အတွေးအမြင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) – နိုင်ငံရေးဝတ္ထုဟူသည်

CC_No_06_A_Tale_of_Two_Citiesနိုင်ငံရေးဝတ္ထုဟူသည်

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၊ မေ ၁၅၊ ၂၀၁၄

နိုင်ငံရေးဝတ္တု (political novel) ဟူသော အမည်ကိုကြားလိုက်လျှင် စိတ်ထဲတွင် အောက်ပါ မေးခွန်းများ ပေါ်လာနိုင်ပါသည်။ နိုင်ငံရေးဝတ္တုဟူသည် အဘယ်နည်း၊နိုင်ငံရေးဝတ္တု၏ ၀ိသေသများသည် အဘယ်နည်း၊ မည်သည့်ဝတ္တုများသည် နိုင်ငံရေးဝတ္တုများဖြစ်သနည်း။

Politics and the Novel (နိုင်ငံရေးနှင့်ဝတ္တု ) စာအုပ်ကိုရေးသားသော စာရေးဆရာ အာဘင်ဟိုး (Irving Howe) ကဆိုသည်မှာ – များပြားလှသော ၀တ္တုအမျိုးအစားများထဲတွင်နိုင်ငံရေးဝတ္တုကို အမျိုးအစား

တစ်ခုအဖြစ်ထပ်မံ၍ ထည့်သွင်းလိုသောဆန္ဒမရှိပါ။ ထို့ကြောင့်စေါစေါကဖေါ်ပြခဲ့သောမေးခွန်းများ၏အဖြေကိုလည်း စူးစမ်းရန်ရည်ရွယ်ချက်မရှိပါ- ဟူ၍ဖြစ်သည်။

ဝတ္တုများကို လေ့လာကြည့်မည်ဆိုလျှင်၊ အချို့သည် နိုင်ငံရေးသဘောတရားများ ပါဝင်သည်၊ အချို. သည်များများပါဝင်သည်၊ အချို့သည်အနည်းငယ်မျှသါပါဝင်သည်။ စာရေးဆရာ အာဘင်ဟိုး၏ကျမ်းတွင် ၀တ္တုများထဲတွင်ပါဝင်သော နိုင်ငံရေးသဘောတရားများကိုလေ့လာကြည့်ရန်နှင့် စာပေနှင့်နိုင်ငံရေးတို.၏ ဆက်သွယ်ချက်ကိုစူးစမ်းရန်ဖြစ်သည်။

ဝတ္တုနှင့်နိုင်ငံရေး ဆက်သွယ်ချက် နှင့်ပတ်သက်၍ ပြင်သစ်စာရေးဆရာ စတင်ဒယ်(လ) (Stendhal, 1783-1842)က ဤသို့ဆိုသည်။

”စာပေထဲမှာ နိုင်ငံရေးပါဝင်လာခြင်းဟာ ဘာနဲ.တူသလည်း ဆိုရင် ပွဲပြနေစဉ် သေနပ်သံတစ်ခု ထွက်လာတာနဲ.တူပါတယ်။ ကျယ်လောင်ပြီး ကြမ်းတမ်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့၊ ဒါကိုသတိမပြုမိဘဲ နေလို့မရဘူး၊ လစ်လျူရှုလို့မရပါဘူး။“

ဤမှတ်ချက်သည် တော်တော်ပြင်းထန်ပါသည်။ ထိုမှတ်ချက်ကို ကြားရသူအနေဖြင့် စာရေး ဆရာကြီးစတင်ဒယ်သည် ဘာကိုဆိုလိုသည်၊ အကောင်းပြောတာလား၊ အဆိုးပြောတာလားဟူသည်ကို မသိသည့်အတွက် သူဘာများဆက်ပြောမည်ကို မျှော်လင့်တကြီးဖြင့် နားထောင်နေသော်လည်း ဘာမှဆက် ၍ မကြားရသောကြောင့် အားမလိုအားမရဖြစ်ရပါသည်။

သမိုင်းနောက်ခံဝတ္ထုများသည် ၎င်းတို့၏ ဦးစားပေးပုံကို မူတည်၍ နိုင်ငံရေးဝတ္ထုများဖြစ်နိုင်သည်။ ဥပမာ သမိုင်းနောက်ခံဖြစ်သော်ငြားလည်း စွန့်စားခန်းကို ဦးစားပေးသကဲ့သို့၊ အချစ်ကိုဦးစားပေးနိုင်သည်။ ဥပမာ- ချား(လ)ဒစ်ကင်း (Charles Dickens) ၏ A Tale of Two Cities (မြို့နှင့်မြို့၏ပုံပြင်) ကိုကြည့်ပါ။ ထိုဝတ္ထုတွင် ပါဝင်သောမြို့နှစ်မြို့မှာ ပြင်သစ်နိုင်ငံမှ ပါရီ (Paris) နှင့် အင်္ဂလန်နိုင်ငံမှ လန်ဒန် (London) ဖြစ်ကြသည်။ အချိန်မှာ ပြင်သစ်တော်လှန်ရေးကာလဖြစ်သည့်အတွက် နိုင်ငံရေးပဋိပက္ခ၏ အကျိုးဆက်များ သည် ဇာတ်ကောင်မျာအပေါ် သက်ရောက်နေသည်။ ပြင်သစ်တော်လှန်ရေးကြောင့် ဒုက္ခရောက်သူများ သည် လန်ဒန်သို့ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံရသည့်အခြေအနေများကို ဇာတ်လမ်းတွင်တွေ့ရပါသည်။ ဇာတ်လမ်းမှာ ဆုံးရှုံးခဲ့ရသောအချစ်အကြောင်းဖြစ်သည်။ ၀တ္ထု၏အဓိကဇာတ်ကောင် စစ်နီကာတွန် (Sydney Carton) သည် သူ၏အသက်ကိုပင်စွန့်၍ သူဆုံးရှုံးခဲ့သောချစ်သူ၏ခင်ပွန်းအသက်ကို ကယ်တင် ခဲ့ပုံကို ရေးသားထားသည်။ ဇာတ်လမ်း၏နောက်ခံအရ၊ နိုင်ငံရေးရိုက်ခတ်မှု၏ အကျိုးသက်ရောက်မှုများကို ခံစားကြရပုံကို ရေးဖွဲ့ထားပါသည်။

အကယ်၍ လူမှုရေးကို နိုင်ငံရေး၏ တစ်စိတ်တစ်ဒေသဟု ယူဆမည်ဆိုလျှင် လူမှုရေးဝတ္ထု (social novel) နှင့် နိုင်ငံရေးဝတ္ထုတို့ကို အတိအကျခွဲခြားဖို့ တော်တော်ခက်ပါသည်။ လူမှုရေးဝတ္ထုများကို ရေးရာတွင် ထင်ရှားသော စာရေးဆရာမှာ – မြန်မာနိုင်ငံတွင် မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ ဂျူး၊ သုမောင်၊ နေ၀င်းမြင့်တို့ဖြစ်ကြပါသည်။ သို့သော် သူတို့၏ ၀တ္ထုများကို နိုင်ငံရေးဝတ္ထုဟုခေါ်နိုင် မခေါ်နိုင်ဟူသည် ကိုတော့ ပြောဖို့ခက်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံမှုမှတစ်ဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုမျိုး ပါလာလျှင်တော့ နိုင်ငံရေးဝတ္ထုအမျိုးအစားထဲတွင် ထည့်နိုင်ပါသည်။ ဥပမာ တစ်ခုအနေဖြင့် ပြောရလျှင်၊ မစန္ဒာ၏ မောင်ချောက်ချက်သည် ဒသန၀တ္တု ဖြစ်ပါသည်။ ထိုဝထ္တု တွင် မျက်မှောက်ခေတ်အပေါ်ကလေး၏အမြင်ကို ဖော်ပြရာတွင် ဟာသလည်း မြောက်၊ အမှန်ကိုလည်းထင်ဟပ်စေပါသည်။ မိသားစုဇာတ်လမ်းဖြစ်သော်လည်း၊ ခေတ်၏မိသားစုအပေါ် ရိုက်ခတ်မှုကို ပေါ်လွင်သော ၀တ္ထုဖြစ်ပါသည်။

လူမှုရေးနှင့်နိုင်ငံရေးဝတ္ထုများကိုရေးသားရာတွင် ထင်ရှားသော သူတစ်ဦးမှာ စောစောကအလွန် ပြင်းထန်သော အဆိုအမိန့်ကို ဖော်ထုတ်ခဲ့သော ပြင်သစ်စာရေးဆရာ စတင်ဒယ်(လ)ဖြစ်သည်။ သူ၏၀တ္ထု များသည် သူ့အဆိုအမိန့်ကဲ့သို့ ပြင်းထန်ပြီး အမှန်ကိုဖော်ပြသောကြောင့်၊ လူကြိုက်မများကြပါ။ ပြင်းထန် မှုတွင်၊ မိုးမိုး(အင်းလျား)နှင့်ဆင်ပါသည်။ သို့သော်လည်း မိုးမိုး(အင်းလျား)က စတင်ဒယ်နဲ့ယှဉ်လျှင် လူကြိုက်များပါသည်။ စတင်ဒယ်(လ)၏ ၀တ္ထုများကိုလူများမကြိုက်သော အကြောင်းအရာတစ်ခုမှာ သူသည် သူရဲကောင်းဝတ္ထုများ ခေတ်စားနေချန်တွင် သူ၏၀တ္ထုများသည် ပုဂ္ဂိုလ်ရေးကို ဦးစားပေးသောဝါဒ နှင့် သူရဲကောင်းခေတ်တို့ကုန်ဆုံးမှုကိုဖော်ညွှန်းပြသသောကြောင့်ဖြစ်သည်။ သူ၏ဖော်ညွှန်းပြသမှုများမှန် ကန်နေကြောင်းကို နောက်ပိုင်းကွန်မြူနစ်နှင့်ဆိုရှယ်လစ်ဝါဒတို့လွှမ်းသောအခါတွင်  အားလုံးက သဘော ပေါက်ကြသည်။

ဆိုရှယ်လစ်ဝါဒလွှမ်းမိုးစဉ်အခါက အနုပညာသည် အနုပညာအတွက်ဟူသော အယူဝါဒကို ဘူဇွာ ဆန်သောဝါဒဟုဆိုပြီး၊ ၎င်းကို ဆန့်ကျင်သည့်အနေဖြင့် အနုပညာသည် ပြည်သူ့အတွက်ဟူသော ကြွေး ကြော်သံထွက်ပေါ်လာခဲ့ဖူးသည်။ ထိုအချိန်က အင်္ဂလိပ်စာဆရာကြီးဦးခင်မောင်လတ်နှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့က ဆိုသည်မှာ –

ဒို့ကအနုပညာသည် ပြည်သူ့အတွက်ဆိုတာကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် အနုပညာဖြစ်ဖို့ အနုပညာရဲ့ဝိသေသတွေရှိဖို့တော့ လိုပါတယ်။ အနုပညာရဲ့ဝိသေသတွေမရှိရင် ၀ါဒဖြန့်တာသက်သက်ဖြစ်သွားမှာပေါ့။

အနုပညာနယ်တွင် အနုပညာတကယ်မြောက်ဖို့ စာပေနယ်တွင်လည်း စာပေဂုဏ်မြောက်ဖို့သည် အလွန်အရေးကြီးပါသည်။ နိုင်ငံရေးဝတ္ထုဟုဆိုရာတွင်လည်း၊ ဧကန်တကယ်ဝတ္ထုဂုဏ်မြောက်ဖို့ကို ဦးစား ပေးရမည်ဖြစ်ပါသည်။ ၀တ္ထုဂုဏ်မမြောက်ပဲ နိုင်ငံရေးကိုသာ ဦးစားပေးသောဝတ္ထုမျိုးသည် စတင်ဒယ်(လ) ပြောသလို ပွဲပြနေစဉ်ကြားရသော သေနပ်ပစ်သံပမာဖြစ်သွားပါလိမ့်မည်။ ကိုယ်ယုံကြည်သော ဒီမိုကရေစီဝါဒ ကို ဖော်ညွှန်းသောဝတ္ထုသည် ပစ်လျှင် ၀တ္ထုဂုဏ်မမြောက်လျှင် အနုပညာဘက်မှ ထိခိုက်ပါလိမ့်မည်။ ထို ၀တ္ထုမျိုးသည် ၀ါဒဖြန့်သည့်လက်ကမ်းကြော်ငြာအဆင့်လောက်သာရှိပါလမ့်မည်။

ထို့ကြောင့် နိုင်ငံရေးဝတ္ထုကိုလေ့လာမည်ဆိုလျှင် ၀တ္ထု၏အနုပညာဂုဏ်ဝိသေသများကို ရှေးဦးစွာ သိရှိရန်လိုပါသည်။

ကျမ်းကိုး

Irving Howe   :         Politics and the Novel.

The Idea of the Political Novel.

Stendhal        :         Le Rouge et le Noir.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts