သတင်းဆောင်းပါး

ဇာနီကြီး – မြန်မာနိုင်ငံ မိုဘိုင်းဖုန်းအကြောင်း


မြန်မာနိုင်ငံ မိုဘိုင်းဖုန်းအကြောင်း
ဇာနီကြီး
မေ ၁၆၊ ၂၀၁၄
 
 

ဈေးကြီးလှတဲ့မြန်မာနိုင်ငံအကြောင်းပြောမဆုံးပေါင်၊ တောသုံးထောင်.. မိုဘိုင်းဖုန်းအကြောင်းကို ထိုင်း၊မလေးရှား၊စင်ကာပူနဲ့ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ပြောချင်လာပါတယ်။ တော်တော်စိတ်ပျက်စရာကောင်းတဲ့ မြန်မာ့တယ်လီကုန်း ပါပဲ။

SIM Card နဲ့ဖုန်းပြောခဈေးကြီးပုံ
မြန်မာပြည် အလည်ပြန်သူတစ်ဦး လေဆိပ်ရောက်တာနဲ့ SIM card ငှားစားတဲ့လူတွေ၊ ၂ပတ်ကို ကျပ်၃သောင်းဆိုပြီး တိုးရစ်တွေကို ရောင်းစားသူတွေ်ရှိကြတယ်။ ထားပါတော့.. နိုင်ငံခြားသားတွေက သူတို့ရဲ့ အေးဂျင့်တွေနဲ့လာကြတော့ SIM card ပြသနာမရှိပါဘူး။ သူတို့က ကမ္ဘာလှည့်သွားနေသူတွေ တယ်လီဖုန်းမရှိပဲ၊ မြေပုံတစ်ခုနဲ့ ဆိုင်ကယ် ကယ်ရီ၊ ဘတ်စကားတွေကို သုံးပြီး လမ်းဘေးတွေမှာ ဈေးချိုချိုနဲ့ စားသောက်ကြတယ်။ တတ်နိုင်တဲ့ နိုင်ငံခြားသားတွေလည်း ဟိုတယ်ကြီးတွေကို အေးဂျင့်တွေက ခေါ်သွားကြတယ်။ နိုင်ငံခြားသား တိုးရစ်တွေ ဈေးကြီးတဲ့ မြန်မာတက္ကစီ စီးတာသိပ်မတွေ့ဘူး။ ကျနော်တို့စီးတဲ့ တက္ကစီကို တစ်ယောက်ဝင်ပါရစေလို့ ဒရိုင်ဘာကိုပြောပြီး ကြားပေါက်ဝင်စီးတာပဲ ကြုံဖူးပါတယ်။ နိုင်ငံခြားသားများက မြန်မာပြည်မှာ လုယက်၊သတ်ဖြတ်မှု၊ ရာဇဝတ်မှု ၊ လိမ်လည်မှု အင်မတန်နဲပါးတယ်လို့ ခံယူထားပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံခြားသားကို လိမ်လည်ဖို့ တော်တော်ခက်ပါတယ်။

ခက်တာက မြန်မာတွေပဲ။ အချင်းချင်း နှိပ်ကွပ်ဖို့ အကျင့်ပါနေတာ နှစ်ပေါင်း၆၀ စစ်အုပ်ချုပ်တဲ့စနစ်နဲ့ နေသားကျနေပါပြီ။

တယ်လီဖုန်းတစ်ခုပဲ ကြည့်မယ်ဆိုရင် .. ကျပ်တစ်ထောင့်ငါးရာ တယ်လီဖုန်းတွေ ထုတ်ရောင်းတော့ ရတဲ့လူ ၇၅%က ပြန်ရောင်းပစ်ကြတယ်။ တောသူတောင်သားတွေ တယ်လီဖုန်းသုံးစရာလဲမလိုဘူး။ မဲပေါက်ရင် ကျပ်၃သောင်းကနေ ၅သောင်းထိ အမြတ်ရတော့ ရောင်းတာပေါ့။ တယ်လီဖုန်းကို ရောင်းစားမှု၊ လွှဲပြောင်းမှု မလုပ်နိုင်ရန်အတွက်တဲ့ စာချုပ်တစ်မျက်နှာလောက်ရှိတယ်။ ဓါတ်ပုံပါကပ်ထားရတယ်။ နိုင်ငံသားလက်မှတ် ရှေ့၊နောက်မျက်နှာ ကောပီလည်း ကပ်ထားရတယ်။ နေရပ်လိုပ်စာ အပြည်အစုံနဲ့ SIM card တွေကို ရောင်းပေးနေပါတယ်။ တဆင့်ပြန်ရောင်းသူ ပွဲစားများက စာရွက်စာတန်းအပြည့်အစုံနဲ့ SIM card ရောင်းပေးပါတယ်။ အခု တစ်နှစ်အကြာမှာ ဈေးကျလာတယ်။ CDMA 800 ကို ကျပ်၎သောင်းကနေ ၆သောင်းအထိ ပေးဝယ်ရတယ်။ GSM ကဒ်ကို ကျပ် တစ်သိန်းကနေ တစ်သိန်း၂သောင်း ဈေးပေါက်ပါတယ်။

အဲ.. နိုင်ငံတကာ ၊ အထူးသဖြင့် အရှေ့တောင်အာရှ ဗီယက်နမ်မှာ CIM card ကို မုန့်ဝယ်သလို ဝယ်လို့ရတယ်။ ဗီယက်နမ်နဲ့မြန်မာလူမျိုးတွေက ဖုန်းကိုသုံးပြီး အကြမ်းဖက်လုပ်ငန်းမလုပ်ဝံ့ပါဘူး။ ဥပဒေစိုးမိုပါတယ်။ ထိုင်းမှာလဲ အလွယ်တကူ ဝယ်လို့ရပါတယ်။ မလေးရှား၊စင်ကာပူမှာတော့ မှတ်ပုံတင်ကဒ်နဲ့ ဝယ်ရတယ်။ အကြမ်းဖက်ကို စိုးရိမ်လို့၊ နည်းစနစ်လည်း ကြွမ်းကျင်တော့ စနစ်တကျရောင်းချပေးပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုယ့်မှတ်ပုံတင်နဲ့ SIM card ဝယ်ဖို့ ကျနော်အတွက် အလွန်ခက်ခဲနေပါတယ်။ အရင် ၆လက ဝယ်ထားတဲ့ ကဒ်ကလည်း ပျောက်သွားလို့ အသစ်ပြန်လုပ်ဖို့ မေးတော့ ၊ ပဲခူးက လယ်သမားတစ်ယောက်ဆီက ဝယ်ထားလို့ ပဲခူးကို သွားပြီး ပျေက်ဆုံးအသစ်လုပ်ရမယ်။ အနည်းဆုံး ၁၀ရက်လောက် ကြာမယ်တဲ့။

သူများနာမည်နဲ့ မိုဘိုင်းဖုန်းမကိုင်ချင်ဘူး။ ကိုယ့်နာမည်ပေါက် မိုဘိုင်း SIM card ဝယ်ချင်လို့ပါ ဆိုတော့ အခြားမိတ်ဆွေတစ်ဦးက .. ဟာကွာ၊ ငါတောင်မှ ဇနီးသည်နာမည်နဲ့ သူတို့ရုံးကရတဲ့ ဖုန်းကို သုံးနေရတယ်။ ငါ့ ဇနီးသည်က ရုံးကပေးတဲ့ ဖုန်းတွေ အများကြီးဝယ်ထားတယ်။ ရောင်းစားတာ မလုပ်ပါဘူး။ ကိုယ့်ဆွေမျိုးတွေ သုံးဖို့တောင် မလောက်ဘူး။ ကိုယ့်နာမည်နဲ့ မိုဘိုင်းဖုန်း SIM card လုပ်ချင်ရင်တော့ ပုံစံ(၁၀) မှတ်ပုံတင်ထားတဲ့ မြို့နယ်ကို သွားလျှောက်ရုံပဲရှိတော့မယ်။ ငါလည်း ငါတို့မိသားစု ပုံစံ(၁၀) မအူပင်မြို့မှာ ဖုန်းတစ်လုံးရှောက်ထားတာ တစ်နှစ်ကျော်ပြီ၊ ကြုံတိုင်း ရပ်ကွက်လူကြီးကို လှမ်းမေးတော့၊ ဗိုလ်မှုးကြီးလျှောက်ထားတဲ့ SIM card ကျမလာသေးပါဘူး..လို့ပြောတယ်။ ဗိုလ်မှုးကြီး(အငြိမ်းစား) ရာထူးလည်း အလုပ်ကထွက်သွားရင် အသုံးမကျတော့ပါဘူးကွာ… လို့ပြောပြရှာပါတယ်။

နောက်ဆုံးတော့ ဆက်သွယ်ရေးရုံးကိုပဲ သွားပြီး၊ ပေးကမ်းခြင်းသည် အောင်မြင်သည် ဆိုတဲ့အတိုင်း CDMA နာမည်ပေါက် ကျပ်၎သောင်း၊ GSM နာမည်ပေါက် ကျပ်တစ်သိန်း နေ့ချင်းပြီး လုပ်ပေးလိုက်ပါတယ်။ သြော် အခုခေတ်က ပေးကမ်းချင်ရင် ပွဲစားနဲ့မလုပ်နဲ့၊ ရုံးထဲဝင်ပြီး ဘယ်လောက်ကျပါမလဲ … ရှင်းရှင်းပဲ ပြောပြီး၊ ပွင့်လင်းမြင်သာစွာ လုပ်တဲ့ခေတ်ဖြစ်နေပါပြီ။

မြန်မာ့ဆက်သွယ်ရေးနှင့်သူတို့ ကန်ထရိုက်တာများ
မိတ်ဆွေ မိုဘိုင်းဖုန်း အစိုးရ အရာရှိကြီးနဲ့တွေ့ပါတယ်။ သူတို့ရဲ့ ဆက်သွယ်ရေးဝန်ကြီးအလုပ်ဖြုတ်ခံရတာ၊ အင်ဂျင်နီယာချုပ်တွေပါ အနားယူရတာတွေ သူတို့ဂရုမစိုက်ပါဘူး။ ပြုတ်သွားသူတွေက စုပေါင်းပြီး ကုမဏီထောင် လုပ်စားနေတုန်းပဲတဲ့ဗျာ။ အခြားအရှေ့တောင်အာရှနိုင်ငံများဆို ခြစားလို့ပြုတ်သွားသူတွေ ထောင်ထဲဝင်နေရတာ၊ ကျုပ်တို့မြန်မာပြည်ကတော့ ဌာနဆိုင်ရာ ဖြစ်ချင်တိုင်းဖြစ်နေတာပဲ။ နဲနဲလေးပဲရွှေ့တယ်… ဘာမှမထူးဘူး..လို့ စိတ်ကောင်းရှိတဲ့အစိုးရဝန်ထမ်းကြီးများက ပြောတယ်။ သူတို့လည်း ပေးတဲ့ မြေကွက်၊ တယ်လီဖုန်းလိုင်း၊ ကား၊ ဓါတ်ဆီ စတာတွေ မယူလဲမဖြစ်ဆိုတော့ ယူထားရတာပေါ့။

လိုင်းစုံသွားဦးမယ်။ ဆက်သွယ်ရေး မိုဘိုင်းဖုန်းတစ်ခုပဲ ဟော့ဖြစ်နေတယ်ဆိုတော့ ဘယ်လိုလုပ်စားနေကြတယ်ဆိုတာ အကျဉ်းချုပ် ရေးပါမယ်။ နားမလည်ရင်လဲ ကျနော်ရေးတာ အသုံးမကျလို့ပဲ ယူဆလိုက်ပါ။

ကမ္ဘာမှာ ဆက်သွယ်ရေးဆိုတာ တကယ့်ပွပေါက်လုပ်ငန်းကြီးပါ။ နိုင်ငံတော်အစိုးရက ပုဂလိကတွေကို မပေးပါဘူး။ ပေးရင်လဲ အစိုးရက ရှယ်ယာတဝက်နီးပါး ဝင်ထားတယ်။ လူတွေအမြင်မှာေ ကာင်းတာပေါ့။

ဘာ စက်ပစ္စည်းတွေလိုသလဲ.. အရင်းနှီးကတော့ ဘာမှမလိုပါဘူ။ မိုင်၂၀ကို တာဝါတိုင် တစ်ခုထောင်ထားပြီး၊ ရီပီတာ ၊ အမ်ပလီဖိုင်ယာ ဆိုတဲ့ ဖုန်းလေလှိုင်းတွေကို လက်ခံ၊ ချဲ့လွှတ်ပေးတဲ့ တာဝါတိုင်တစ်ခု ဒေါ်လာတစ်သောင်း မကုန်ပါဘူး။ မြန်မာပြည်တစ်ခုလုံး လူနေတဲ့အရပ်တွေအတွက် တာဝါတိုင် ရှစ်ထောင်လောက်ဆို လုံလောက်တယ် ပြောပါတယ်။ ပိုကောင်းချင်ရင်တော့ များများထောင်ပေးရမှာပေါ။ စုစုပေါင်း ဒေါ်လာ သန်း၈၀လောက်ပဲကုန်တယ်။ တစ်နိုင်ငံလုံး မိုဘိုင်းတာဝါတွေ အိုကေပြီ။

ရတနာပုံ SIM card ထုတ်တဲ့ မေမြို့က စက်ရုံ၊ ပလတ်စတစ် ငွေဖြည့်ကပ်တွေ ထုတ်တဲ့ စက်ရုံကလည်း တစ်နှစ်ကို ဒေါ်လာသန်း၅၀၀ဖိုးလောက် ထုတ်ပေးနေတယ်။ အခု ၂၀၁၄ ဆိုရင် ဒေါ်လာ သန်းတစ်ထောင်ဖိုးမက ထုတ်ရောင်းနေပါပြီ။ မြန်မာ့တယ်လီကုန်း အတွက်တဲ့။ SIM card သန်းပေါင်းများစွာလည်း ဒလဟော ထုတ်ပေးနေတယ်။ မြန်မာ့လူဦးရေရဲ့ ၁၀% (လူ ၆သန်းလောက်) မိုဘိုင်းဖုန်း ရနေပြီလို့ ပြောတယ်။ လုပ်ငန်းရှင်တွေပဲ မိုဘိုင်းဖုန်းတွေ ပေါချင်းသုံးနေကြပါတယ်။

မြန်မာတယ်လီကုန်းရဲ့ ဈေးကြီးမှုနဲ့၊ လှည့်စားမှု…တွေကိုတော့ မိုဘိုင်းဖုန်းမသုံးတတ်သူတွေ ငွေဖြည့်လိုက်ရင် တစ်သောင်းကျပ်ကို ခဏနဲ့ စားခံလိုက်ရတာ ခဏခဏ ဖြစ်ပါတယ်။ အထူးသဖြင့် အင်တာနက်သုံးရင် မေ့လို့ DATA Off မလုပ်မတာနဲ့ နောက်နေ့မနက်ဆို ဖုန်းထဲရှိသမျှ ပိုက်ဆံ ကုန်သွားပါတယ်။ တယ်လီဖုန်းပြောခကလည်း တစ်မိနစ် ကျပ်၅၀ ဆိုတော့ အရှေ့တောင်အာရှဈေးနှုန်းထက် ၂ဆလောက် ဈေးကြီးနေပါတယ်။ စင်ကာပူမှာ တစ်မိနစ် ၂၅ကျပ်လောက်ပဲ၊ ဗီယက်နမ်၊ ထိုင်း ဆိုရင် ပိုဈေးချိုပါတယ်။ ဒီတော့ တော့ခ် talk သိပ်မလုပ်နဲ့၊ မိုဘိုင်ဖုန်းကို သိပ်မသုံးနဲ့ပေါ့။

လူ ၆သန်းလောက်ပဲ CIM card တယ်လီဖုန်းသုံးတာ တစ်နှစ်ဒေါ်လာ သန်းစ်ထောင်မက ဝင်ငွေရှိနေတော့ ၊သန်း၆၀လုံး ဖုန်းကိုင်မယ်ဆိုရင် ဒေါ်လာသန်းပေါင်း ဘီလျှံများစွာ ဝင်ငွေရမှာပါ။ အစိုးရက အခွန်ရပါသလား မေးရင် …ရပါတယ်..လို့ ဖြေရပါတယ်။

