ဖိုးထက် သရော်စာ

ဖိုးထက် – ကိုသောင်းမြင့် ပြင်ဆင်လိုသော ပုဒ်မ

ကိုသောင်းမြင့် ပြင်ဆင်လိုသော ပုဒ်မ
ဖိုးထက်၊ မေ ၂၀၊ ၂၀၁၄
(သရုပ်ဖော် စောငို)

မနက်အစောကြီး မျက်လုံး ပွင့်တာနဲ့ ကိုသောင်းမြင့် လုပ်တာက သတိလေး တစ်ချက် ကပ်လိုက်တာ မဟုတ်။ ဘုရားရှင်ကို အာရုံပြုလိုက်တာ မဟုတ်။ တယ်လီဖုန်းကို အိပ်မှုန်စုတ်ဖွားနဲ့ ကောက်စမ်းပြီး Facebook သုံးတာပါဘဲ။

ဒီနေ့မနက်လဲ မနေ့ကတည်းက Hot နေသော ဒေါ်စု ဗိုလ်စိန်မှန် ကွင်းမှာ စစ်တပ်အပေါ် ပေါ်တင်ကြီးတွေ ကစ်သွားသော စကားတွေအတွက် ကိုသောင်းမြင့်ရဲ့ စိတ်ဝင်စားမှုက ရေချိန်မြင့်နေသည်။ ဘွားတော်က အရင်လို စစ်တပ်ရဲ့ အပေါ်စီးက မောင်ပိုင်စီးမှု၊ ဦးပိုင်စီးမှုတွေကို သာယာပျော့ပျောင်းစွာ ပြောမနေတော့ဘဲ တည့်တွေ ပြောလာတာ တွေ့တော့ ကိုသောင်းမြင့် သဘောကျသလိုလိုတော့ ရှိသည်။ သို့သော်လည်း ကိုသောင်းမြင့်တို့အဖွဲ့က နိုင်ငံ့အာဏာကို NLD လက်ထဲလဲ မရစေချင်။ ပျော့သည်လို့ မြင်သည်။ NLD အာဏာရရင် အမျိုး ဘာသာ သာသနာ ပျောက်ကွယ် နိမ့်ပါးနိုင်သည်လို့ ထင်သည်။ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ကြတော့လဲ သူခိုးလက်ကို ရွှေတိုက်သော့ ဆက်အပ်ထားသလို ဖြစ်နေမှာ သိသည်။

“တော့် ကိုသောင်းမြင့် ထတော့လေ။ ကျွန်မ ဈေးသွားတော့မယ်။ ရှင့်မလဲ ဒီ Facebook နဲ့ မျက်နှာသစ်နေတာဘဲ”

အိမ်ရှေ့မှ ကိုသောင်းမြင့် မိန်းမဖြစ်သူ မသူဇာရဲ့ အော်သံကြောင့် လူးလဲ ထလိုက်ရသော်လည်း စိတ်ထဲတော့ သိပ်မကြည်။ ဒီမိန်းမ ဘာမှနားမလည်။ ဘာနိုင်ငံရေးမှ မသိ။ စာဖတ်ရကောင်းမှန်းလဲ မသိလို့ ပါးစပ်က ပွစိ ပွစိပြောကာ အိပ်ရာထဲကနေ အိမ်ရှေ့ခန်းသို့ ထလာခဲ့သည်။

“ဟ..မင်းကွာ မနက်အစောကြီး ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်မနေနဲ့။ နိုင်ငံမှာ ဘာဖြစ်နေသလဲ သိရမယ်။ လေ့လာရမယ်ကွ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ ဘာဖြစ်နေတယ်ဆိုတာ သိရမယ်။”

“အောင်မယ်..ရှင်က..ကိုယ့်အိမ်က ဘာဖြစ်နေတာ အရင်ကြည့်အုံး။ နောင်မှ နိုင်ငံအထိသွား။”

“မင်း…အဲဒါတွေ ခက်တာဘဲ။ အခု ဒေါ်စု အခြေခံ ဥပဒေတွေထဲက ပုဒ်မ ၄၃၆ အညှာကို ကိုင်ပြီး ပြင်ဖို့ ကြိုးစားနေပြီကွ။ အဲဒါ မင်းသိလား။ မင်းနားလည်သလား။”

“အမေစုလုပ်ရင် ဘယ်တော့မှ အလကား မဖြစ်ဘူး။ ကျွန်မနားမလည်ပေမယ့် သူ့ကို ရှင့်ထက်တောင် ယုံသေးတယ်။ အခု ရှိရှိသမျှ စည်းစိမ်ကို အမေစုက တောင်းရင်တောင် ကျွန်မက သမီးနဲ့ အမေ့အိမ်ပြန်နေမယ်၊ ရှင်ကတော့ တောင်းစားပေတော့။ ကျွန်မကတော့ သူ့ကို ရှိသမျှ စည်းစိမ်အကုန်ပေးနိုင်လောက်အောင် ယုံတယ်။ ချစ်တယ်။ ကိုင်း..ပေရှည်မနေနဲ့။ သမီးကို ကျောင်းပို့ဖို့ ပြင်ပေးထား။ ကျွန်မ ဈေးက ပြန်လာမှ ရှင် လ္ဘက်ရည်ဆိုင်သွားနော်။ ကလေးကို ဘာမှ လုပ်မပေးဘဲ ထွက်သွားရင်တော့ ရှင်နဲ့ ကျွန်မ အသိဘဲ။” ဟု ပြောကာ ဈေးထွက်သွားသည်။

လာလာချည်သေး။ ဒီမိန်းမက။ ဒေါ်စုကိုများ ယောက်ကျားဖြစ်သူထက်တောင်ယုံသေးသတဲ့။ ခက်တော့နေပြီ။

ဒေါ်စုရဲ့ အရည်အချင်းကို ကိုသောင်းမြင့်ယုံသည်။ သို့သော်လည်း ကိုသောင်းမြင့်က တတိယအုပ်စုဆိုသည့် အတိုက်အခံလဲ မကောင်း၊ အစိုးရလဲ မကောင်း၊ သူတို့သည်သာ နိုင်ငံကို နည်းပေးလမ်းပြ လုပ်နိုင်သူလို့ ထင်သည့် အဖွဲ့ဝင် တစ်ယောက်။ တစ်ခါကလဲ Facebook ပေါ်မှာ ဒေါ်စုကို ဝေဖန်သဖြင့် စုတ်ပြတ်သတ်အောင် သူပြောခံရဘူးသည်။ ဒါလဲ ကိုသောင်းမြင့်က မမှတ်။ သူ့ဘာသာ မျိုးရိုးကောင်းကောင်း။ ဘယ်လောက်ဘဲ စွန့်လွှတ်အနစ်နာခံခံ။ ဘယ်လောက်ဘဲ ပညာတတ်တတ်။ သူတို့သည်သာ နိုင်ငံကို ဆွဲတင်နိုင်သူတွေလို့ ထင်ကြသည်။

အခုတော့ ဒေါ်စုပြောပြီ။ ပုဒ်မ ၄၃၆ ပြင်ရမတဲ့။ နောက်ပြီး စစ်တပ်ကို ပြောပြီ။ ပေါ်တင်တွေ တွယ်ပြီ။ အပြောခံရသော စစ်တပ်အုပ်ချုပ်သူတွေမှာ ရှက်တတ်ရင် လဲသေလို့ရသည်။ ခက်တာက လက်ရှိ မြန်မာနိုင်ငံ စစ်တပ်ကို အုပ်ချုပ်နေသော ဗိုလ်တွေ ဆိုတာကလဲ “ညီလေး၊ အစ်ကိုကြီး” နှင့် တစ်ယောက်စားထားတာကို တစ်ယောက်က မမြင်ချင်ယောင် ဆောင်နေရသော အဖွဲ့အစည်းကြီး ပီပီ နည်းနည်းမှ မရှက်။ ချက်ကြောနဲ့ ရှက်ကြော မှားဖြတ်လာတယ် ပြောရအောင်လည်း ဒီစစ်အာဏာပိုင်တွေမှာ ရှက်ကြောက မွေးကတည်းက ဘာလဲဟင်လို့ ပြန်မေးရလောက်အောင် အခွက်တွေ ပြောင်သည်။

အခု ဒေါ်စု ဘယ်လောက် ပြောပြော ဒီလူတွေကတော့ “ဟုတ်ကဲ့ပါ အမကြီး။ ကျွန်တော်တို့နိုင်ငံ ကောင်းကျိုးအတွက် အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဒူးတိုက်ဆွေးနွေးကြတာပေါ့” လို့များ တုံ့ပြန်လာမည်ဟု ဒေါ်စုက ထင်သေလား မသိ။ ကိုသောင်းမြင့်ကတော့ မထင်။ ဘယ်လိုမှ မထင်။ အရသာကို သိသွားကြပြီ။ လူသားစားမိသော ဟို ဗောရိသာရဘုရင်ကြီးလို သူတစ်ယောက်တည်း၏ အကြောပေါင်း တစ်ထောင်စိမ့်တာတင်မက။ သူတို့ရဲ့ မျိုးတော်ရှစ်သောင်း ဆွေတော်ရှစ်သောင်းရဲ့ အကြောပေါင်း တစ်ထောင်တွေတောင် စိမ့်အီနေကြသည်ဆိုတော့ မထင်ရေးချ မထင်။

ကိုသောင်းမြင့်တစ်ယောက် တွေးလိုက်၊ ငေးလိုက် ဖြင့် သမီးဖြစ်သူ ကျောင်းသွားဖို့ ပြင်ပေးနေမိပေမယ့် စိတ်က လမ်းထိပ် လ္ဘက်ရည်ဆိုင်သို့ ရောက်နေပြီ။ ဒီအချိန်ဆို ဘော်ဒါတွေ စုံပြီး အပြတ်ဆွေးနွေး အာလူးဖုတ်လို့ ရလောက်ပြီ။ ကိုသောင်းမြင့်တို့ အဖွဲ့ထဲမှာ အားလုံးက စိတ်တူကိုယ်တူ နီးပါး။ ဘယ်သူ့ကို မဆို နိုင်ငံအတွက် ဝေဖန်ဖို့ လက်တွန့်နေမည်မဟုတ်လို့ ခံယူထားသော အဖွဲ့။ ဒေါ်စုကိုလဲ ဝေဖန်သည်။ ဦးသိန်းစိန်ကိုလဲ တွယ်သည်။ စစ်တပ်မကောင်းတာကိုလဲ ကောင်းကွက်လေးတွေ မရ အရ ရှာပြီး မပြောတတ်သူတွေ။ အခုလို နိုင်ငံရေး ဒီရေ မြင့်တက်လာသော အချိန်မှာ သူတို့လို တတိယ အုပ်စုအတွက် လေပန်း ဆွေးနွေးကြဖို့ အကောင်းဆုံး အခွင့်အရေးမို့လား။ အခု သူ့ရဲ့ တန်ဖိုးရှိသော အချိန်တွေကို ဒီမိန်းမက ဖြုန်းတီးပြစ်နေသည်လို့ ထင်လာပြီး သူ့အသဲစွဲ သမီးဖြစ်သူကိုတောင် စိတ်မရှည်ချင်သလို ဖြစ်လာသည်။

မသူဇာ ဈေးက ပြန်လာတော့ သူ့အတွက် ၀ယ်လာသော မုန့်ဟင်းခါးတောင် မစားနိုင်ဘဲ ခပ်မြန်မြန်ဘဲ လ္ဘက်ရည်ဆိုင်သို့ ထွက်လာသည်။ ဆိုင်ရောက်တော့ သူထင်ထားသည့်အတိုင်း လူစုံပြီ။ ဆွေးနွေးပွဲက အရှိန်ရနေပြီ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကိုသောင်းမြင့်ကိုတော့ ခရီးဦးကြိုပြုကြရင်း သူတို့ ဆွေးနွေးနေကြသော အကြောင်းအရာထဲကို အပါဆွဲခေါ်ကြသည်။

သူတို့အဖွဲ့ စုံစိနေအာင် ပြောကြ၊ အတွေးအမြင်တွေကို ဖလှယ်ကြ လုပ်ကြသည်။ အကြောင်းအရာကလဲ ဆွေးနွေးလို့ ကောင်းသည်မို့လား။ သူထင်မြင်သည့်အတိုင်း ဒီမြန်မာစစ်တပ်က ဒေါ်စုပြောသည့် စကားတွေကို နားခါးကြမှာ သေချာတာကိုတော့ သဘောတူကြသည်။ သူ့မိတ်ဆွေ တစ်ယောက်ကတော့ ဒီလို ပြောရမယ့် အချိန်ရောက်လာပြီလို့ တော့ ပြောသည်။ ပြောသင့်သည်လို့ ထင်သည်။ ကိုသောင်းမြင့်ကတော့ စစ်တပ်ကို ကြောက်သည်။ ကြောက်ဆို ၈၈ အရေးအခင်းမှာသူ့မျက်စိရှေ့မှာတင် လမ်းပေါ်မှာ ပစ်သတ်ခံကြရတာ မြင်ခဲ့ရသူကိုး။ ဒီစစ်တပ်က သတ်ဆို သတ်မည့် စစ်တပ်။ တွေးမလား၊ သတ်မလားဆိုရင် သတ်ဘဲ သတ်ချင်သော လူတွေ အများစု ရှိသောစစ်တပ် ဆိုတာ ကိုသောင်းမြင့်က ကိုယ်တွေ့။

သူ့မိတ်ဆွေ တစ်ယောက်ကတော့ ဆွေးနွေးသွားတာ ပညာရပ်ပိုင်းဆိုင်ရာ စကားလုံးတွေ အများကြီး သုံးသွားသည်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ စစ်အစိုးရရဲ့ နောက်ဆုံး ခံတပ်လို့ ပြောသည်။ ဒိုင်ယာလော့ခ်စကားဝိုင်းတွေ ဖြစ်လာဖို့ အောနပ်စ်ဖြစ်တဲ့ လူတွေ လက်ရှိစစ်တပ်မှာ မရှိသလောက်ဘဲလို့လဲ ပြောသည်။

နောက်တစ်ယောက်ကတော့ ဒေါ်စုလုပ်သွားတဲ့ အကွက်သိပ်လှတယ်လို့ ပြောသည်။ ၅၉(စ) ကို လေသံပစ်ထားပေမယ့် တကယ်ကိုင်တော့ ပုဒ်မ ၄၃၆ အဓိက အညှာကို ကိုင်သတဲ့။ နိုင်ငံရေးဆိုတာ ကြက်ဥပုပ်ဆိုလား ဘာလား ကိုသောင်းမြင့် နားမလည်သော စကားကိုလဲ ကိုးကားသွားတာ သတိထားမိလိုက်သည်။

သူတို့အဖွဲ့ဆွေးနွေးဝိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် သဘောထပ်တူ အကျကြီး မဟုတ်ပေမယ့် အခွင့်ထူးခံ စစ်တပ်ဖွဲ့စည်းပုံကို ပြင်ရမည်လို့ ဒေါ်စုပြောတာကို သဘောတူကြသည်။ သို့သော်လည်းဘဲ စစ်တပ်ကို သူတို့အဖွဲ့က နည်းနည်းမှ မယုံတာမှာတော့ ချွင်းချက်မရှိ သဘောညီကြသည်။ ရသလောက် ပေကတ်ကြီးတွေ လုပ်ကြမှာလို့ ထင်မြင်ကြောင်း ဖွင့်ပြောကြသည်။

ကိုသောင်းမြင့် လ္ဘက်ရည်ဆိုင်က ပြန်လာတော့ နေအတော်မြင့်ပြီ။ မသူဇာမျက်နှာက လငပုပ်ဖမ်းနေလေပြီ။ မိန်းမဖြစ်သူ မျက်နှာကို တစ်ရွာထင် အလုပ်မလုပ်ဘဲ ကပ်စားနေသော ကိုသောင်းမြင့်အတွက် မသူဇာကို ဖားဖို့ လိုအပ်လာသည်။ ထို့ကြောင့်…

“ဟဲ ဟဲ..မိန်းမ..မင်း မေစု ပြောတာ မှန်တယ်ကွ။ ပုဒ်မ ၃၇၆ ကို ပြင်ရမယ်…ဟဲ ဟဲ”

“ရှင်…ဘာစကားပြောတာလဲ…ဟဲ့ မိအေး အခန်းထဲဝင်စမ်း” ဆိုပြီး သူတို့အိမ်မှာ လက်တို လက်တောင်း ခိုင်းဖို့ ခေါ်ထားသော မိအေးဆိုသည့် အပျိုအရွယ် ကောင်မလေးကို မသူဇာက ပြာပြာသလဲ လှမ်းငေါက်လိုက်ရသည်။ တကယ်က ကိုသောင်းမြင့် ပြောချင်တာက အခြေခံ ဥပဒေ ပုဒ်မ ၄၃၆။ သူ့စိတ်ထဲမှာ ရှိနေတာလား၊ ပြောချင်ဇော၊ ဖားချင်ဇော အားကြီးသွားသလား မသိဘဲ ဗလ္လကာယပုဒ်မ ၃၇၆ ဆိုပြီး ဖြစ်သွားခြင်းဖြစ်သည်။

“ဟာ…ဆောရီး ဆောရီး ပြောချင်တာက ပုဒ်မ ၄၃၆ ပါကွ။ မင်းကလဲ..ဟဲ ..ဟဲ..ဒီပုဒ်မ ၄၃၆ ကို ပြင်ဖို့ လိုအပ်တယ်လို့ ပြောတာပါကွ။ ပြင်ဖို့နည်းလမ်းတွေလဲ ငါတို့ ဆွေးနွေးတိုင်ပင်ခဲ့တာလေး မင်းကို ပြောပြချင်ဇောအားကြီးသွားတာပါကွ..ဟဲ..ဟဲ”

