ရသဆောင်းပါးစုံ

မင်းကောင်းချစ် – အမုန်းထောင်ချောက်၊ ကျီတောက်စွပ်လူ၊ မျိုးစောင့်မဲခြူ

အမုန်းထောင်ချောက်၊ ကျီတောက်စွပ်လူ၊ မျိုးစောင့်မဲခြူ
မင်းကောင်းချစ်
မေ ၂၀၊ ၂၀၁၄
 
 
 

ကလိန်စိငြမ်းဆင်၊ ငြိမ်ပိလမ်းစဉ်လို့ ပြည်သူတွေက ပျက်ရယ်ပြုရလောက်အောင် မဟာဂန္တ၀င်ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ သမိုင်း၏ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ (၈၈) အာဏာသိမ်းန၀တ။ နအဖ စစ်အစိုးရရဲ့သမိုင်းညစ်ဟာ တို့နိုင်ငံသ မိုင်းမှာ အထင်အရှား ကမ္ဗည်းထိုးရစ်ခဲ့ပြီ။

လက်ရှိမြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာလဲ၊ နောက်ထပ်သမိုင်းအမဲစက်တွေ စွန်းထင်းရစ်အောင် ပြောင်းလဲရေးသမားတွေပါဆိုပြီး၊ ချိတ် ထဘီတွေပြောင်းဝတ်ခဲ့တဲ့ ဦးသိန်းစိန်တို့ စစ်အစိုးရဟာ ပြောတော့ ရာမယဏဇာတ်၊ ကတော့ ချိုမိုင်မိုင်လုပ်နေကြပြန်ပြီ။

တကယ်တော့ လက်ရှိအစိုးရနဲ့လွှတ်တော်အဖွဲ့ ထဲမှာ နိုင်ငံနဲ့ပြည်သူတွေကို တကယ်ချစ်မြတ်နိုးပြီး အမှန်တကယ်ပြောင်းလဲလိုတဲ့သူတွေ လက်ချိုးရေတွက်နိုင်လောက်တဲ့ အရေအတွက်တော့ ရှိနေသေးတာမို့ အခုလို ၀ါးလုံးသိမ်းရမ်းတဲ့၊မှတ်ချက်မျိုး မပေးလိုပေမဲ့ တိုင်းပြည် အပေါ် စေတနာမထားတဲ့၊ လူ့ဂျပိုးတွေအားကောင်းလွှမ်းမိုးနေတဲ့ စစ်ဘောင်းဘီချွတ်အစိုးရဲ့ မရိုးသားတဲ့ခြေလှမ်းတွေ၊ လုပ်ရပ်တွေကြောင့် ပြောနေ၊ ရေးနေရတာပါ။

မျက်မှောက်ကာလမှာပေါ်ပေါက်နေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေဟာအမျိုး ဘာသာ သာသနာ စောင့် ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး သံဃာ့အဖွဲ့အစည်းကို ဘက်ပြိုင်ပြု ဆန့်ကျင်၍ ဆောင်ရွက်ခြင်းမျိုး မဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က သံဃာ့ဂိုဏ်းပေါင်းစုံအစည်းအဝေးမှာလျှောက်ထားခဲ့တယ်လို့သိရပါတယ်။

ဒါဟာအမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို တရားဝင်မီးစိမ်းပြထောက်ခံပြီး လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် စစ်အစိုးရက မျိုးစောင့်မဲခြူ ဘွတ်ကင်ယူလိုက်တာပါဘဲ။ မျက်စိစုံမှိတ် အမျိုးချစ်ဘာသာချစ်သူတွေရဲ့ ထောက်ခံမှုကို မရိုးသားတဲ့နည်းနဲ့ ရယူဖို့ ကျိုးစားတဲ့ခြေလှမ်းလို့မြင်ပါတယ်။  ကိုးကွယ်ယုံကြည်မှု သဒ္ဓါတရားကို ဥပဒေ၊ အမိန့် အာဏာ၊ အကြောက်တရား၊ ရုပ်ဝတ္တု၊ တွေနဲ့ ခြိမ်းခြောက်၊ ချုပ်နှောင်၊ မြူဆွယ်သိမ်းသွင်းမှု မလုပ်စကောင်းပါဘူး။