စင်ကာပူနဲ့ တခြာနိုင်ငံတွေမှာ ဖုန်းကပ် ဒေါ်လာ သန်း၁၀၀၀ ဖိုးရောင်းရင်၊ အခွန်ငွေ ၃၅% (ဒေါ်လာသန်း၃၅၀) အစိုးရက ကောက်ပါတယ်။ ရှောင်တိမ်းလို့ မရအောင် ဆက်သွယ်ရေး အခွန်ဥပဒေတွေနဲ့ ကောက်ခံသလို့။ အခွန်ရှောင်တဲ့လူ မသက်သာဘူး။ ထောင်ကျ၊ ဒဏ်ငွေ ၁၀ဆ စသည်ဖြင့် စည်းကြပ်ပါတယ်။ စာရင်းစစ် Auditor တွေက မြန်မာပြည်လို တစ်ကျပ်၊နှစ်ကျပ်ကို အသေးစိတ်အချိန်ကုန် စစ်နေတာမဟုတ်၊ ဒေါ်လာတစ်သန်း အထက် ကုမဏီများကို အထူးစစ်ဆေးပါတယ်။ ရှောင်လို့မရပါဘူး။

အနာဂါတ်မြန်မာ့ဆက်သွယ်ရေး

ဧပြီလ၂၀၁၄မှာ နေပြည်တော်နဲ့ အထက်မြန်မာပြည်တစ်ခုလုံး မိုဘိုင်းဖုန်းအားလုံး သုံးမရပါဘူး။ ဘာဖြစ်တယ်လို့လဲ မြန်မာဆက်သွယ်ရေးက ကြေညာစရာမလိုပါဘူ။ သုံးမရလဲ ပြည်သူတွေက ဘာမှ ကွန်ပလိန်းမလုပ်ပါ။ ညနေပိုင်းမှာ မိုဘိုင်းနက်ဝပ် ပြန်ကောင်းသွားပါတယ်။ မြန်မာ့ဆက်သွယ်ရေးကတော့ ခပ်တည်တည်ပါပဲ။

အခု တယ်လီနော (နော်ဝေး) နဲ့ အူရာဒို (ကာတာ) ၂ခု ဝင်လာတော့မှ ပိုကောင်းလာမယ် မျှော်လင့်ကြပါတယ်။ နောက်ထပ် ၈လကြာမှ အဲဒီ၂ခု SIM card စတင်ရောင်းချမယ်။ အခုတော့ တာဝါတိုင်တွေ ထောင်နေတယ် ကြားပါတယ်။ တာဝါတိုင်ထောင်ဖို့လည်း ဌာနဆိုင်ရာ များစွာ၊ ဝန်ကြီးဌာနများစွာနဲ့ တဝုန်းဝုန်း လုပ်နေရပါတယ်။ ထုံးစံအတိုင်း တောင်းရမ်းနေကြသလား၊ ရှိတဲ့ အာဏာပြပြီး ကြံ့ကြာအောင် လုပ်နေသလား .. မသိနိုင်ပါ။

မြန်မာ့ဆက်သွယ်ရေးကို ကျော်ဖို့ တယ်လီနော၊ အူရာဒိုတို့ မလုပ်နိုင်ပါဘူး။ ပေါင်းပြီး စားရမဲ့ ပုံစံဖြစ်နေပါတယ်။

ဒါကြောင့် မြန်မာမိုဘိုင်းဖုန်း အရှေ့တောင်အာရှအဆင့်မီအောင် မလွယ်သေးပါဘူး။ သမ္မတကြီး သိသွားပြီး၊ နောက်ထပ် မိုဘိုင်းကော်မတီတစ်ခု ထပ်ထောင်ပေးလိုက်ရင်တော့ မပြောတတ်ပါ။ မြန်မာပြည်ကြီး ရဲ့ အခြေအနေပါဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts