သတင်းပဒေသာ ကျော်ဟုန်း
ကျော်ဟုန်း – ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓရံသီဘုန်းကြီးကျောင်း (ကနေဒါ) တွင် ကျင်းပ
ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓရံသီဘုန်းကြီးကျောင်း (ကနေဒါ) တွင် ကျင်းပ
ကျော်ဟုန်း
မေ ၁၃၊ ၂၁၀၄
သာသနာ ၂၅၅၇ ပြည့်နှစ် ဗုဒ္ဓပူဇနိယပွဲတော်ကို 6700, 4th Rd, Richmond BC, Canada မှာတည်ရှိတဲ့ ဗုဒ္ဓရံသီမြန်မာဘုန်းကြီးကျောင်းဝန်း မြက်ခင်းပြင်မှာ မေ၊ ၁၁၊ ၂၀၁၄ နေ့လည် ၁ နာရီမှ ၂ နာရီခွဲအထိ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။
အဆိုပါ ပူဇနိယပွဲကို သာသနာသက္ကရာဇ် ၂၅၅၇ နှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာကျင်းပရခြင်းအကြောင်းကတော့ မြတ်ဗုဒ္ဓရဲ့ ဖွားတော်မူခြင်း၊ ပွင့်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းဖြစ်တဲ့ ဘုရားသုံးဆူကိုအာရုံပြုပြီး ပူဇော်ခဲ့ကြတာဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်ဃော သကမှ မိန့် ကြားပါတယ်။
ဒီပူဇော်ပွဲမှာ မြတ်စွာဘုရား သက်တော်(၈၀)တိုင်အောင် တရားဓမ္မများ ဟောကြားခဲ့တာကို ရည်စူးပြီး ဓမ္မယောဂီ(၈၀)တို့ ကဗုဒ္ဓရုပ်ပွား တော်တထောင်ကို ဆီမီးတထောင်၊ ပန်းတထောင်၊ သစ်သီးတထောင်၊ နံ့ သာတထောင်၊ န၀ကမ္မတထောင်တို့ နဲ့ ပူဇော်ကန်တော့ခဲ့ကြ ကြောင်း သိရပါတယ်။
အစီအစဉ်အတိုင်း နေ့ လယ် ၁ နာရီမှာတော့ ကိုတင်နွယ်မှ အခမ်းအနားမှူးအဖြစ် စီစဉ်ဆောင်ရွက်ပြီး ဗုဒ္ဓပူဇနိယပွဲကို ကျင်းပပေးပါတယ်။ ဆရာတော် အရှင် ဃောသကမှ ဗုဒ္ဓပူဇနိယနဲ့ ဆိုင်တဲ့ တရားတော်များကို ရှင်းလင်းဟောကြားခဲ့ကြောင်းသိရ ပါ တယ်။
ဒိပူဖော်ပွဲကို မြန်မာဗုဒ္ဓဘာသာအသင်း(ကနေဒါ)မှ ကိုစိန်ထွန်းနဲ့ ဓမ္မမိတ်ဆွေအပေါင်းက စီစဉ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ရေခြားမြေခြား တိုင်းတပါးမှာနေကြရပေမဲ့ ကနေဒါရောက် မြန်မာမိသားစုများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာ လှူဖွယ်ရာအထူးထူးနဲ့ ပူဇော် ဒါနပြု၊ ကုသိုလ်ယူကြတာဟာ မြန်မာတို့ ရဲ့ ဘာသာရေးကိုင်းရှိုင်းပုံကို ဖော်ကျူးပြနေတဲ့ ကြည်နှူးဖွယ်ရာ မြင်ကွင်းများပဲဖြစ်ပါတော့တယ်။  ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts