သတင်းဆောင်းပါး

နေပြည်တော်သို့ သွားရာလမ်း – ပြင်မလား၊ သစ်မလား



နေပြည်တော်သို့ သွားရာလမ်း – ပြင်မလား၊ သစ်မလား

ညွန့်ထွေး၊ မေ ၁၆၊ ၂၀၁၄     

၂၀၀၉ – ၂၀၁၀ တစ်ဝိုက် လက်ရှိ ဖေ့ဘုတ် သိတ်မတွင်ကျယ်သေးခင် မှာ ရန်ကုန်မှာ ရှိတဲ့ စာသမားတစ်ချို့ က အွန်လိုင်း ဘလော့ဂါတွေက တစ်ဆင့် အပြင်ဖက်က ဂျာနယ်မဖတ်ရတဲ့ ပရိသတ်အတွက် ပြည်တွင်း ဂျာနယ်တွေကို ဖြတ်စညှပ်စ တွေ အနေနဲ့ တင်ပေးခဲ့ကြတယ်။ ဒီ ဖြတ်စ ညှပ်စတွေထဲမှာ ရန်ကုန်နေပြည်တော် အမြန်လမ်း သတင်းက ကြိုကြား ကြိုကြား ပါလာတတ်ပေါ့။ သိချင်ရင်တော့ .. ဟောဒီလင့်မှာ ရှု..  http://moemaka.com/archives/17312

၂၀၁၀ နှောင်းပိုင်းကျတော့ အမြန်လမ်းအကြောင်း က ဟော့(တ်) ဖြစ်တာ လာပါပြီ။ အမောင်းကြမ်းတာတွေ.. ကွန်ကရစ်လမ်းကြမ်းကြမ်းကြောင့် ကားဘီးပွင့်တာတွေ..  ဆိုတဲ့ လမ်းအန္တရာယ် တွေ အကြောင်းက အွန်လိုင်းနဲ့ ဂျာနယ် စာမျက်နှာတွေ ဆူညံ လာခဲ့တယ်။

အဲဒီ ဆူဆူညံညံ တွေထဲမှာဘဲ စာရေးသူ တစ်ယောက်က ဒီလမ်းကြီးကို သေမင်းတမန် လမ်းကြီးလို့ သူ့စာတိုပေစလေးတွေမှာ .. အမည်ပေးခဲ့တယ်။ ဘာပြောကောင်းမလဲ တခါတည်း တာဝန်ရှိသူတွေ ဆွေ့ဆွေ့ခုန်ကုန် ကြာတာများလေ..၊  ဂျာနယ်တွေက တစ်ဆင့် အကြောင်းပြ အမျိုးမျိုးနဲ့ သူတို့ လမ်းကြီးက နိုင်ငံတကာ အဆင့်မီ လမ်းမကြီးပါ ဘာ ညာ နဲ့ မထော်မနန်း မတူမတန် မမှန်မကန် ထုံးစံအတိုင်း ပြန်လို့ တုန့်ပြန်လာကြ ပါလေရော။

ဒီလို အပြန်အလှန် ရေးတဲ့ သူ တုန့်ပြန်တဲ့သူတွေ နဲ့ ဆူညံ မြည်ဟည်း နေခဲ့တာ လမ်းတခြမ်းခင်း ပြောင်းဖူး အောင်သိန်းလင်း ရဲ့ မြေး ဒီလမ်းကြီးပေါ် သေလိုက်တာမှာ ပိုသွက်လာတော့တယ်။ အမြည်းသဘော ဖတ်ကြည့်မယ် ဆိုရင် ဟောသလိုတွေ့မှာပါ။

++++++++++++++++

အမောင်းကြမ်းတော့ ဘာဖြစ်သလဲ    (ဒီဇင်ဘာ ၂၊ ၂၀၁၀)

နေပြည်တော်လမ်း ၇ ယောက်သေတဲ့ သတင်းကတော့ ဟိုနေ့က ပြောတဲ့ ၄ လောင်းပြိုင်နဲ့ ဆက်စပ်တယ်။ အခု ဒီလို အဖြစ်မျိုးတွေ နေပြည်တော်လမ်းမှာ အမြဲ ကြားနေရပြီ။ အကြောင်းရင်းကတော့ လမ်း ပါပဲ။ လမ်းသစ်ကြီးလေ။ ဖြောင့်ပြီး ချိုင့် မရှိ..။ မောင်းလို့ အရမ်း ကောင်းတယ်လို့ ဆိုတယ်။

ဒီတော့ ဒုံးပျံ ပစ်သလို မောင်းကောင်းတိုင်း မောင်းကြတယ်။ သို့သော် လမ်းက နတ်ကြီးတယ် အဲ – ကွန်ကရစ်လမ်း ဖြစ်တယ်။ မျက်နှာပြင် ကြမ်းတယ်။ ကတ္တရာလမ်းလို မချောမွေ့။ ဒီမှာ ကားတာယာတွေက မလေး တရုတ် စသဖြင့်က လာတယ်။ ဘယ်လိုစံမျိုးနဲ့ ထားပြီး ထုတ်မှန်း မသိ။ ဘယ်လိုပဲ ကွာလတီ ကောင်းကောင်း တာယာ ဆိုတာ ပွတ်မှုအား မြင့်လာရင် ပူလာတယ်။ မောင်းတာ ကီလို ၁၆၀ ကျော်လာရင် သိပ်မကြာဘူး ပွင့်ထွက်၊ ကားမှောက်တော့တာပဲ။ တလောကတင် ဦးအောင်သိန်းလင်း သားသမီး ကားမှောက်တော့ မြေးပေါက်စနလေး ဆုံးသွားတယ်၊ ခါးကျိုးတယ်လေ၊ ကြားကြမှာပေါ့။

7DAY ထဲမှာလည်း ရဲတယောက် ပြောတာ ကိုးကားထားတယ်၊ ကားဘီးပေါက်ရင် အရှိန် ဘယ်လိုမှ ထိန်းမရဘူး တဲ့။

ဒါတွေထက် ဆိုးတာက နောက်ဆုံးပေါ်သတင်းတခုပဲ သိပြီးပြီလား – တစီးထဲ သွားတဲ့ ကိုယ်ပိုင်ကားတွေကို ညဖက်တွေမှာ ဓားပြ တိုက်ပြီ။ လမ်းက ရွာဆက်မရှိ၊ လွင်တီးခေါင်ထဲမှာ.. တောင်ခြေ တောစပ်တွေကြားမှာ ဖောက်ထားတာမို့ တစီးထဲ ညဖက်သွားရင် အန္တရာယ် ရှိပြီ။

ကဲ – ဒီတော့ – နေ့လည်ဘက်ပဲ မောင်း၊ ညဘက်ဆို တခြားကားတွေနဲ့ အုပ်စုလိုက်မောင်း။ သေချာတာကတော့ ဘယ်အချိန်ပဲမောင်းမောင်း အရှိန် ထိန်းမောင်းဖို့ လိုမယ်။

++++++++++++++++++++

မကြာပါဘူး။ တုန့်ပြန်မှုတွေ အစိုးရမင်းများဖက် က ခတ်သွက်သွက်ကလေး ထွက်လာလေတော့တယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ဂျာနယ်တွေကိုဖိတ်ခေါ် .. ရှင်းလင်းပွဲတွေလုပ်.. တိုက်ဆွေးတာယာတွေ သုံးလို့ ပွင့်တာလိုလို.. ဟိုလိုလို.. ဒီလိုလို လွှဲချ လာကြတယ်။ ဂျာနယ်တွေကလည်း ရေးကြလေသတည်းပေါ့။ ရေးတဲ့လူတွေကလည်း  မခံ ဟောသလို ပြန်ဆော်တာပါဘဲ