“ဒီမှာကိုသောင်းမြင့်..ရှင်တို့အဖွဲ့ရဲ့ NLD ဆိုရင်လဲ တိုက်ခိုက်လိုက်၊ အစိုးရမကောင်းတာလဲ ပြောလိုက်၊ ရှင်တို့သာ ကိုသိတတ်၊ ကိုတတ်ပ လုပ်နေတာ ကျွန်မ သောက်မြင်ကတ်တာ ကြာပြီ။ အခု မေစုပြောတဲ့ ပုဒ်မ… ဘာရယ်.. ၄၃၆ ဆိုလား ဘာလား ပြင်ဖို့ လိုတယ်လို့ သူ့ခမြာ ဘယ်လောက်ပြောပြော ပြင်ချင်တဲ့ စိတ်ရှိမှ ပြင်လို့ရမှာ။ သေချာတာက ရှင်တို့လို ဆရာကြီးအဖွဲ့လဲ ရိုးသားဖို့ လိုတယ်။ ဟို စစ်ဗိုလ်ကြီးတွေလဲ ရိုးသားဖို့ လိုတယ်။ အကုန်လုံး အေးအေးချမ်းချမ်း ပြောင်းလဲဖို့ဆိုတာ ရှင်တို့လို လေပေါ၊လေကန်နေလို့လဲ မရဘူး။ ရှင့်သူငယ်ချင်းတွေလို စစ်တပ်ကို ကြောက်သထက် ကြောက်လာအောင် ချောင်ပိတ်မိနေအောင် အမုန်းပွားစေမယ့် စကားတွေ ပြောနေလို့လဲ မရဘူး။ မေစုဘာသာ ဘယ်လောက်ပြောပြော၊ ဘယ်လောက် လက်ကမ်းကမ်း ရှင်လိုလူတွေ၊ အာဏာရစ်နေတဲ့ လူတွေနဲ့ကတော့ ဟောရင်းသာ ပျံလွန်တော် မူမယ်တော်ရေ့…ရှင်တို့ ကျွန်မတို့ သေရင် ကျုပ်တို့ သမီးလေးကို အဆင့်အတန်းရှိရှိ နိုင်ငံတစ်ခု ချန်ခဲ့ဖို့ဆိုတာ အားလုံးက စိတ်ကောင်း စေတနာနဲ့ ကြိုးစားကြ၊ နားလည်ကြမှ ဖြစ်မှာ။ တော်ပြီ..လေကုန်တယ်။ ရှင်ပြောတာ မကြားချင်ဘူး။ ရှင်ပြောရင် နိုင်ငံရေး ဒဿနိက စကားလုံးတွေပါလာမှာ။ ကျွန်မ အချိန်မရှိဘူး။ အခြေခံ ဥပဒေတွေ၊ ဘာပုဒ်မတွေ၊ ညာပုဒ်မတွေ ဘေးချိတ်။  စိတ်ဆိုး စိတ်ယုတ်တွေနဲ့ကတော့ ဘာမှ ဖြစ်မလာဘူး။ ဒါဘဲ..” ဟု ဆိုကာ မီးဖိုချောင်ဖက်သို့ မသူဇာတစ်ယောက် ၀င်သွားသည်။

သူ့ကို နှိမ်နှိမ်ဖဲ့ဖဲ့ ပြောသွားသော မိန်းမဖြစ်သူကို ကိုသောင်းမြင့် စိတ်မဆိုးနိုင်အား။ သူမှားပြောသော ပုဒ်မ ၃၇၆ ကို မသူဇာတစ်ယောက် နိုင်ငံရေးတွေ ဒေါကန်ရင်း မေ့သွားလို့ တော်တော့သည်။ ဒါ့မို့ဆို သူရှင်းလို့ ပြီးနိုင်မယ် မထင်တော့။ ကိုသောင်းမြင့် ဘုရားတရင်း..ကံကောင်းလို့ လို့ တွေးမိရင်း Facebook သုံးနေမိတော့သည်။

(၃၇၆ ဖိုးထက် အဲလေ ဖိုးထက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “ဖိုးထက် – ကိုသောင်းမြင့် ပြင်ဆင်လိုသော ပုဒ်မ
  1. ဆရာ ဖိုးထက်-

    သူတော်ကောင်းကို နတ်ကောင်း မ တယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်…

    ကဲ အခုပဲ ကြည့် မသူဇာတစ်ယောက် ၃၇၆ ကိုမေ့သွားပြီ။

    ထူးထူး

Comments are closed.