သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မြန်မာနိုင်ငံပညာရေးနှင့် ပြင်သစ်နိုင်ငံ Ph.D ရရှိခဲ့သူ သင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အရည်ချင်းစစ်ခြင်း-၂)

မြန်မာနိုင်ငံပညာရေးနှင့် ပြင်သစ်နိုင်ငံ Ph.D ရရှိခဲ့သူ သင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အရည်ချင်းစစ်ခြင်း-၂)
ဇော်အောင် (မုံရွာ)
မေ ၁၃၊ ၂၀၁၄
 
 

မြန်မာနိုင်ငံတွင် အခြေခံပညာရေးမှာ ဘာအပြောင်းလဲရှိသလဲ မေးမြန်းကြည့်ရ၊ ကျောင်းသားလေးများက ယခင်ကလို စာမေးပွဲစာလိပ်ခိုးချမှု မရှိသလောက်ဖြစ်သွားကြောင်း၊ မေးခွန်းမပေါက်တော့သဖြင့် စာလိပ်ရောင်းစားသူများ စီးပွားမကောင်းတော့ကြောင်း၊ တကယ်ကျောင်းစာတတ်ဖို့ ကြိုးစားလာရကြောင်း ပြောပြသည်။ ပုဂ္ဂလိကကျောင်းတက်သူ ကလေးများကလည်း ထမင်းချိုင့်သည်ခွင့်ပေးသောကျောင်းများလဲရှိကြောင်း၊ အချို့ပုဂ္ဂလိကကျောင်းများသည် ကျောင်းမှာပင် အဟာရပြည့်ဝသောအစာ၊ နွားနို့်များ တိုက်ကျွေး၊ ရောင်းချသဖြင့် ထိုကျောင်းများရှိ ကလေးငယ်များသည် အခြားကျောင်းများထက် သာလွန်နေမည်မှာ သေချာပေသည်။ အစိုးရကျောင်းများတွင် ဆရာများမှာ လစာငွေ တစ်သိန်းအောက်သာ ရရှိသောကြောင့် ကျူရှင်ပြခြင်းမှ မလုပ်မနေရ လုပ်ငန်းတစ်ခုဖြစ်နေသည်။ ယခင်ကလို ကျူရှင်တက်လျှင် စာမေးပွဲအောင်သည့်ခေတ်ကို ကျော်လွန်ပြီး၊ ကျူရှင်တက်မှ အတန်းပိုင်ဆရာမ ဂရုစိုက်ခြင်းခံရပြီး၊ စာလည်းပိုတတ်မည်။ စက်မှုခေတ် (တနည်းအားဖြင့် ပညာခေတ်သို့) သွားနေသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါသည်။ ကျေးရွာများမှ ရန်ကုန်လာရောက်သော ထိုင်း၊ မလေးရှား နိုင်ငံခြားအလုပ်ကိုင်အတွက် လာရောက်သူ မိန်ကလေး၊ ယောင်္ကျားလေးများကို မေးမြန်းကြည့်သောအခါ ဦးလေးရယ်၊ သမီးတို့ဆီမှာ လယ်ပိုင်က ဧက၁၀၀၊ ၂၀၀ ပိုင်ပြီး သူတို့ပဲ ချမ်းသာတယ်။ ၁၀တန်းမပြောနဲ့ ၈တန်းတောင်ရောက်တဲ့သူ မရှိတော့ပါဘူး။ တအိမ်ခြားဆိုသလို ထိုင်းနိုင်ငံပဲ သွားအလုပ်လုပ်ကြတယ်။ သမီးယောင်္ကျားကတော့ တစ်လ ၃သိန်း ပို့ပေးလို့ အဆင်ပြေပေမဲ့၊ နိုင်ငံခြားသွားမလုပ်ပဲ သောက်စားမူးနေတဲ့ ယောင်္ကျားရတဲ့ ဟောဒီသမီးရဲ့ သူငယ်ချင်းဆို ၄တန်းပဲတတ်တယ်။ သူ့ယောင်္ကျားလည်း လယ်သူရင်းငှားပဲလုပ်စားပြီး၊ ကလေး၂ယောက်နဲ့ ကိုယ်ယောင်ဖျောက်ထွက်လာကြတယ်။ ရွာမှာ ကျောင်းဆရာမကတော့ တစ်လ ၇သောင်းလောက်ရတော့ အဆင်ပြေပါတယ်။ သမီးတို့ဆီမှာ တစ်လကျပ်တစ်သောင်းဆို စားလို့လောက်ငှတယ်။ ဆန်ရှိတယ်။ ဟင်းကတော့ ဝင်ခြံထဲမှာရှိတယ်။ စာသင်ချင်ပေမဲ့ ကလေးမိဘတွေက ကလေးအငယ်တွေကို ထိန်းဖို့ ကျောင်းမထားတော့ သမီးတို့လည်း ပညာမတတ်ဘူး။ အိမ်အလုပ်လုပ်ရင်း ၁၆နှစ်မှာ အိမ်ထောင်ကျတယ်။ အခု ၂၇နှစ် ကလေး၂ယောက်ကို မိဘဆီထားပြီး၊ ထိုင်းနိုင်ငံ အလုပ်ပွဲစားနဲ့ သွားလုပ်တော့မယ် ဆုံးဖြတ်၊ ရန်ကုန်ရောက်လာတယ်။ အလုပ်ပွဲစားက ပတ်စပို့လုပ်ခ ကျပ်၅သောင်း (၁၀ရက်ကြမယ်)၊ ထိုင်းအလုပ်အတွက် ဒီဘက်ပွဲစား၊ ဟိုဘက်ပွဲစား ကျပ်၎သိန်းပေးရတယ်။ ယောင်္ကျားဘယ်မှာလုပ်သလဲ မသိဘူး။ ဟိုရောက်မှ ယောင်္ကျားနဲ့ဆက်သွယ်ရမယ်… စသဖြင့် ပြောပြပါသည်။ အောက်ဆုံးအဆင့် တောင်သူလူငယ်အမျိုးသမီးငယ် ရင်တွင်းက ပြောစကားဖြစ်သည်။

