မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ မောင်စွမ်းရည်

မောင်စွမ်းရည် – ပီနန်ဆရာတော်ကြီး ဦးပညာဝံသ

penang-sayadaw

ပီနန်ဆရာတော်ကြီး ဦးပညာဝံသ

မောင်စွမ်းရည်၊ မေ ၁၄၊ ၂၀၁၄

ဒီတပတ် ကျနော်တင်ပြချင်တာကတော့ ဦးပညာဝံသဘွဲ့ခံ ပီနန်ဆရာတော်ကြီးအကြောင်း ဖြစ်ပါတယ် ။ ခုအခါ ဆရာတော်ကြီးဟာ ဗမာပြည်ကို ခေတ္တပြန်လည် ကြွရောက်သီတင်းသုံးနေပါတယ် ။ ခုဆရာတော်ကြီး သွားရောက် သီတင်းသုံးတော်မူတဲ့ မဟာသန္တိသုခကျောင်းဆိုတာ ဆရာတော်ကြီးတည်ထောင်ခဲ့ကြောင်း ဟိုးလေးတကျော်မို့လူတိုင်းသိပါတယ် ။ လူတိုင်းမသိလိုက်ရတာက စစ်ဗိုလ်ဟောင်းကြီးတယောက်အကူအညီ ပေးပါရစေဆိုပြီး ၀င်လာတာပဲ ။  ပြီးတော့ ဘိလပ်မြေဖိုး၊ သဲဖိုး ၊သံဖိုးတွေထဲက ငွေတွေ ကဲ့ယူသွားတာကို ဆရာတော်ကြီးက အကျယ်အကျယ် မငြိမ်းဖွယ်မဖြစ်အောင် အဲဒီစစ်ဗိုလ်ဟောင်းကြီးကို ငြိမ်ငြိမ်ကလေး နောက်ဆုတ် သွားခိုင်းလိုက်တာပါပဲ ။ သတင်းစာထဲတော့ မပါလိုက်ဖူးပေါ့ ။ လူသတင်းလူချင်းဆောင်လာတာလေး နည်းနည်းပါးပါးကြားလိုက်ရတာပါ။

ဆရာတော်ကြီးဟာ ခုအခါ သက်တော်၈၆ ၊ ၀ါတော် ၆၆၀ါမျှ ရှိပါပြီ  သက်တော် ၂၅နှစ်လောက်မှာ ဓမ္မစရိယဘွဲ့ကို ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ် ။ ဒီနောက်အစိုးရက သာသနာပြုရန်ကိုကိုးကျွန်းကို လွှတ်ခဲ့ပါတယ်။ အဲဒီကမှ အက်ဒမန်ကျွန်း သီရိလင်္ကာနဲ့ အိန္ဒိယတောင်ပိုင်းထိ သာသနာပြုခရီးဆက်ခဲ့သည် ။ သာသနာပြုအဖွဲ့ ၁၃ဖွဲ့ကို ကြီးကြပ်တော်မူခဲ့ပါတယ် ။ ဒီနောက်ဗမာပြည်ကို ၄-၅ နှစ်လောက် ပြန်လည်သီတင်းသုံးရင်း စာဝါများပို့ချ နေရာက – မလေးရှားပြည် ၊ ပီနန်ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးမှာ ဆရာတော်လစ်လပ်နေတဲ့အတွက် အစိုးရကရွေးချယ်ပြီး ၊ သာသနာပြုတာဝန်ပေးအပ်တာကို ခံယူခဲ့ရပါတယ် ။ ဆရာတော်ကြီးဟာ လော့စ်အိန်ဂျလိစ်က အရှေ့ပိုင်းဘာသာရပ်များ တက္ကသိုလ်မှာ ဗုဒ္ဓအဘိဓမ္မာ ဘာသာရပ်များကို ပို့ချခဲ့ရဖူးပါတယ် ။ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာဗမာဘုန်းကြီးများအဖွဲ့ကိုလဲ ပြည်ပမှာ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။

ဆရာတော်ကြီးသာသနာပြုပုံက ထူးခြားပါတယ်။ နိုင်ငံပေါင်း၂၀လောက်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေ တည်ထောင်ပြီး အင်္ဂလိပ်စာတတ်တဲ့ ဗမာဘုန်းကြီးများကို ကျောင်းအပ်တော်မူပါတယ် ။ အမေရိကန်ပြည်ထောင်စုမှာကိုပဲ ချီကာဂို၊ နယူးယောက် လော့စ်အိန်ဂျလိစ်လိုမြို့ကြီးတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ တည်ထောင် ပေးထားတာတွေ တွေ့ရပါတယ်။ ကေနဒါနုိင္ငံ ၊ ၾသစေတ်းလ် ၊ စကၤာပူ ၊နယူးဇီလန် ၊ ဂျပန် ၊ ဂျာမဏီ ၊ ပြင်သစ် ၊ နေသာလန် စတဲ့နိုင်ငံတွေမှာလဲ ကျောင်းတွေ ဆောက်လုပ်တည်ထောက်ပေးခဲ့ပါတယ် ။ နိုင်ငံတော်အစိုးရ မလုပ်နိုင်တာမျိုးကို ဆရာတော်ကြီးက လုပ်ပေးနေတာဖြစ်ပါတယ် ။

ဒီလိုဆောင်ရွက်တော်မူတာဟာ ကိုယ်ကျိုးကိုယ်စီးပွါး ဘာမှဖြစ်စရာမရှိပါဘူး ကျောင်းတွေကိုလဲ ဆရာတော်ကြီးရဲ့ဘွဲ့အမည်ကို အလှူရှင်အဖြစ် ကဗ္ဗည်းမထိုးပါဘူး ၊ ဒီလို ဗမာဘုန်းတော်ကြီးကျောင်းတွေ တည်ထောင်ပေးတော်မူတဲ့အတွက် ကမ္ဘာအရပ်ရပ်ကို လွင့်စင်ရောက်ရှိနေတဲ့ ဗုဒ္ဓဘာသာဗမာလူမျိုး တွေရဲ့ ခိုလှုံ စုဝေးအားထားရာလဲဖြစ်စေပါတယ်။ နယူးယောက်က ဘုန်းတော်ကြီးကျောင်းကြီးတွေဟာ နှစ်ဧကမျှကျယ်တဲ့  မြေမကွက်ကြီးအတွင်းမှာ သုံးထပ်ကျောင်းကြီး ပါဝင်ပါတယ်။ အဲဒီကျောင်းကြီးကိုလဲ ဆရာတော်များအလှည့်နဲ့ ပို့လွှတ်ပြီး တရားစခန်းများလဲ ဖွင့်လှစ်ပေးနေ ပါတယ်။ဒီလိုသာသနာပြုပုံမျိုးကို ကျနော်တို့ခုမှတအံ့တသြသိရပြီး ၀မ်းမြောက်ဝမ်းသာ သာဓုနမော်ခေါ်ကြရပါ တယ်။

ဆရာတော်ကြီးက ဗုဒ္ဓဘာသာဝင်လက်စွဲစာအုပ်တွေကိုလဲ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုပြုစုထားတာ ဆယ်အုပ်မျှရှိမယ်ထင်ပါတယ် ။ သာသနာပြုရာမှာ ကျောင်းရယ် တရားစာအုပ်ရယ် ၊ သာသနာပြုရဟန်းရယ် သုံးခု ပြည့်စုံမှ အဆင်ပြေနိုင်မယ်ထင်ပါတယ် ။ ဒီသုံးမျိုးလုံးကို ဆရာတော်ကြီးက ပြုစုပျိုးထောင်ပြီး နိုင်ငံတကာမှာ သာသနာပြုနေပါတယ် ။ ဗမာပြည်မှာ သာသနာပြုဆရာတော်ကြီးများ သတင်းသုံးစရာနေရာမရှိ ရင်လည်း ဆရာတော်ကြီးက ဆောက်လုပ်လှူဒါန်းပေးမှာ မလွဲပါဘူး ။ သာသနာပြုပီနန်ဆရာတော်ကြီး ဦးပညာဝံသစိတ်ချမ်းသာစွာနဲ့ သာသနာပြုနိုင်ရေးကို ပြည်တွင်းကဆရာတော်များ ဒကာတော်များက ၀ိုင်းဝန်းကူညီနိုင်ကြပါစေသတည်း။

၂၀၁၄ ဧပြီ ၂၆

နယူးယောက်။

နောက်ဆက်တွဲအဖြစ် ကျနော်သိရှိသမျှ ဆရာတော်ကြီးဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းများ  နဲ့ ဆရာတော်ကြီးအင်္ဂလိပ်ဘာသာနဲ့ပြုစုခဲ့တဲ့ ဗုဒ္ဓစာပေများကိုဖေါ်ပြလိုကပါတယ်

၁။ ၁၉၇၉ နှစ် ၊ မှာအမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယား ၊ လောစ်အိန်ဂျလိစ်မြို့မှာ ဆောက်လုပ်တည် ထောင်ခဲ့တဲ့ “ဗုဒ္ဓဘာသာ ဗမာဘုန်းကြီးကျောင်း”။

၂။ ၁၉၈၆ခုနှစ်၊ သြစတျေးလျှ ၊ ဆစ်ဒနီမြို့မှာ “ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း” ။

၃။ ၁၉၈၇ခုနှစ် ၊ အမေရိကန်ပြည်ထောင်စု ၊ ချီကာဂိုမြို့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း

