတဲ့ နယူးဇီလန်…..

အခုလို သူတို့စိုက်တဲ့ မျိုးစေ့လေးတွေ အပင်ပေါက်လာရင် ပျော်တဲ့ နယူးဇီလန်…..

ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့ သူတွေ၊ ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲဝင်နေတဲ့သူတွေ၊ မျိုးဆက်သစ်လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ သူတွေ၏ အကြောင်းကို အလျဉ်းသင့်ရင် သင့်သလို ဂုဏ်ယူဝံကြွားစွာနဲ့ အများသိအောင် ဖော်ပြနေတဲ့ နယူးဇီလန်…..

ဒီလို သာယာလှပပြီး ပန်းပေါင်းစုံပွင့်ဖူးနေကြတဲ့ နယူးဇီလန်ပန်းခြံကြီးထဲမှာ တို့တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေကို ကိုယ်စားပြုပြီး၊ တို့လူမျိုးရဲ့ဆိုရိုးစကားတွေဖြစ်တဲ့ “ပညာလို အိုသည်မရှိ”၊ “လှေခွက်ချည်းကျန် အလံ မလဲ” ၊ တို့လူမျိုးတွေမညံ့ဘူး- မြန်မာပြည်တွင်းမှာ တို့တွေရခဲ့တဲ့ အခွင့်အရေးတွေသာ အရည်အသွေး မပြည့်ဝခဲ့တာ လို့ အားလုံး ကိုယ်စား နယူးဇီလန်သားတွေ သိအောင် အလုပ်နဲ့ သက်သေပြနေတဲ့ ကိုရဲထွန်းဦး ကို The New Zealand Herald သတင်းစာ က အသိအမှတ်ပြုပြီး တစ်တိုင်းပြည်လုံး သိအောင် မီးမောင်းထိုးပြခဲ့တာကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အတိုင်းမသိ ၀မ်းသာဂုဏ်ယူမိပါကြောင်း… ကိုရဲထွန်းဦး တစ်ယောက် တိုင်းပြည်နဲ့လူမျိုးအကျိုး ကို အခုထက်ပိုလို့ သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း….။

ထူးထူး (တောင်ငူ)

ကာယကံရှင်ဖြစ်တဲ့ ကိုရဲထွန်းဦးကို အင်တာဗျူးပြီး ဤ http://www.nzherald.co.nz/education/news/article.cfm?c_id=35&objectid=11257808  ဆောင်းပါးကို ထပ်မံဖြည့်စွက်ထားသော သမိုင်းတစ်ကွေ့မှ ဖြစ်ရပ်မှန်များ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ထူးထူး (တောင်ငူ) – စစ်အစိုးရ ထောင် မှ နယူးဇီလန် တက္ကသိုလ် သို့
  1. မြန်မာပြည်က ဘာလက်မှတ်မှမပါ ၊ပါလာယင်လည်း အသိအမှတ်မပြု လို့ သုညကနေပြန်စသင် ရတဲ့ နိုင်ငံခြားမှာ အသက်ကလည်းကြီး ၊ ၁၉၈၈ ကတည်းက ၂၅နှစ်ကျာ် ဘဝတွေ ကျိုးကြေခဲ့တဲ့ ထောင်ထွက်တယောက်က ၂ နှစ်ဆိုတဲ့ ကာလ တိုလေးမှာ ဒီလိုလုပ်နိုင်တာ အံ့သြမိပါတယ်။ ယနေ့ လူငယ် အများသိစေအပ်တဲ့ အကြောင်းကို ရေးသားတဲ့ ထူးထူး-တောင်ငူ ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။

  2. ကိုရဲထွန်းဦးဆိုတာ စာတွေ၊ကဗျာတွေရေးတဲ့ အိုဝေမျိး လို့သိရတဲ့အတွက် ဝမ်းသာမိတယ် ခေတ်ပြိုင်၊ မိုးမခ ၊ မောက္ခ ၊ဒေါင်းအိုးဝေ စာစောင်တွေက အက်ဆေးတွေ ၊ကဗျာ တွေ ကြိုက်တယ်။ အကြိုက်ဆုံးကတော့ မိုးမခထဲ ကဗျာ တပုဒ် http://moemaka.com/archives/14618 ဒါက ဟိုးတုန်းက မိုးမခ မှာ ဖတ်ရတဲ့ ကဗျာလေး ၂၁ ရာစုတဲ့ …

Comments are closed.