မြို့ပေါ်တွင် တက္ကသိုလ်ပညာတတ်များမှာ လူငယ်ထု၏ ၅%မျှ ရှိမည်ဖြစ်သည်။ ကျန် ၉၅% လူငယ်များသည် ၁၀တန်းမရောက်သူများဖြစ်သည်။ ထို ၅% မျှသော ဘွဲ့ရလူငယ်များမှ အနာဂါတ်ကောင်းမွန်ပါသည်။ လောလောဆယ် ထိုဘွဲ့ရလူငယ်များအတွက် အလုပ်ကိုင်၊ ပြည်တွင်းမှာ တစ်လ ကျပ်တစ်သိန်းမှာ ၃သိန်းအများဆုံး ကုမ္ပဏီများက ပေးသောကြောင့် စင်ကာပူ၊ ဒူဘိုင်း၊ အရှေ့အလယ်ပိုင်းသို့ အင်္ဂလိပ်စာနားထောင်နိုင်သော၊ ပညာတတ်လူငယ်များ သွားအလုပ်လုပ်ကြသည်။ အချို့မိဘတတ်နိုင်သူ၊ အဆက်သွယ်ရှိသူများက နိုင်ငံခြားသို့ ပညာသင်ထွက်ခွာနေသဖြင့် စင်ကာပူနိုင်ငံတွင် လွန်ခဲ့သော ၇နှစ်အတွင်း မြန်မာလူဦးရေ ၂ဆကျော် (၂သိန်းခန့်) တိုးပွားလာနေပါသည်။

မည်သို့ပင်ဖြစ်စေ ပညာရေးသည် အလွန်ကောင်းမွန်သော ရင်းနှီးမြုတ်နှံမှုဖြစ်ကြောင်း မြန်မာပြည်မှ ဆင်းရဲမွဲတေသော တောင်သူမိသားစုပင် သိပါသည်။ သို့သော် လတ်တလော နောက်မွေးလာသည့် ကလေးထိန်းဖို့က ပိုအရေးကြီးသဖြင့် သား၊သမီးကြီးများ ကျောင်းမတတ်ရတော့ပါ။

ပညာရေးအထောက်ကူပစ္စည်းရင်းနှီးမြှတ်နှံမှု
ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်များစွာ ချပေးနေသည်။ ယခုနှစ် ၂၀၁၄အတွက် ဒေါ်လာသန်းပေါင်း၉၀၀ခန့် (5% of GDP) ချပေးမြမည်၊ ဟုသိရသည်။ ကမ္ဘာ့ထိပ်တန်းပညာရေးနိုင်ငံဖြစ်သော အမေရိကန်တွင် 15% of GDP ကို ပညာရေးအတွက်သုံးပြီး၊ အရှေ့တောင်အာရှနိုင်ငံများတွင် 10% of GDP သုံးစွဲသည်။ အချက်အလက်အတိအကျကို အင်တာနက် CIA Factbook, IMF, UN, Wikipedia များတွင် ရှာဖွေနိုင်ပါသည်။

မြန်မာပြည်တွင် စီးပွားလုပ်ငန်းရှင်ကြီးများသည် အခွန်မပေးပဲ ရှောင်တိမ်းနိုင်သဖြင့် အလွန်ချမ်းသာနေသည်။ ဆင်းရဲသားများက မရှောင်တိမ်းနိုင်သဖြင့် နောက်ဆုံး သူတို့ပဲ အခွန်ထမ်းနေရသည်။ အိမ်ခြံမြေဈေးကြီးခြင်း၊ လျှပ်စစ်ဈေးကြီးခြင်း၊ မှတ်ပုံတင်လုပ်ခ၊ အိမ်ထောင်စုစာရင်းလုပ်ခ စသည့် ဝန်ဆောင်မှုစရိတ်ကြီးလွန်းနေခြင်းတို့သည် ဆင်းရဲသားများအတွက် လေးပင်သော အခွန်ငွေများဖြစ်သည်။ တနည်းအားဖြင့် ခြစားမှုလွန်ကဲနေသော အစိုးရဝန်ထမ်းလောက၊ အခုဆိုချက်ချင်းလိုချင်သော မြန်မာနိုင်ငံသားများ၏ ပေးကမ်းသောအကျင့်ကြောင့် ဝန်ဆောင်မှုစရိတ်များ အလွန်ကြီးမြင့်နေရသည်။ မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရဝန်ထမ်းများ အကျင့်စာရိတ္တကောင်းဖို့ အလွန်ခက်နေသည်။ ဗီယက်နမ်၊ တရုပ်ပြည်များတွင် Corruption & Nepotism ခြစားမှုနှင့်ဆွေမျိုးမိတ်ဆွေအလုပ်ခန့်ခြင်းများမှာ မြန်မာပြည်လောက်မဆိုးလှပါ။

ပညာရေးအထောက်ကူပြု ပစ္စည်းများ ဝယ်ယူရေးကိုလည်း ကုမ္ပဏီများက အရည်သွေးနိုမ့်ပစ္စည်းများ၊ ဈေးနှုန်းကြီးမြင့်စွာ အစိုးရထံသို့ရောင်းချရန် ကြိုးစားနေသည်။ ပညာရေးဌာန၊ သိပ္ပံနည်းပညာဌာန တာဝန်ရှိသူများက အစိုးရဘတ်ဂျတ်များကို မှန်ကန်စွာသုံးစွဲရန် အချိန်ပေးနေရသည်။ ဆရာများ အရည်သွေးမြှင့်တင်ရေး Human Resource သင်တန်းများကို မပို့ချနိုင်ဖြစ်နေသည်။ လူများကို သင်တန်းပေးရသည်မှာ အလွန်ခက်ခဲပြီး၊ ဘေးပေါက်ဝင်ငွေလည်း ရရန်ခဲယဉ်းသောကြောင့်၊ ဆရာဖြစ်သင်တန်းများကို ပုဂ္ဂလိကသင်တန်းကျောင်းများက ကြားဝင်ဖြည့်တင်းပေးနေရသည်။

ယခုဆောင်းပါးတွင် သင်ကြားမှုဆရာများမွေးထုတ်ခြင်းကို အစိုးရမှ ဘတ်ဂျတ်ခွဲဝေမပေးဟု ဆိုချင်ပါသည်။ ဆရာများကို သင်တန်းဖွင့်ပြီး ဆရာအချင်းချင်းသင်ကြားပေးခြင်းနည်းလမ်းဖြင့် ငွေကုန်ကျခံရန်မလိုတော့၊ ပြည်ပမှ ကျောင်းဆရာများကို ဖိတ်ခေါ်သင်ကြားပေးခြင်းလဲ သိပ်မတွေ့ရ၊ ဆရာများကို ပြည်ပလွှတ်ပြီး လေ့လာခိုင်းခြင်းလဲ မရှိသဖြင့် ဆရာများအရည်အသွေးမြှင့်တင်ရေးမှာ အစိုးရကဏ္ဍတွင် အလွန်အားနည်းနေပါသည်။

ပြင်သစ်နိုင်ငံ Ph.D ရရှိခဲ့သူ သင်္ချာပါမောက္ခဒေါက်တာမောင်မောင်ဝင်း
ဆရာကြီးနေအိမ်သို့ သွားရောက်မေးမြန်းခွင့်ရရှိခဲ့သည်။ ဆရာကြီးကတော် (တက္ကသိုလ်ရွှေရီဝင်း) နှင့် သမီးဖြစ်သူ စာရေးဆရာမ ဂျူနီယာဝင်းတို့နှင့်လည်း မေးမြန်းခွင့်ရရှိပါသည်။ မိုးမခ စတင်ခဲ့သူ ကိုမောင်ရစ်၏ ဖခင်၊ သင်္ချာပါမောက္ခဒေါက်တာမောင်မောင်ဝင်း (အငြိမ်းစား) ဖြစ်သည်။

မေး။ ဆရာကြီး တလောက မိုးမခစာမျက်နှာများမှာ အင်းစိန်မျက်မမြင်ကျောင်းမှာပြုလုပ်တဲ့ ပညာရေးအလုပ်ရုံဆွေးနွေးမှု ဆောင်းပါး၎ပုဒ်ကို ဖတ်မိပါတယ်။ ရေးသား၊ မှတ်တမ်းတင်ပေးမှုကို ကျေးဇူးတင်ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဆရာအမြင်လေး ပြောပြစေလိုပါတယ်။

အဖြေ။ အမှန်တော့ သွားရောက်နားထောင်ကြည့်တာပါ။ ဆွေးနွေးပွဲမှာ မပါဝင်ပါဘူး။ အုပ်စုတစ်ခုဆွေးနွေးပွဲကိုတော့ တက်ရာက်ဆွေးနွေးပါတယ်။ အခြားသူတွေက ပါမေက္ခဟောင်းဆိုတော့ မသိလို့ မေးခွန်းတစ်ခုမေးလိုက်တိုင်း အထူးဂရုစိုက်ပြီး ဖြေကြားတယ်။ ရှင်းပြပါတယ်။ သူတို့ကို လေ့လာသူအဖြစ် လာရောက်ကြောင်း၊ ပြောပြရပါတယ်။ အခြေခံပညာရေးအတွက်တော့ သိပ်မသိတော့ အသေးစိတ် မပြောနိုင်ပါဘူး။ အထက်တန်းပညာရေး ဒေါက်တာဘွဲ့ပေးတဲ့တဲ့ အရည်ချင်းစစ်ဆေးရေးမှာ ကိုယ်တိုင်လုပ်ကိုင်ခဲ့ဖူးတော့ အနည်းငယ် ဆွေးနွေးပါတယ်။

မေး။ ဆရာကြီးက ၈၊၉၊၁၀ တန်းပညာရေးတွေ အလှမ်းဝေးနေတော့၊ သားသမီး၂ယောက် ကိုမောင်ရစ်နဲ့မဂျူနီယာဝင်းတို့ ကျောင်း၊ တက္ကသိုလ်တက်ချိန်ကလည်း လွန်ခဲ့တဲ့၁၅နှစ်လောက်ဆိုတော့ အခုခေတ်နဲ့ တော်တော်ဝေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာကြီးမြင်တဲ့ မြန်မာ့ပညာရေးအမြင်ကို ပြောပြပေးပါဦး။

အဖြေ။ ပြောရရင်တော့၊ ပြဌာန်းထားတဲ့ အခြေခံနဲ့အထက်တန်းပညာရေး စာအုပ်များဟာ (Text Books) ပြန်လည်ပြုပြင်စရာမလိုလောက်အောင် သိပ်ကောင်းလှပါတယ်။ ကမ္ဘာ့အဆင့်လဲ မှီပါတယ်။ စာအုပ်အနေနဲ့ အကောင်းဆုံးသင်ရိုးညွန်းတမ်းများ ဖြစ်ပါတယ်။ ဆရာရဲ့ အမြင်အရဆိုရင် သင်ရိုးညွှန်းတမ်းစာအုပ်မှာ ပြဌာန်းထားတာတွေ သိပ်များလွန်းတယ်လို့ပြောချင်ပါတယ်။ ဆရာသဘောနဲ့ပြောရရင် ပြဌာန်းစာအုပ်၊ သင်ရိုးညွှန်းတမ်းများကို တစ်ဝက် ၅၀% လောက်လျှော့ချလိုက်ချင်ပါတယ်။ ကျောင်းသားများကို စာတွေအများကြီးသင်ပေးတာထက်၊ နည်းနည်းနဲ့ တကယ်တတ်အောင် သင်ပေးချင်ပါတယ်။

သင်ရိုးညွှန်းတမ်းဆိုတာ အခြေခံပညာရေး၊ အထက်တန်းပညာပါ နှစ်မျိုးစလုံးကို ဆိုလိုပါတယ်။

မေး။ ဟုတ်ကဲ့ပါဆရာ။ သင်ကြားမှုအထောက်ကူပစ္စည်းကတော့ အလွန်အားနည်းနေတာ လက်တွေ့ပါပဲ။ ဆရာတွေလည်း အရည်အချင်းရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဆရာအနေနဲ့ ဆရာတွေရဲ့ စာမေးပွဲစစ်ဆေးခြင်းစနစ်ကို ဘယ်လိုမြင်ပါသဲ။

အဖြေ။ တက္ကသိုလ် ပထမနှစ်ကနေ၊ စတ္တုထနှစ် တွေကိုတော့ မသိလို့ မပြောနိုင်ဘူ။ ဒါပေမဲ့ Ph.D ဒေါက်တာဘွဲ့ပေးတဲ့ ပရိုဂရမ်မှာတော့ ကိုယ်တိုင် မြန်မာကျောင်းသားတွေရဲ့ Guide လုပ်ခဲ့ဖူးပါတယ်။ နောက်ပြီး တခြား Guide များဆီက ကျောင်းသားများရဲ့ Ph.D စာတန်းများကို ရက်ဖရီ Referee အကဲဖြတ်၊ စစ်ဆေးဖူးပါတယ်။ ကိုယ်တစ်ယောက်တည်းရဲ့ အတွေ့အကြုံဆိုတော့ ကျဉ်းမြောင်းတဲ့ ပတ်ဝန်းကျင်လို့ပြောနိုင်ပါတယ်။ ဒီအတွေ့အကြုံကိုပဲ လေ့လာရင်း မြန်မာ့ပညာရေးကို အကဲခပ်ကြည့်ပါ။

Ph.D Thesis ကျမ်းပြု ၄နှစ် Student Guide အစီအစဉ်မှာ နှစ်စဉ် စာတန်းတင်သွင်းပြီး၊ အဖွဲ့က အကဲဖြတ်၊ မှတ်ချက်ပေးရပါတယ်။ ဒေါက်တာဘွဲ့အတွက် ကျောင်းသားကို တစ်နှစ်ပြီးတစ်နှစ် အတန်းတက်သလို စစ်ဆေး၊ အကဲဖြတ်နေရတာကတော့ သင်တန်းရဲ့ အရည်အသွေးကို ထိခိုက်စေတယ်လို့ မြင်ပါတယ်။ ဆရာ Guide လုပ်သူ ပါမောက္ခတိုင်းကတော့ ကိုယ့်ကျောင်းသားကို တကယ်တတ်စေပြီး၊ ဒေါက်တာဘွဲ့နဲ့ထိုက်တန်၊ ရရှိစေချင်ပါတယ်။ ဒေါက်တာဘွဲ့ကို ကျောင်းသားတိုင်း အကျအရှုံးမရှိတာလည်း တွေ့ရပါတယ်။ တစ်ခါတော့ အရည်အချင်းမမှီသူတစ်ဦးကို အကဲဖြတ်ဖို့ ဒေါက်တာဘွဲစတ္တုထနှစ်မှာ အဖွဲ့ခေါင်းဆောင် Guide လုပ်သူက ဖိတ်ကြားလို့ တက်ရောက်နားထောင်ရပါတယ်။ တပည့်က အရည်ချင်းမပြည်တော့ Guide က ဒေါက်တာဘွဲ့မပေးလိုတော့ပါဘူး။ ယခင် ပထမ၊ ဒုတိယ၊ တတိယ နှစ်စဉ်အကဲဖြက်ပေးသူတွေကလည်း လိုအပ်တာတွေ (အရည်ချင်းမပြည်သေးကြောင်း) မှတ်ချက်မပေးတော့ နောက်ဆုံးနှစ်မှာ စစ်ဆေးမေးမြန်းရင်း၊ ဒေါက်တာဘွဲ့မပေးဖို့ ဆုံးဖြတ်ပါတယ်။ အဖွဲ့ကလည်း သဘောတူပေမဲ့ နောက်ဆုံး ပါမောက္ခအသစ်က ဒီကျောင်းသားဟာ သူ့ရဲ့ ပထမဆုံးဒေါက်တာဘွဲ့ရမဲ့ ကျောင်းသားဖြစ်လို့ ဒေါက်တာဘွဲ့ပေးနိုင်အောင် လုပ်ပေးဖို့ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ အဖွဲ့ခေါင်းဆောင်ခမြာ အရည်အသွေးမပြည်သေးသူတစ်ဦးကို အချိန်စေ့တော့ ဒေါက်တာဘွဲ့ပေးခဲ့ရပါတယ်။ Thisis တွေရေးစားသူများ ရှိသလား မေးခွန်းကိုတော့ မသိဘူးလို့ဖြေရပါမယ်။ ကိုယ့်တပည့်တွေမှာတော့ ဒါမျိုးမရှိပါဘူး။

ကိုယ့်တပည့်မို့ အရည်သွေးရှိတယ် ဂုဏ်ဖေါ်တာတော့ မဟုတ်ပါဘူး။ ဆရာရဲ့ Ph.D Program ဒေါက်တာဘွဲ့ရသွားသူ သချာင်္ဆရာ ဒေါက်တာအေးကို ဆိုတာလည်း ဆရာလိုပဲ၊ တကယ်တတ်အောင်သင်ပေးတယ်။ တကယ်တတ်မှ သချာင်္ ဒေါက်တာဘွဲ့ကို ပေးတဲ့သူဖြစ်ပါတယ်။ ဒေါက်တာအေးကိုရဲ့ Ph.D supervisor, external board အဖွဲ့တွေ အတွေ့အကြုံများကိုလည်း မကြာခဏ ဆွေးနွေးပြောဆိုဖြစ်ပါတယ်။ အခုတော့ ဒေါက်တာအေးကိုလည်း အငြိမ်းစားယူသွားပါပြီ။

မေး။ ဒါနဲ့ဆရာ၊ ဒေါက်တာဘွဲ့တွေ အများကြီးပေးနေတာ ဆရာအမြင်ဘယ်လိုရှိပါသလဲ။ Yes, No or No comment ဖြေပေးပါဦး။

အဖြေ။ ဒီမေးခွန်းကို ဖြေဖို့က ပြောပြချင်တာလေးတွေ ပြောချင်သေးတယ်။ နောက်မှ အဖြေကို ပေးတာပေါ။ Ph.D Program နှစ်စဉ် အရည်အသွှေးစစ်မှု မှတ်တမ်း။ External Esam, နောက်ဆုံး Thisis Defend လုပ်တာတွေ ပြောပြဖို့လိုပါတယ်။ (ဆရာကြီးရှင်းပြချက်များသည် အသေးစိတ်အနည်းငယ်ပါသဖြင့် မရေးတော့ပါ။)

ဆရာကတော်ကြီးသည် ဖြတ်ပြီး ဆရာကြီးကိုမေးပါသည်။ ကဲ ဒေါက်တာဘွဲ့အများကြီးပေးတာ ကောင်းသလား ..မေးတာကို ဖြေဦးလေ…။

ထိုအခါ ဆရာကြီးက ဖြေပါသည်။ ဒေါက်တာဘွဲ့အများကြီးပေးတာ ဆရာအမြင်နဲ့ဆိုရင် ကောင်းပါတယ်။ ကောင်းတယ်ပေါ့။ မြန်မာတွေက အရည်အချင်းရှိပါတယ်။ ရှိတဲ့လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ဒေါက်တာဘွဲ့ပေးရတာပါပဲ။ အရေးကြီးတာကတော့ Guide လုပ်သူက တကယ်ဒေါက်တာဘွဲ့နဲ့ ထိုက်တန်အောင် လေ့ကျင့်၊ သင်ကြား၊ အရည်ချင်းမြှင့်တင်၊ စစ်ဆေးပေးခြင်းပါပဲ။ ဆရာ နောက်ဆုံး ပညာရေးဝန်ကြီးဌာန သင်္ချာပါမောက္ခရာထူးက ထွက်လာခဲ့တာလဲ၊ တကယ်တတ်အောင် သင်ပေးချင်လွန်းလို့ အဆိုပြုချက်တစ်ခု တင်သွင်းခဲ့တယ်။ Ph.D ပရိုဂရမ် လေးနှစ်ကို တက္ကသိုလ် ပထမနှစ်ကနေ စတ္တုထနှစ် အခြေခံစာတွေ ပြန်သင်ပေးပြီး၊ တကယ်တတ်အောင် လုပ်ဖို့ တင်သွင်းတော့ လက်တွေ့မဖြစ်နိုင်ဘူးဆိုပြီ ဝိုင်းကန့်ကွက်ကြတယ်။ ဆရာလည်း ဆွေးနွေးပွဲက ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ ဆွေးနွေးပွဲအပြင်ဖက်ရောက်မှ၊ ဆွေးနွေးကြတဲ့ ဆရာကြီးများက ဟုတ်တယ်၊ တကယ်တတ်အောင် သင်ပေးတာကောင်းတယ်လို့ ဝိုင်းထောက်ခံကြတယ်။ ဘာပဲဖြစ်ဖြစ် တကယ်တတ်အောင်သင်တဲ့ ပညာရေးစနစ်ကိုပဲ ကျွန်တော်က အမြဲထောက်ခံ၊ အားပေးနေမှာပါ။

မေး။ ကျေးဇူးတင်ပါတယ်ဆရာ။ မြန်မာပြည် ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး၊ အတိုချုပ် စာဖတ်ပရိတ်သတ်ကို ပြောလိုတဲ့အကြောင်းလေး ပြောပြစေလိုပါတယ်။

အဖြေ။ အေး… ခုနပြောသွားသလိုပါပဲ။ ကျောင်းသား တကယ်တတ်တဲ့ ပညာရေးစနစ်ဖြစ်ဖို့က အရေးကြီးဆုံးပါ။ ဒီအကြောင်းကို အတွေးအမြင်ဂျာနယ်နဲ့ စာအုပ်များ၊ သင်္ချာဆရာတစ်ဦးအတွေ့အကြုံစာအုပ်တွေမှာ ရေးထားပါတယ်။ အခုဆွေးနွေးခဲ့တာကို အကျဉ်းချုပ်ပြောရရင်
– အတန်းတိုင်းမှာ သင်ရိုးညွှန်းတန်းတွေကို တဝက်လျှော့ချပစ်လိုက်ရပါမယ်။ ဒါက အရေးကြီးဆုံးလို့ မြင်ပါတယ်။

ဆရာမ ဂျူနီယာဝင်း
ဆရာကြီးနှင့် မေးမြန်းပြီးသောအခါ ဆရာကြီး၏ တစ်ဦးတည်းသောသမီးဖြစ်သူ ဆရာမဂျူနီယာဝင်းကို အနည်းငယ်မေးမြန်းခွင့်ရခဲ့ပါသည်။ ဆရာမ ဂျူနီယာဝင်းသည် အဖွားဖြစ်သူ ဒေါ်ခင်မျိုးချစ်၏ အမွေအနှစ် မြေးတစ်ဦးဖြစ်ပြီး၊ လောလောဆယ် စာအုပ် ၁၂အုပ် ထုတ်ဝေဖြန့်ချိပြီးဖြစ်သည်။ ဒေါင်းစာပေ၊ မုံရွေးစာပေ၊ Unity စာပေ၊ ရန်အောင်စာပေ စသည်တို့မှ ဆရာမ၏ စာအုပ်များကို တာဝန်ခံ၊ ထုတ်လုပ်ဖြန့်ချိပေးပါသည်။ အထူးသဖြင့် ဆရာမကြီးဒေါ်ခင်မျိုးချစ် အင်္ဂလိပ်စာဖြင့်ရေးသားသည့် စာများကိုဘာသာပြန်သလို၊ ကိုယ်တိုင်ရေး အင်္ဂလိပ်စာအုပ်များ ထုတ်ဝေဖြန့်ချိပါသည်။ လက်ဆောင်အဖြစ် Junior Win, Days and Flowers of Myanmar အင်္ဂလိပ်စာအုပ်ကို အမှတ်တရလက်ဆောင် ပေးပါသည်။ ပန်းများနှင့်ပတ်သက်ပြီး အင်္ဂလိပ်စာဖတ်ပရိတ်သတ်များအတွက် Thingyan Pot သင်္ကြန်ငွေဖလားနှင့်ပန်းများ အကြောင်း၊
– Myanmar Thingyan Festival and Tha-Gyar-Min
– Myanmar Alphabets and Myanmar Days
– Myanmar Letters (in Myanmar Pronunciation) and The Days Concerned
– Flower Preparation
– More About Seven-Day-Born and Loving Kindness
– Epilogue စသည့်အခန်းများကို ရောင်စုံပန်း ကာလာဓါတ်ပုံများ ဝေဝေဆာဆာဖြင့် ပုံနှိပ်ထုတ်ဝေထားပါသည်။

ဆရာမ ဂျူနီယာဝင်း၏ စာအုပ်များကို eBook အဖြစ် အမေဇုံဝက်ဆိုက် Amazon Book တွင် ဈေးနှုန်းသက်သာစွာ ၊ PDF ဖိုင်များကို ဝယ်ယူဒေါင်းလုပ်နိုင်သည်။

နိဂုံးသုံးသပ်ချက်
မြန်မာပညာရေးအခြေအနေများနှင့် ဆရာကြီးဒေါက်တာခင်မောင်ဝင်း၏ ပညာရေးလောက အမြင်တစ်ချို့ဖြစ်ပါသည်။ပညာရေးတွင် အတန်းပညာရေး (ပညာရေးဝန်ကြီးဌာန) နှင့် စက်မှုပညာရေး (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန) ၂ခုအပြိုင်အဆိုင်လုပ်ဆောင်နေသည်ကို တွေ့ရပါသည်။ ပညာရေးဌာနလက်အောက်တွင် ဝိဇ္ဖာသိပ္ပံတက္ကသိုလ်ကောလိပ်များ၊ အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများစွာ ပါရှိသဖြင့် ကျောင်းဆရာဆရမပေါင်း ၃သိန်းနီးပါးကို အုပ်ချုပ်၊ ပြုပြင်ပြောင်းလဲနေရပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ကွန်ပြူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်ပေါင်း၄၀ကျော် စသည့်အထက်တန်းပညာရပ်များ၊ အခြေခံပညာတွင် ယခင်က စက်မှုသက်မွေးဦးစီးဌာနလက်အောက်ရှိသော စက်မှုအထက်တန်းကျောင်း၊ ဂျီတီအိုင်များ ရှိပါသည်။ မလွယ်ကူလှသော မြန်မာပြည် ပညာရေးပြုပြင်ပြောင်းလဲမှုများအား စိတ်ဝင်စားသူများအတွက် ခြုံငုံပြီး အနည်းငယ်ရေးသားလိုက်ခြင်းဖြစ်ပါသည်။

နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများကို မေးမြန်းခွင့်ရသဖြင့် ပွင်လင်းစွာဖြေကြားချက်များမှာ
– မေမြို့ ကွန်ပြူတာတက္ကသိုလ်သို့ တက်ရောက်နေသူ မိန်းကလေးသည် ယခု ၄နှစ်မှ၊ ၅နှစ်တိုးပြီး တက်ရသည်။ အခြား သံလျင်၊ လှိုင်သာယာနည်းပညာတက္ကသိုလ်များမှ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသားများကလည်း ယခင်နှစ်က စာမေးပွဲခက်ခဲပြီး ကျရှုံးသူများလှသည်။ ယခုနှစ်တွင် ကျောင်းခေါ်ချိန် မပြည့်လဲ ကိစ္စမရှိ၊ ဆရာများ၏ ကျူရှင်များတွင် တက်ခြင်းဖြင့် စာတတ်လာသည်ဟု ဆိုသည်။ ကျောင်းခေါ်ချိန် မပြည့်ခြင်းသည် အလွန်ဆိုးဝါးသော အပြစ်ဖြစ်သဖြင့် ကမ္ဘာ့ဘယ်တက္ကသိုလ်မှ ၇၅%မပြည့်လျှင် ဖြေခွင့်လုံးဝမပေးပါ။ ကျူရှင်ဖြင့် တတ်အောင်သင်ပေးသော တက္ကသိုလ်ကျောင်းဆရာများကို လေးစားပါသည်။ သူတို့၏ ကျပ်တစ်သိန်းလစာငွေသည် နယ်မြို့များတွင် လောက်ငှသော်လည်း ရန်ကုန်တွင် မလာက်ငှသဖြင့် ကျူရှင်ဖွင့်ခြင်းကို ခွင့်ပြုရပါသည်။ ကောင်းသည့်အချက်မှာ မေးခွန်းလုံးဝမပေါက်ကြားတော့ခြင်း ဖြစ်သည်။ တကယ်တတ်သူများ စာမေးပွဲဖြေနိုင်မည်ဖြစ်ပြီး၊ ဆရာအရည်အချင်းမြှင့်တင်ပေးနိုင်ပါက မကြာမီ အရည်အချင်းရှိသော ဘွဲ့ရလူငယ်များစွာ ပေါ်ထွက်လာနိုင်ပေးသည်။ ဤခရီးနီးသလား မေးကြည့်လျှင် ကွင်္နုပ်မဖြေနိုင်ပါ၊ မဖြေချင်ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင် (မုံရွာ) – မြန်မာနိုင်ငံပညာရေးနှင့် ပြင်သစ်နိုင်ငံ Ph.D ရရှိခဲ့သူ သင်္ချာပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အရည်ချင်းစစ်ခြင်း-၂)
  1. They used withering heights as text book when I was in high school back home. That s a horrible choice. They should teach us essays and composition. That choice was dumb.

Comments are closed.