၎။ ၁၉၈၇ ခုနှစ် ၊ ကနေဒါနိုင်ငံ ၊ တိုရန်တိုမြို့ ၊ မဟာဓမ္မိက ၊ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း

၅။ ၁၉၉၁ ခုနှစ် ၊ စင်္ကာပူနိုင်ငံ ၊ ဗမာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း

၆။ ၁၉၉၉ခုနှစ် ၊ မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့၊ မြန်မာမလေးရှား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း

၇။ ၁၉၉၉ခုနှစ် ၊  ဗမာနိုင်ငံ၊ ရန်ကုန်မြို့၊ မဟာသန္တိသုခဗုဒ္ဓသာသနာ ဗဟိုဋ္ဌာနကျောင်းတော်

၈။ ၂၀၀၂ခုနှစ် ၊ နယူးဇီလန် ၊ အောက္ကလန်၊ ရတနာဒီပ ဗုဒ္ဓသာသာဘုန်းတော်ကြီးကျောင်း

၉။ ၂၀၁၃ခုနှစ် ၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ဗုဒ္ဓဒီပန်ကျောင်းတိုက်။

ကျနော်ရောက်ဖူးသမျှနိုင်ငံတွေမှာ မြန်မာအစိုးရက ဆောက်လုပ်လှူဒါန်းတဲ့ကျောင်းတို့ ၊ မြန်မာနိုင်ငံ မဟာသံဃနာယက ဆရာတော်ကြီးများ ဆောက်လုပ်လှူဒါန်းတဲ့ကျောင်းတို့ မကြားဖူးခဲ့ပါ ။

 

ပီနန်ဆရာတော်ကြီး အင်္ဂလိပ်ဘာသာနှင့်ပြုစုထားတဲ့ ဗုဒ္ဓဘာသာလက်စွဲစာအုပ်များ

1/1973 Hand book of Buddhist Recitation

2/1976 The Essential of Buddhism

3/1990 Dhammikarrama Abhidhamma Pali Chating

4/1995 The Ten Perfections

5/ 1998 The Book of Pairs (Yamaka) Vol.1

6/1999 The Literal Teaching of the Buddha Part 1

7/2000 The Compedium of Buddhism

8/ 2002 Dawn of Buddhism

9/ 2003 Maha Paritta Saered Verses

မုဒိတာပေါ် ၊ သာဓုခေါ်နိုင်ကြပါစေသော်

မောင်စွမ်းရည်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “မောင်စွမ်းရည် – ပီနန်ဆရာတော်ကြီး ဦးပညာဝံသ
  1. အကူအညီ ပေးပါရစေဆိုပြီး ၀င်လာတဲ့ စစ်ဗိုလ်ဟောင်းကြီးတစ်ယောက် ဆိုတာ ဗိုလ်မှူးချုပ်စောမြင့် (ရာတန် စောမြင့်) ဆိုရင် မမှားဘူးထင်ပါတယ်။ ရသမျှ အကုန်ယူ၊ ကျောင်းတော်ကြီးအတွက်လှူသမျှ ငွေတွေကို သူ.မိန်းမကပါ မလေးရှားမှာ Shopping လုပ်၊ စာရင်းတွေစစ်တော့ ဗိုလ်မှူးကြီးလှမြင့် လိုလို၊ ဟိုလူလိုလို၊ ဒီလူလိုလိုလွှဲချ၊၊ ဘယ်လိုမှ စာရင်းရှင်းမရတော့ သူ.ပထွေး (ဗိုလ်နေဝင်း) လက်သန်.မွေးထားတဲ့ ခွေးတော်အကောင်သားတော်မောင် ဗိုလ်ချုပ်ခင်ညွန်.ကိုလက်တို.ပြီး တာမွေ နတ်ချောင်းက မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်ပိုင် သိမ်းပိုက်ခိုင်းလိုက်တာ အလှူတော်ပြု ကောင်းမှုကုသိုလ်ယူ သာဓုခေါ်ဆိုမည်. အလှူ ရှင်များ အသိဆုံးပါ။

  2. သာသနာပြုတယ်ဆိုတာဒါမျိုးကိုခေါ်တာပါ..ဗေဒင်ဟော..ဓာတ်ရိုက်ဓာတ်ဆင်လုပ်..ဘုန်းကြီးအောင်နာမည်ကြီေးအာင်လုပ်တာသာသနာပြုရာမရောက်ပါဘူး…ဒီဆရာတော်ကစာပေလည်းနှံစပ်တယ်…စွမ်းဆောင်ရည်လည်းရှိတယ်..ဒီလိုအရည်အချင်းရှိသောဆရာတော်များ…ပြည်ပမှာသာသနာပြုနိင်ကြပါစေ။

Comments are closed.