မျိုးစောင့်ဥပဒေဟာ၊ ဘာနဲ့တူလဲဆိုရင် ထောင်ချောက်ဝမှာချိတ်ထားတဲ့ အမဲတုံးနဲ့ တူတယ်။ ရိုးရိုးသားသား နိုင်ငံရေးသမားတောင် အပြောမှားရင် မကိုင်တွယ်တတ်ရင်၊ အမျိုးဘာသာ၊ သာသနာကို မျက်စိမှိတ်ချစ်တဲ့ပြည်သူတွေရဲ့ အမုန်းထောင်ချောက်ထဲ ကျသွားနိုင် တယ်။ အမျိုးဘာသာသာသနာကို ချစ်တာအသာထားလို့ ကိုယ့်သားသမီးတောင် မှန်မှန်ကန်ကန်မချစ်တတ်တဲ့မိဘတွေ အများကြီးရှိတယ် ။ ချစ်တာနဲ့ နှစ်တာ မကွဲပြားတဲ့မိဘတွေ တစ်ပုံကြီး။ အရပ်ထဲ ကလေးချင်းချင်း ကစားရင်းရန်ဖြစ်တဲ့အခါ၊ သားသမီးကို မျက်စိစုံမှိတ်ချစ် တဲ့မိဘတွေဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ စဉ်းစားဆင်ခြင်လိုစိတ်လဲ မရှိဘူး။ ကိုယ့်သားသမီးကမှားတာသိရင်တောင် အကာကွယ်ပေး ရပ်တည်ကြတယ် မဟုတ်လား။ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကိုယ့်ဥမှ ကိုယ့်ဥ မျက်နှာလိုက်ဆုံးဖြတ်တာဟာ ချစ်တာ မဟုတ်ဘူး။ ကိုယ့်သားသမီးကို အမှားနဲ့ အမှန် ခွဲခြားတတ်အောင်၊ အမှန်တရားကို စောင့်ရှောက်တတ်အောင် မသင်ကြားမဆုံးမဘဲ ဘက်လိုက်ကာကွယ်တာဟာ သားသမီးကိုဖျက်ဆီးတာဘဲ။ နှစ်တာဘဲ။ သူတို့ရဲ့နှလုံးသားကို အဆိပ်ခပ်ပေးလိုက်တာနဲ့အတူတူဘဲ။ ဒီက လေးတွေကြီးပျင်းလာတဲ့အခါ မတရားမှု၊ မကောင်းမှုတွေဆက်ကျုးလွန်နေမှာ အသေအခြာဘဲ။

အဲ့ဒီလိုပါဘဲ။ အမျိုးဘာသာသာသနာကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ချစ်တတ်ဖို့ ကာကွယ်စောင့်ရှောက်တတ်ဖို့ လိုပါတယ်။ ကိုယ်နဲ့မတူ တဲ့ ဘာသာခြား၊လူမျိုးခြားတွေကို မုန်းတီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့ လှုံ့ဆော်ပြောဆိုရေးသားကျုးလွန်မှုဘဲဖြစ်ဖြစ်၊ မျက်ကန်းမျိုးချစ်စိတ်နဲ့ဘဲလုပ်လုပ်၊ အဲ့ဒီအလုပ်သုံးပါးကံတွေဟာ တို့တိုင်းပြည်နဲ့ နိုင်ငံသားတိုင်းရဲ့ အနာဂါတ်ကို ဖျက်ဆီးနေယုံမက၊ လောကပါလတရား၊ လူ့ကျင့် ၀တ်တရားတွေကို အတိအလင်းချိုးဖေါက်နေတဲ့အပြင်၊ မဟာမေတ္တာ၊ ဂရုဏာသခင်ဗုဒ္ဓရှင်ရဲ့လမ်းစဉ်နဲ့လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင် သွေဖယ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ လိုတယ်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ဖို့ အရေးတကြီး မဖြစ်မနေလိုအပ်နေတဲ့ လူ့အဖွဲ့ စည်းကြီးတစ်ခုမှာ၊ ကိုယ့်လူမျိုး ကိုယ်ဘာသာတစ်ခုထဲ ကာကွယ်စောင့်ရှောက်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့ထိတောင် မစောင့်နိုင်ပဲ တစာစာအော်နေကြတာလုံးဝမရိုးသားပါဘူးလို့ ပြောရမှာပါ။ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရပ်ရှိလာရင် အများဆန္ဒနဲ့အညီ လိုအပ်တဲ့ဥပဒေမှန်သမျှ ဒီမိုကရေစီစံနှုန်း တွေအတိုင်း ပြဌာန်းနိုင်ပါတယ်။

တိုင်းပြည်ကို စစ်နွံ့ထဲက ဆွဲတင်နိုင်အောင်၊ အမျိုးဘာသာသာသနာကိုလည်း မှန်မှန်ကန်ကန်စောင့်ရှောက်နိုင်အောင်၊ ပြည်တွင်းငြိမ်းချမ်း ရေးရအောင် အားလုံးညီညီညွတ်ညွတ်နဲ့ ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးကိုပြင်ဖို့ အားထုတ်ရမဲ့အချိန်မှာ အချင်းချင်းစိတ်ဝမ်းကွဲ စေနိုင်တဲ့ မျိုးစောင့်ဥပဒေဆိုတာကို ရှေ့တန်းတင်လာတာဟာ ခဲတစ်လုံးနဲ့ငှက်သုံးကောင်ကိုပစ်လိုက်တဲ့ စစ်ကျုငုတ်တွေရဲ့ ယုတ်မာပက် စက်ပြီး မဟာဗျုဟာကြတဲ့ လှည့်ကွက်တိုက်ကွက်ပါ။ အဲ့ဒီငှက်တွေကတော့ (၁) ပြည်သူတွေရဲ့စည်းလုံးညီညွတ်မှု၊ (၂) ဖွဲ့စည်းပုံပြင် ဆင် ရေးကိစ္စနဲ့ (၃)ဒေါ်အောင်ဆန်းစုကြည်အပေါ်ယုံကြည်ကိုးစားမှုတို့ပါဘဲ။

ပြည်သူလူထုကြီးရဲ့ စည်းလုံးညီညွတ်မှုကို ထိုးနှက်ရေး
အမှန်တော့ မျိုးစောင့်ဥပဒေနဲ့ ၁၉၄၈ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံငံကို မုန်တိုင်းလိုမွှေခဲ့တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုမယ်ဆိုတဲ့ အဆိုဟာ ဘာဘူကြီးနဲ့ အရာကြီးပါပဲ။ စကားလုံးတွေသာကွာပေမယ့် အနှစ်သာရနဲ့ အကျိုးဆက်ကတော့ အတူတူပါပဲ။ ဗုဒ္ဓဘာသကို နိုင်ငံတော်ဘာသာပြုဖို့ ကြိုးပမ်းမှုရဲ့အကျိုးဆက်ဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ရစ်ဖောက်ဖွဲ့သီထားတဲ့ ပြည်ထောင်စုစိတ် ဓာတ် သံယောဇဉ်ကြိုးမျှင်လေး အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သလို၊ လူမျိုးခြား ဘာသာခြားတွေအားလုံးရဲ့ နှလုံးသားတွေကို သံသနဲ့ မယုံကြည်မှုတွေကတဆင့် မုန်းတီးမှုဆိုတဲ့ အဆိပ် ခပ်ခဲ့တာပါပဲ။ အဲ့ဒီကစလို့ စည်းလုံးညီညွှတ်မှုတွေပြိုကွဲပြီး ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းစစ် မီးကြီး တောက်လောင်နေတာ ဒီနေ့ထိပဲ မဟုတ်လား။

အခုလည်း မျိုးစောင့်ဥပဒေဆိုတာကြီးနဲ့ တို့ပြည်သူတွေ စိတ်ဝမ်းကွဲနေရပြီမဟုတ်လား။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအလေ့အကျင့်အားနည်းနေသေးတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး လက်မခံသူတွေနဲ့ လက်ခံသူတွေကြား၊ မိတ်ဆွေအပေါင်းသင်းတွေကြား၊ နောက် ဆုံး မိသားစုဝင်အချင်းချင်းကြားမှာတောင် မသင့်မမြတ်တွေဖြစ်ကုန်ရတာမို့ မျိုးစောင့်ဥပဒေဆိုတဲ့ထောင်ချောက်ကြီးရဲ့အန္တရာယ်ကို သတိ ပြုရှောင်ရှားကြဖို့ လိုပါတယ်။

စည်းလုံးညီညွတ်မှုမရှိရင်၊ တိုင်းပြည်မငြိမ်းချမ်းရင်၊ နိုင်ငံတကာအဆင့်စီးပွားရေးလဲ လုပ်လို့မရသလို ခိုင်မာတဲ့ဖွံ့ဖြိုးတိုးတက်ရေးလဲ ဆောင်ရွက်ဖို့ မဖြစ်နိုင်တာ လူတိုင်းသိကြမှာပါ။ တစ်ပြည်လုံအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်ရင်၊ တို့တိုင်းပြည်အတွက်လိုအပ်နေတဲ့အများပြည်သူဆန္ဒနဲ့ အုပ်ချုပ်နိုင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုလည်း တည်ဆောက်နိုင်မှာမဟုတ်ဘူး။ စစ်အာဏာရှင်တွေ ချယ်လှယ်မင်းမူနေတဲ့ ဘ၀တွေအောက်မှာ လူအများစုကြီးဟာ ငရဲဆက်ခံကြရမှာပါ။

ဖွဲ့ စည်းပုံပြင်ဆင်ရေးကိစ္စ အာရုံလွှဲရေး
အလွန်အကျွံအခွင့်ထူးခံခွင့်ရပြီး၊ အနေချောင်၊ အစားချောင်နေလို့ ဗိုလ်နေမြဲ ကျားနေမြဲနေလိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ မတရားရယူ ထားတဲ့သူတို့ရဲ့ စည်းစိမ်ဥစ္စာအာဏာတွေကို ကာကွယ်ပေးထားတဲ့ ၂၀၀၈ နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖြစ်နိုင်သမျှမပြင်ချင်ကြဘူး။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးအသိနိုးကြားမှု ရေချိန်မြင့်လာတာနဲ့အမျှ အရှိန်ရလာတဲ့ ဖွဲ့ စည်းပုံပြင်ဆင်ရေးကိစ္စတောင်းဆိုမှုတွေကို အာရုံ လွှဲနိုင်တာဟာ ထိလွယ်ရှလွယ်တဲ့ဘာသာရေးနဲ့ လူမျိုးရေးကိစ္စဘဲ မဟုတ်လား။ အထူးသဖြင့် ရာစုနှစ်ဝက်ကျော် စစ်ဖိနပ်သံခွာအောက်မှာပြားပြားမှောက်နေခဲ့ရလို့ အတွေးအခေါ်အသိအမြင် နောက်ကျန်ရစ်တဲ့ပြည်သူတချို့ကို လွယ်လင့်တကူ လမ်းမှားပို့နိုင်တာလည်း ဘာသာ ရေးနဲ့လူမျိုးရေးကိစ္စဘဲ မဟုတ်လား။

ဦးသိန်းစိန်အစိုးရဟာ တတိုင်းတပြည်လုံးက တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှန်သမျှကို အာစေးမိတဲ့လူလို ရေငုံနှုတ်ပိတ်နေယုံမက၊ သံဃာ့ဂိုဏ်းပေါင်းစုံညီလာခံတို့၊ သာသနာရေး၊ ဘာသာရေးကို အသုံးချပြီး အာရုံလွှဲတဲ့အဖြစ်အပျက်တွေ တိုက်တိုက်ဆိုင်ပေါ်လာတတ်တာကြည့်လိုက်ရင် အကျင့်ဟောင်းတွေ မစွန့်လွှတ်နိုင်သေးတဲ့ မဲပြာပုဆိုးနဲ့ ခွေးမြီးကောက် ကျည်တောက်စွပ် လူတွေ အထင်အရှားမြင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ ယုံကြည်ကိုးစားမှုလျော့ချရေး
၁၉၉၀ ခုနစ်မှာကျင်းပခဲ့တဲ့၊ ပါတီစုံရွေးကောက်ပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ အပြတ်အ သတ်အနိုင်ရပြီးကထဲက၊ စစ်အစိုးရဟာ သူတို့ကိုထောက်ခံတဲ့သူ (၁၀) ရာခိုင်နှုန်းထက်မပိုတာ ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားလွှတ်တော်အမတ်တွေ ဇွတ်ထည့်သွင်းထားရတာပါ။ ဒီလောက်နဲ့ တင် သူတို့ရဲ့အနာဂါတ်ကို စိတ်ချပုံမရသေးတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အဓိကရည်မှန်းချက်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူ တွေရဲ့ထောက်ခံမှုနဲ့ ယုံကြည်ကိုးစားမှုလျော့ချနိုင်သမျှ လျော့ချဖို့ ဖြစ်လာပုံရပါတယ်။

ဒါပေမဲ့ လူသာမာန်တွေမပြုနိုင်တဲ့ ကြီးမားတဲ့စွန့်လွှတ်မှုတွေနဲ့ ပါရမီအဖုံဖုံဖြည့်ဆည်းပြီး လူထုခေါင်းဆောင်နေရာကို ထိုက်ထိုက်တန် တန်ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေရဲ့ အားကိုးယုံကြည်မှုကိုလျော့ကျအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မ ဟုတ်ပါဘူး ။ သူရသတ္တိနဲ့ ဉာဏ်ပညာအလွန်ကြီးမားပြီး အမှန်တရားကို စောင့်ရှောက်တဲ့ အာဇာနည်အမျိုးကောင်းသမီးကြီးအပေါ် သူမကိုချစ်တဲ့ပြည်သူတွေက အကြည်ညိုပျက်အောင်၊ အထင်လွဲအောင်သွေးခွဲနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ဘာသာရေးနဲ့ လူမျိုးရေးကို ခုတုံးလုပ်ရန်တိုက်ပေးခြင်းပါဘဲ။ အမျိုးဘာသာသာသနာကို ကယ်တင်စောင့်ရှောက်မဲ့ အစိုးရလိုလို ဟန်ဆောင်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မျိုးစောင့်မဲချူဖို့ ကြိုးပမ်းမှုတစ်ရပ်ဆိုတာ စဉ်းစားတတ်သူတိုင်းသိပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောပေးမဲ့ မဲတွေပြားသွားအောင်၊ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့ ခွင့်မရအောင် ရနိုင်သမျှ မဲတွေ ဖဲ့ထုတ်ယူဖို့ ကြိုးပမ်းနေတာပါ။
ဒါပေမဲ့ ဟန်ဆောင်မှုဆိုတာ ရေရှည်မခံပါဘူး။ သမိုင်းဆိုတာ အမြဲတမ်းဖုံးကွယ်ဖျောက်ဖျက်ထားလို့မရပါဘူး။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ကထဲက ဒီနေ့ အချိန်ထိ စစ်အာဏာရှင်တွေရဲ့ ဘာသာနဲ့သာသနာအပေါ် စော်ကားဖျက်ဆီးရမ်းကားခဲ့မှုတွေဟာ သမိုင်းအထောက် အထားများစွာနဲ့ ကမ္ဗည်းထိုးရစ်ပြီးသားပါ။

သံဃာကို ဆဲဆိုပြစ်မှားစော်ကားတဲ့ကံ၊ သံဃာကို ရိုက်နှက်ညှဉ်းပမ်းတဲ့ကံ၊ သံဃာသတ်တဲ့ကံ၊ သံဃာသင်းခွဲတဲ့ကံ စတဲ့ကြီးမားတဲ့ အပြစ်ကံကြီးတွေ ထပ်ခါတစ်လဲလဲ ကျုးလွန်ခဲ့တာမို့ စစ်အစိုးရကို ဘာသာရေးအရ သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဇနကံဆောင်ခြင်း” အကြိမ်ကြိမ်ပြုခဲ့ရတာပါ။

ထင်ရှားတဲ့သမိုင်းသာဓကတစ်ခုကိုပြရရင် မန္တလေးက ပတ္တနိကုဇ္ဇနကံဆောင်ပွဲပါ။ ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလမှာ (၈၈) အာဏာသိမ်းပွဲနှစ် ပတ်လည်နေ့အထိမ်းအမှတ်အတွက် ဗုဒ္ဓဘာသာထွန်းကားပြီး ယဉ်ကျေးမှုအပြည့်ရှိတဲ့ မန္တလေးရဲ့ (၈၄) လမ်းမကြီးထက် လူထုသတင်းစာ တိုက်နဲ့ နဂါးဒေါ်ဦးတိုက်ရှေ့မှာ မေတ္တာသုတ်၊ ရတနသုတ်ရွတ်ဆိုပြီး ဆွမ်းခံကြွလာတဲ့သံဃာတော်တွေ ၀ိုင်းရံပေးထားတဲ့ ကျောင်းသား တွေကိုစစ်အစိုးရရဲ့ လုံထိန်းတပ်က ရက်ရက်စက်စက်ပစ်ခပ်ခဲ့တာကြောင့် လမ်းမထက်ပေါ်မှာ လဲပြိုနေတဲ့ ရဟန်းသံဃာတွေ၊ ယမ်းငွေ့    တွေကြားမှာ သပိတ်တွေလွင့်ကျ၊ ဆွမ်းတွေပြန့်ကြဲနေတဲ့အနိဌာရုံမြင်ကွင်းတွေကြားမှာ ဒဏ်ရာရသွားတဲ့ရဟန်းသံဃာတွေကို အနီးနား အိမ်တွေအချို့က ကူညီပြုစုခဲ့ရတာမို့ မျက်မြင်သက်သေတွေအများကြီးရှိပါတယ်။

ကျောင်းသားတွေက ဆရာတော်အချို့ကို ဆေးရုံကို ခေါ်ဆောင်သွားပါတယ်။ အလွန်ယုတ်မာလှတဲ့ စစ်တပ်ဟာ အခင်းဖြစ်ပွားပြီး မကြာမီ မိနစ်ပိုင်းအတွင်းမှာပဲ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သံဃာတွေနဲ့ ရှိခိုးနေတဲ့ပြည်သူတွေရဲ့ သွေးစွန်းသွားတဲ့ (၈၄) လမ်းမကြီးပေါ်ကို မီးသတ် ကားတွေနဲ့ ဆေးကြောပါတော့တယ်။ အဲဒီ့အခင်းဖြစ်ပွားတဲ့ညပဲမန္တလေးတိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်နဲ့ န၀တခေါင်းဆောင်တွေ၊ ရဟန်းသံဃာတွေကို သတ်ဖြတ်တဲ့၊ အမျိုး၊  ဘာသာ၊ သာသနာကို စော်ကားဖျက်ဆီးတဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို ဘာသာရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ အပေါင်းအပါ၊ ဆွေမျိုးတွေ၊ အသိုင်းအ၀ိုင်းတွေက ကပ်လှူတဲ့ကိစ္စအမှုအစုစုကို လက်မခံခြင်း၊ သာရေး၊ နာရေးပင့်ဖိတ်တာတွေကို လက်မခံတော့ခြင်းဖြင့် န၀တကို သပိတ်မှောက်ဖို့စတင်ခဲ့ပါတော့တယ်။ န၀တအဖွဲ့ကိုဒဏ်ခတ်ဖို့ ဘာသာရေးအရ ပူးပေါင်းကံဆောင်ရွက်ခြင်းမပြုလုပ်တော့ပဲ ဘာသာရေးအရ သပိတ်မှောက်တဲ့ “ပတ္တနိကုဇ္ဇနဆောင်ခြင်း”အမှုကို ပြုလုပ်ခဲ့ ရတာပါ။

မန္တလေးမြို့လေးပြင် လေးရပ်သံဃာ့တွေဦးဆောင်ဆင်နွှဲတဲ့ သမိုင်းဝင် သပိတ်မှောက်ပွဲ၊ ပတ္တနိကုဇ္ဖနကံဆောင်ပွဲမှာ ထင်ရှားကျော် ကြား တဲ့ ဆရာတော်ကြီးတွေအများအပြားဟာ န၀တစစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ထောင်ချတာ ခံခဲ့ရပါတယ်။ မန္တလေးမှာဖြစ်ပွားတဲ့ ပတ္တနိကုဇ္ဇန ကံဆောင်မှုဟာ ၀ိနည်းတော်နဲ့အညီဖြစ်ပါတယ်လို့ ထောက်ခံခဲ့ကြလို့ ရန်ကုန်မှာ သီတင်းသုံးတဲ့ မေဒိနီဆရာတော်၊ မဟာဗောဓိဆရာတော်၊ တိပိဋကဆရာတော် ဦးသုမင်္ဂလာင်္ကာရ စတဲ့ဆရာတော်ကြီး (၉) ပါး အဖမ်းခံရပါတယ်။ တိပိဋကဆရာတော်ကြီး ဦးသုမင်္ဂလာင်္ကာရဟာ ဝေးလံခေါင်ဖျားက ဗန်းမော်ထောင်မှာ အကျဉ်းကျခံရပြီးတဲ့နောက် စိတ်ထောင်းကိုယ်ကျေနဲ့လွတ်လာပြီး အပြင်မှာ ပျံလွန်တော်မူသွားရ ရှာပါတယ်။

အဲဒီ (၉) ပါးထဲမှာ အဖမ်းခံရတဲ့ဆရာတော်တပါးကတော့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က ဆရာတော်ဦးတိလောကာဘိဝံသပါ။ ဆရာတော် ဦးတိလောကာဘိဝံသဟာ ကျမ်းပြုဆရာ တော်တပါးဖြစ်ပြီး နှစ်စဉ်ရဟန်းရှင်လူတွေကို အဘိဓမ္မာသင်တန်းပို့ချပေးနေတဲ့ဆရာ တော်တပါးလည်း ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို န၀တစစ်အစိုးရက သင်္ကန်းဝတ်တွေ သံဃာအတုအယောင်တွေ ဆူပူအောင်လှုံ့ဆော် သူတွေလို့ အခြေအမြစ်မရှိစွပ်စွဲပြီး အတင်းအဓမ္မသင်္ကန်းဆွဲချွတ်ပြီး ဖမ်းဆီးထောင်ချခဲ့တာပါ။

တကယ်တော့ ပတ္တနိကုဇ္ဇနကံ ဆောင်တယ်ဆိုတာ သံဃာတွေကို ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်တဲ့ သူတွေနဲ့ ဘာသာရေးအရဆက်ဆံမှု မလုပ်ဘဲနေတာပါ။ မကောင်းမှုအကုသိုလ်ကျုးလွန်သူများ အမြင်မှန်ရပြီး နောက်ထပ်တဖန်မကျူးလွန်မိအောင် အကုသိုလ်တွေရှောင်ကြဉ်နိုင်အောင်ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ရဟန်းသံဃာတော်တွေစုပေါင်းဆောင်တဲ့ ကံဆောင်ပွဲပါ။ ယနေ့ချိန်ထိ တရားဝင်မလှန်ရ သေးတဲ့သံဃာတော်တွေရဲ့ အသက်တွေပေး၊ မျက်ရေသွေးလူးနေတဲ့ ပတ္တနိကုဇ္ဇနကံဆောင်ပွဲကြီးပါ။

ဒါပေမဲ့လည်း စစ်အာရှင်တွေဆိုတာ သူတို့အကျိုးစီးပွားကိုထိခိုက်လာမယ်၊ ဘယ်သူ့ကိုမဆို ထောင်သွင်းအကျဉ်းချမယ့်သူတွေပါ။ ရဟန်း သံဃာတော်တွေကိုမဆိုထားနဲ့ ဘုရားရှင်သက်တော်ထင်ရှားရှိခဲ့လို့ ကံဆောင်ပွဲမှာပါရင် ဘုရားရှင်ကိုတောင် ဖမ်းဆီထောင်ချမဲ့စစ်အစိုးရပါ ။ ဒီအချက်ကို အလွန်ထင်ရှားစေတဲ့ နောက်ထပ်သာဓကတစ်ခုလည်းရှိပါသေးတယ်။ မန္တလေးရဲ့ စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးထွန်း ကြည်နဲ့ (န၀တ) စစ်အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာသာသနာမှာ နေတစ်ဆူ လတစ်ဆူလိုထင်ရှားပြီး သြဇာတိက္ကမအလွန်ရှိတဲ့ မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ ပဓာနတိုက်အုပ်ဆရာတော်ကြီးဖြစ်တဲ့ ဦးရာဇဓမ္မကို လူဝတ်လဲထောင်ချခဲ့ကြတာပါ။ အဲ့ဒီလိုကြီးမြတ်တဲ့သီလ၊ သမာဓိ၊ ပညာဂုဏ်တွေနဲ့ပြည့်စုံတဲ့ ဘုရားသားတော် သံဃာကျော် အရှင်သူမြတ်တွေကို သတ်ဖြတ်ညှင်းဆဲရက်တဲ့နှလုံးသားနဲ့ ဦးသိန်းစိန် တို့စစ်အစိုးရက ဘယ်လိုများ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်နိုင်မှာတုန်း။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ သူတို့ကိုအချိန်မရွေး အာဏာသိမ်းခွင့်ပေးထားမှတော့၊ အာဏာသိမ်းတိုင်း ရဟန်းရှင်လူပြည်သူတွေအမြဲအသတ်ခံကြရအုံးမှာပါ။ ၁၉၈၈ အာဏာသိမ်းစဉ်က အဖြစ်ဆိုးမျိုး၊ တိပိဋကဆရာတော်လိုဓမ္မစေတီထိုက်တဲ့သံဃာအစစ်အမှန်တွေကို ဖမ်းဆီးထောင်ချညှင်းပမ်းမှုမျိုးတွေ၊၂၀၀၇ ရွေဝါရောင်တော်လှန်ရေးကိုဖြိုခွဲစဉ်တုံးကလို၊ ငွေကြာယံဘုန်းတော်ကြီးကျောင်း၊ လက်ပံတောင်း တောင်သပိတ်စခန်းတွေကို ညဥ့်သန်းခေါင်မှာ သူပုန်စခန်းကိုဝင်စီးသလို အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေ ဆက်လက်ကျုးလွန်နေကြ ဦးမှာပါ။

“ပတ္တနိကုဇ္ဇန” ကံဆောင်ခြင်းကို အကြိမ်ကြိမ်ခံထားရတဲ့အပြင် ဘုစုခရုပြစ်မူတွေကစလို့ ပဉ္စာနန္တိယကံကြီးတွေအထိ ရာဇ၀တ်မှု ကုဋေ ကုဋာ ကျူးလွန်ခဲ့လို့ သမိုင်းအညစ်အကြေးအထပ်ထပ်ပေကျံလာခဲ့တဲ့ လက်ရှိအရပ်သားအယောင်ဆောင် စစ်အာဏာရှင်အစိုးရဟာ ခုချိန် ထိလည်း ရဟန်းရှင်လူပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့အပြစ်တွေ မဆေးကြောသေး မ၀န်ခံသေးတဲ့အပြင်၊ စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အတိအလင်းကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ဟာ စစ်တန်းလျားမပြန်သရွေ့ ပြည်သူ့အစိုးရတစ်ရပ်ရဲ့အမိန့် မနာခံသရွေ့ ဘယ်လိုမှ အမျိုးဘာသာ၊ သာသနာကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စောင့်ရှောက် နိုင် စရာလမ်းမမြင်မိပါဘူး။

တစ်ကယ်ဘဲ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ချင်တယ်၊ ထိမ်းသိမ်းကာကွယ်ခြင်တယ်ဆိုရင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်အောင် ၀ိုင်းဝန်းတိုက်တွန်းလုပ်ဆောင်ကြခြင်းသာ အရေးကြီးဆုံးနဲ့ ပဓာနအကျဆုံး အမျိုးသားရေးတာဝန်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်လိုက်ပါရစေ။

မြန်မာနိုင်ငံရဲ့ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအားလုံး စစ်အာဏာရှင်ထောင်ထားတဲ့ ဘာသာရေးအမုန်းထောင်ချောက်ထဲမကျအောင် ရှောင်ရှားနိုင်ကြပါစေ။ အကျင့်ဟောင်းတွေ မစွန့်လွှတ်နိုင်သေးတဲ့ ချိတ်ပုဆိုးနဲ့ခွေးမြီးကောက် ကျည်တောက်စွပ်လူတွေကို ပြတ်ပြတ်သား သား ဆန့်ကျင်နိုင်သူတွေဖြစ်ကြပါစေ။ ကိုယ့်အသဲကြားက မဲတစ်ပြားကို မျိုးစောင့်မဲခြူ လူမဟုတ်သူတွေထံ မအပ်မိပါစေကြောင်း ဆုမွန် တောင်းလျှက် ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မင်းကောင်းချစ် – အမုန်းထောင်ချောက်၊ ကျီတောက်စွပ်လူ၊ မျိုးစောင့်မဲခြူ
  1. I am strongly agreed with you. We have to caution of their traps. They won’t change as you said, will carry on that “ Khwe Mee Kaunk Chitaut Soud”.

Comments are closed.