သေပြီတော်   (ဒီဇင်ဘာ ၁၅၊ ၂၀၁၀)
ဒီတပတ် 7DAY (ဒီဇင်ဘာ ၉) မျက်နှာဖုံးမှာပါလာတာက ကားတာယာနဲ့ ကွန်ကရစ်လမ်း။ ဒီသတင်းက ဒီဂျာနယ်တစောင်ထဲမဟုတ်ဘူးနော် အတော်များများမှာပါလာတာ။ တပြိုင်တည်းလိုလိုပါလာ တာ ဆိုတော့ တမင်ထည့်ခိုင်းတာ ဖြစ်နိုင်နေပြီလေ။

သေကြ ရေးကြ များလာတော့ နေပြည်တော်လမ်းက သေပြီတော်လမ်း အဲ သေမင်းတမန်လမ်းကြီး ဖြစ်လာနေတာကိုး။

ခင်းတဲ့လူတွေက ခိုးလွန်းလို့ ဒါမှမဟုတ် ဘိုင်ကျင့်ဘိုင်ကြံ ကြံလွန်းလို့ လမ်းကြီးဖြောင့်သလောက် ကွန်က၇စ်သားက ကြမ်းသွားတာပါ။ တကယ်ဆို အပေါ်က ကတ္တရာတထပ်အုပ်ပြီးခင်းရမှာကို မခင်းဘဲ ခိုလိုက် ပြန်တော့ ဘယ်လောက်ကောင်းတဲ့ တာယာ ဘဲ ဖြစ်ဖြစ် ကျိတ်ပြီးပွတ်မောင်းတဲ့အခါပွတ်မှုအားမြင့်လာပြီး မကြာခင်တာယာ ပူလာမှာဘဲ အရှိန်ကမြင့်လာရင် ပိုဆိုးပြီပေါ့ အတွင်းက လေပေါင်က တအား တက်လာပြိး တာယာပွင့်ထွက် သွားတော့တာလေ။ ခုတော့ ထုံးစံအတိုင်း ကိုယ်ခိုးတာမပေါ်အောင် နအဖ ထုံးစံအတိုင်း တာယာတွေက တိုက်ဆွေးမို့ ဟောင်းလို့မို့ နဲ့ လွှဲချလိုက်တာလို့ နားလည်ရပါတယ်။

ဆောင်းပါးတစ်ပုဒ်လုံးရဲ့ လင့်ခ် က ဒီမှာ ပါ။  http://moemaka.com/archives/17383

ဒီလိုနဲ့.. တာဝန်သိမှု .. တာဝန်ယူမှုဆိုတာ ဘာမှန်းမှ မသိတဲ့ လက်ရှိ အစိုးရလက်ထက် ရောက်လာ ချိန်မှာတော့ ဒီ.. သေမင်းတမန်လမ်းမကြီးမှာ အခုဆို တပတ်ကို တစ်ယောက်နီးပါးနှုန်းနဲ့ သေနေကြပြီ။ ကားတွေများ.. မှောက်သလား မမေးနဲ့၊ သေသလားမမေးနဲ့ ဆိုတာလိုဖြစ်နေပြီ။ အစိမ်းသေတွေမို့ သရဲတွေဖြစ်ကုန်ပြီ ဆိုတဲ့ ရိုးရာ အယူကလည်း မှောင့်လိုက်ပြန်တော့.. နေပြည်တော်လမ်းကို မသွားရဲ မသွားချင် သူတွေလည်း ပေါ်လာကုန်ပြီ။ အကျွတ်အလွတ်ပွဲ ဆိုတာတွေကလည်း မရှား။

ဘယ်လိုလုပ်ကြမှာလည်း အစိုးရမင်းတို့..။ ရှက်တတ်ရင်တော့ တစ်ခုခု စဉ်းစားသင့်ပြီ။ အဲ.. ပြောသာပြောရ.. ဘာတဲ့..  “ရေကြီးရင် အေအီး (A.E. Assistant Engineer) ပျော်တယ်” ဆိုတဲ့  စကားပုံလေးတော့ ကြားယောင်မိသား..။ ဟင်း.. ကိုထုံ့စကား ငှားပြောရရင်.. ၊

ကြောက်စ်…။

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts