မိုးမခကို ပေးတဲ့စာ

မျှတကြည်လင်သော ဥပဒေအရိပ်အောက်မှာ တဲ့လား

မျှတကြည်လင်သော ဥပဒေအရိပ်အောက်မှာ တဲ့လား
မောင်လူရေး၊ မေ ၂၁၊ ၂၀၁၄

ယနေ့မျိုးစောင့်ဥပဒေပြဿနာ၊ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးဖြစ်နေတဲ့ပြဿနာတွေဟာ တကယ်တော့ ဘာသာရေးအတွေးအခေါ်ပြဿနာ၊ တရားဓမ္မပြဿနာမဟုတ်ပါ။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ ဘာသာဝင်တွေကြားဖြစ်ပွားတဲ့ ဓလေ့ထုံးတမ်းပြဿနာ၊ နိုင်ငံသားတွေကြားဖြစ်ပွားတဲ့ ဥပဒေပြဿနာသာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ချီပြောရရင်တော့ ပေါ်လစီပြဿနာပေါ့လေ။ ပိုပြီး ကြီးကျယ်ရရင် လူ့အဖွဲ့အစည်းရဲ့ အဖွဲ့အစည်းဆိုင်ရာပြဿနာကြီးပေါ့။

ဒါပေမဲ့ ဖြစ်လာတာက ဘာသာရေးအငြင်းအခုန်တွေ။ ဒီအငြင်းအခုန်တွေထဲမှာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးသူတွေလဲ ပါရဲ့။ သူများယောင်လို့ ယောင်သူတွေလဲ ပါရဲ့။ ငြိမ်းချမ်းရေးမှ ငြိမ်းချမ်းရေးဆိုပြီး လက်သီးလက်မောင်းတန်းနေသူတွေလဲ ပါရဲ့။ ပရိုပိုဇယ်တရားနဲ့ ပရိုပိုဇယ်စကားပြောသူတွေလဲ ပါရဲ့။ ဒီပြဿနာကြီး ရှုပ်ထွေးသထက် ရှုပ်လာ၊ မကျယ်ပြန့်သင့်တဲ့ဘက် ကျယ်ပြန့်လာနေတာဟာ မိုက်ခွက်နီးသူတို့ရဲ့ မဆင်မခြင်ပြောဆိုမှုတွေကြောင့်လဲ ပါရဲ့။ ထားပါတော့။

ဘာသာရေးပြဿနာလို့ မျက်နှာပြင်မှာရှိပေမဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာပြောင်းခြင်း၊ ကလေးမည်၍မည်မျှမွေးခြင်းဆိုတာတွေဟာ တကယ်တော့ တိုင်းပြည်တခုရဲ့ မူဝါဒရေးရာပြဿနာပါ။ ဒီပြဿနာကို တိုက်ရိုက်တာဝန်ယူဖြေရှင်းရမှာကတော့ လွတ်တော်အမတ်တွေပါဘဲ။ သူတို့က ဥပဒေပြုတွေကိုး။ ပေါ်လစီမိတ်ကာတွေကိုး။ နောက်ထပ် တာဝန်ရှိသူတွေကတော့ ဥပဒေကောင်းပေါ်ထွက်ရေး၊ ခေတ်နဲ့လျော်ညီတဲ့ဥပဒေပြုပြင်ရေးတွေလုပ်နေတဲ့၊ ပေါ်လစီချိမ်းမိတ်ကာဆိုတဲ့ ကြွကြွတက်တက်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပေါ့လေ။

အဲဒီချိန်းမိတ်ကာတွေက ချိန်းဖို့အတွက် ဘာသာရေးခေါင်းဆောင်တွေကို အက်ဘိုကေစီဆိုတာကြီးလုပ်ရမယ်ထင်တာဘဲ။

အဲဒီမှာ ဘာသာရေးပုဂ္ဂိုလ်များနဲ့ ချိန်းမိတ်ကာများ ထိပ်တိုက်တွေ့ခြင်းတွေ ဘာတွေတော့ ရှိလာမှာပေါ့။ မတတ်နိုင်ဘူး။ ထိပ်ပေါက်ခေါင်းကွဲ တပြဲ နှစ်ပြဲတော့ ရှိနိုင်တာပေါ့လေ။

ဒါပေလို့ ကိုယ့်တိုင်းပြည်ညီညွတ်မျှတ လှပသာယာ နေချင့်စဖွယ့်ဂေဟာကြီးဖြစ်လာဖို့ဆိုရင် လူ့အဖွဲ့အစည်းရဲ့ငြိမ်းအေးကြည်သာရှိမှုကို တာဝန်ယူထားတဲ့ ဘာသာရေးပုဂ္ဂိုလ်တွေဟာ မိမိတို့ရဲ့ ဘာသာရေးထုံးတမ်းတွေကို လက်ရှိနေထိုင်ဆဲဒေသကာလနဲ့လျော်ညီအောင် အဆင်ပြေချောမွတ်အောင် လျော့ကြ၊ ပြင်ကြ၊ ညှိနှိုင်းတိုင်ပင်ကြလိမ့်မယ်လို့ ယုံပါတယ်။

ဘာသာတွေ၊ လူမျိုးတွေရဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ကွဲကွာခြင်း၊ အမွေဆက်ခံခြင်း၊ စတာတွေဟာ တမျိုးတည်း၊ တသားတည်း၊ တခုတည်း၊ တထေရာတည်းရှိဖို့ လိုပြီလား၊ မလိုဘူးလား။ အကောင်းဆုံးဖြစ်အောင် လိုက်နာသာအောင် သူမသာ ကိုယ်မနာအောင်၊ ဘာသာဝင်ဟုတ်ဟုတ် မဟုတ်ဟုတ် အဆင်ပြေအောင် ဘာသာမဲ့အတွက်လဲ အိုကေအောင်ပေါ့ဗျာ။

ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည် ဆိုတဲ့ ဒီမိုကရေစီရေးဓာတ်စာဖြစ်နေတဲ့ ဖတ်စာဟောင်းကို ပြန်သုံးရမှာပါဘဲ။

ဘာသာဝင်တွေပေါင်းတွန်းရင်၊ ဘာသာရေးခေါင်းဆောင်တွေ ရွှေ့၊ အဲလေ လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်ပြီး အချုပ်အချယ်တွေ၊ အထိန်းအကွပ်တွေ၊ အတုပ်အနှောင်တွေ ရွှေ့သွားကြမှာပေါ့။

အမျိုးသမီးများ လွန်စွာ တန်ဖိုးကြီးကြောင်း လက်ခံရမဲ့ အခြေအနေထူးကြီးပေါ့ဗျာ။

အော် အမျိုးသမီးများ ဘာသာရေးနဲ့ပတ်သက်ရင် ဒီတချက်လေးဘဲ အမျိုးသားတွေထက် သာခွင့်ရ ထင်ပါရဲ့။

အင်း ကျွတ် … ကျွတ် … ။

အားလုံး ဓလေ့ထုံးတမ်းအဟောင်းများမှ ဂွင်းလုံးကျွတ် လွတ်ကြပါစေ။

မျှတ ကြည်လင်သော ဥပဒေအရိပ်အောက် တောက်ပ ရွှင်ပျကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts