ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) … ဘဘ …

ဟံသာဝတီ ဦးဝင်းတင်  (သို့မဟုတ်) … ဘဘ …
ကျော်ဟုန်း
မေ ၂၁၊ ၂၀၁၄

 

သရုပ်ဖော်ပန်းချီ – မင်းကျော်ခိုင်
တလပြည့်တောင်
တခဏ မမေ့
ထာဝရ သတိရပါတယ် ဘဘ။

ဟံသာဝတီရဲ့ ပဲ့ကိုင်တုန်းကလဲ
အာဏာရှင်နဲ့ ပါဝါ သခင်
ဘဘ ဦးဝင်းတင်  ခွဲခြားသိ။

အာဏာရှင်ထိုင်ခုံပေးတာကို မယူ
ပါဝါသခင် ပြည်သူအချစ်ကိုပဲ ယူ
ပြည့်သူဘက်က ရဲရဲရပ်တဲ့
ဟံသာဝတီဆိုတာ
အာဏာရှင်ကြောက်လို့ 
ပိတ်ပစ်ရတဲ့ သတင်းစာ
ဦးဝင်းတင် လက်ထွက် သတင်းစာ။

နိုင်ငံခြား ခဏရောက်လဲ
သတင်းစာထုတ်။
ထောင်ထဲရောက်လဲ
သတင်းစာထုတ်။
ထောင်ပြင်ရောက်လဲ
သတင်းစာထုတ်။
ပြည်သူတွေကို သတင်းလင်း
အမှောင်ခွင်းရင်း မျက်စိဖွင့်
D လှိုင်းဟာ
ဘဘရဲ့ နှလုံးသွေး
သေသည်အထိ
ကမ္ဗည်းထိုးသွားခဲ့တယ်။

ဘဘ ပျော်တာက စာနယ်ဇင်းလောက
ဘဘ ခေတ်ထမ်းခဲ့ရတာက နိုင်ငံရေးလောက
ပြည်သူ့ ဘက်က ဒီမိုသမားကြီး
ခေတ်အလိုကို ခေါင်းမရှောင်ဘူး ၊
ပြည်သူ့ အလိုကို ခေါင်းမရှောင်ဘူး ၊
ပြည်သူ့ ခေါင်းဆောင် ပီသခဲ့တဲ့သူ။

လူထု(ဦး)စိန်ဝင်းကို
အာဏာရှင် ထောင်ထဲထည့်တုန်းက
နွမ်းပါးနေခဲ့ လူထုစိန်ဝင်း မိသားစုကို
ဘဘက သူ့ လစာထောက်ပံ့
ကိုယ်တိုင်ကျ ဆောင်းပါးရေးခနဲ့ လောက်ငှနိုင်ရဲ
ပြည်သူ့ ဘက်သား တွဲဖော်တွဲဖက်အပေါ်
ကြည်ဖြူ ကူညီနိုင်ရဲသူ။

ရှစ်လေးလုံးမှာ နရသိန်စံတော့
အာဏာပါးကွက်သားတွေက
လူမဆန်စွာ ရိုက်နှက်
သွားတွေကျွတ်ထွက်
မွေးရာပါ တလုံးစွန့် ခဲ့
ဒါတောင် သံတိုင်ကြားက
“ ဘာမထီ ငါ၊ ကျားရဲ ငါ”
အာဏာရှင်ကို ဟိန်းတဲ့မာန်
ကမ္ဘာကျော် တုန်စေခဲ့တဲ့သူ။

နရသိန်ထဲမှာ
တိုက်ဖော်တိုက်ဖက်တွေ အားကျဖို့ 
သွားမရှိလဲ သွားဖုံးနဲ့ ကြိတ်ဝါး
အစာ စားပြခဲ့တဲ့သူ။

နရသိန်ထဲမှာ
မစို့ တပို့ ရတဲ့ ထောင်ဝင်စာလေးကို
ရဲဖော်ရဲဖက်တွေထံ အရောက်ခွဲပို့ 
အကြင်နာကြီးမားခဲ့တဲ့သူ။

ရန်မူတဲ့ ရန်သူတောင်မှ
မူအရပဲ တိုက်ခိုက်
လူအရတော့ ငြိုးရန်မဖွဲ့ 
ထောင်စံ အာဏာရှင်ဟောင်းမိသားစုတွေ
ထောင်စံထောက်ပြုတ်တွေကိုတောင်
ခွင့်လွှတ် မေတ္တာ ထားရဲတတ်သူ။

ဒါပေမဲ့ မူနဲ့ လူ
ရဲရဲကြီး ခွဲရဲ
“ ဒီ အစိုးရကို ငါမယုံဘူး”
သေတဲ့အထိ ပြောရဲခဲ့သူ။

ပြည်သူ့ ဘက်က ရပ်တဲ့နေရာမယ်
ကိုယ့်ပါတီ မှားရင် ကိုယ့်ပါတီကို တည့်မတ်
အာဏာပိုင် မှားရင် အာဏာပိုင်ကို တရစပ်
ပြည်သူ့ ဘက်မှ နှုတ်ဆတ်ဆတ်ရဲသူ။

လူအထူးထူးက
ဘဘရဲ့ဂုဏ်ပုဒ်ကို
ခြင်္သေ့နီ၊ သံမဏိ၊ ကြယ်ပြောင်
ဘာဘာညာညာ ဂုဏ်တပ်
ကျနော်ကဖြင့် စာညွှန်းဖွဲ့ မမီ
ကြီးမြတ်လှတဲ့ ဘဘဦးဝင်းတင်။

လူထုခေါင်းဆောင်ကဖြင့်
“ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဂုဏ်သိက္ခာ ၊
နိုင်ငံရေး ဂုဏ်သိက္ခာ ၊
နိုင်ငံရဲ့ ဂုဏ်သိက္ခာ ၊
လူသားများရဲ့ ဂုဏ်သိက္ခာ”
မြှင့်တင်ပေးခဲ့တဲ့သူလို့ မော်ကွန်းတင်
ဂါဝရပြု ဦးညွှတ်
တကယ်ကို ကြီးမြတ်ပါတဲ့ ဘဘဦးဝင်း  တင်။

ဘဘရဲ့ ဟန်
ဘဘရဲ့ မာန်
ဘဘရဲ့ ဈာန်
အာဏာရှင်တွေ အစွယ်ထုတ်မရ။

ဘဘရဲ့ ဟန်
ဘဘရဲ့ မာန်
ဘဘရဲ့ ဈာန်
လုပ်ဖော်ကိုင်ဘက်
ရဲဘော်ရဲဘက်
နောင်လာနောင်သား
အားလုံးအတွက် စံ။

ဒီလို ပုဂ္ဂိုလ်မြတ်ကို
တူညီပြု ဘွဲ့ အမည်ကပ်ဖို့ 
စကားလုံး ၊ စာ ရှာမရခဲ့နိုင်ဘူး
ဟံသာဝတီ ဦးဝင်းတင်ဆိုသည်မှာ …..  ..  ။
ကျော်ဟုန်း

( ဧပြီ၊ ၂၁၊ ၂၀၁၄ တွင် ကွယ်လွန်ခဲ့သော ဟံသာဝတီဦးဝင်းတင်အား ထာဝရဂုဏ်ပြုလျှက်..)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts