ရသဆောင်းပါးစုံ

မောင်လူပေ – တံတာတာ တေးတို့ အကြောင်း

တံတာတာ တေးတို့ အကြောင်း
မောင်လူပေ
မေ ၁၂၊ ၂၀၁၄
 
ဒီကနေ့ မောင်လူပေ ဘာဖြစ်နေသည်မသိ။ တနေ့လုံး ဂဏာမငြိမ် ဖြစ်လို့နေသည်။ ဖတ်မိသမျှ အွန်လိုင်းသတင်းများကလည်း လူမျိုးရေး ဘာသာရေး ဆန့်ကျင်ရေးအကြောင်းတွေက ခပ်များများ။ ကိုယ်ကလည်း စိနသွေးနှောသူ။ မသိရင် ပြည်ကြီးပေါက်ဖေါ်အလား။ စကားက လည်း တောင်ငူသားမို့ သနဲ့တ သိပ်မကွဲချင်။ မတော်လို့ ရွာပြန်နေတုန်း စိနနဲ့ ရိုက်ပွဲဖြစ်ရင် ရှေ့ဆုံးက အရိုက်ခံရမဲ့သူပေါ့။

စိနသွေးနှောသော ဗမာပေါက်တွေအကြောင်းစဉ်းစားရင်း စိတ်ထဲပေါ်လာတာက သီချင်းတပိုင်းတစပါ။

“တံတာတာ တေးဖွဲ့လို့ တီဆိုမှာပါ။ မောင်မယ်တွေ ပြုံးပန်းနဲ့ ကြိုင်လှိုင်စေရာ”

တောင်ငူမြို့ရဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ နယ်ခံဖြစ်တဲ့ တရုတ်အမျိုးသားများအဖွဲ့ရဲ့ ဖျော်ဖြေနေသံပါ။ ရန်ကုန်မှ နာမည်ကျော်တီးဝိုင်းတွေနဲ့ အပြိုင် တီးခတ်တီဆိုနေတာလေ။

ယုံချင်ယုံ မယုံချင်နေ။ တရုတ်တီးဝိုင်းကလည်းသူ့ပရိတ်သတ်နဲ့သူပါ။
ရန်ကုန်ဝိုင်းတွေပါလို့ အားပေးသူမရှိဘူး မထင်နဲ့။
အဓိက အမာခံအင်အားတွေက လူကြီးပိုင်းတွေနဲ့ ကလေးအုပ်စုပေါ့။

လူကြီးနဲ့ကလေးတွေက ရန်ကုန်တီးဝိုင်းတွေကို တိုးမကြည့်နိုင်ဘူး။ အခမဲ့ပွဲတွေဆိုတော့ တနယ်လုံးဆင်းလာတာ လူပင်လယ်ကြီးအလား။
မတိုးဝှေ့နိုင်တော့ လူမတိုးပဲကြည့်ရတဲ့ တရုတ်အသင်းကားက အိုကေတာပေါ့။ မောင်လူပေတို့ ကလေးတသိုက်က ရှေ့ဆုံးမှာ နေရာယူပြီး ဖျော်ဖြေမဲ့ မှတ်တိုင်တိုင်းကိုလိုက်တာပဲ။ ကလေးတွေကို သကြားလုံးလည်းဝေတယ်။ ကားကိုကာထားတဲ့ ကြိုးကိုလိုက်ဆွဲရင် ဒန်ပေါက်တောင်ကျွေးသေး။ဘယ်လောက်ကောင်းလဲ။ ပွဲလည်းကြည့်ရ ဗိုက်လည်းဝ။

တီဝိုင်းကလည်း ပစ္စည်းစုံပါတယ်။ ဂီတာသုံးလက်၊ ဒရမ်တို့ အပြင် ထရမ်းပက်၊ဆက်ဆိုဖုန်း၊ကလဲနက် စသည့် လေမှုတ်တူရိယာများပါ ပါသေး၊ ငယ်တုန်းကတော့ အဲ့တာတွေကို မခေါ်တတ်လို့ ဂေါ်ဂီးဂေါ်တွေလို့ပဲ ခေါ်တာ။ သူတို့တွေ ဂေါ်ဂီးဂေါ်တွေမှုတ်တာ ကောင်းမှ ကောင်း။

ဒရမ်မာ ကိုရွှေသွားကလည်း သူ့ ရွှေသွားတွေပေါ်အောင်ပြုံးရင်း အသကုန်တီးတာပဲ။ ဒရမ်တွေက သားရည်သားတွေမကောင်းတော့ ဘတ် ဘတ်ဘတ်၊ ဘုတ်ဘုတ်ဘုတ်နဲ့ပဲ အသံထွက်ပါတယ်။

တီးဝိုင်းဆရာတွေကလည်း ပေါ့သေးသေးတွေမဟုတ်ဘူး။ ဝါသနာအရ မိုက်ခဲတွေမို့ မနေနိုင်လို့ တီးဆိုကြတာ။ သူဌေးတွေ။ ဝိုင်းဆရာ ဦးချင်းပိုးဆိုရင် ဘုရားပွဲနီးတာနဲ့  သူ့ ဆီစက်ကြီးပစ်ထားပြီး သီချင်းပဲ ကျင့်တော့တာ။ ကိုရွှေသွားလည်း အတူတူပဲ။ ဆေးဆိုင်မရောင်းတော့ပဲ ဒရမ်ပဲလှိမ့်တီးနေတာ။ ကိုကြယ်နီကလည်း သူပိုးနေတဲ့ မမလေးဆိုမှာမို့  ကားပစ္စည်းဆိုင်ကြီးပစ်ထားပြီး တီးဝိုင်းလေ့ကျင့်နေတဲ့နေရာမှာပဲ အောက်ခြေသိမ်း ကူနေတာ။

အခြားအဆိုအတီးပညာရှင်တွေထဲမှာ မှတ်မိသရွေ့ဆိုရင် အမေရိကန်ရောက် မိစံရဲ့အကို အမတွေ၊ ရွှေသွားညီမ မလှကြည်၊ အလှပဂေး ခင်စန်းဝင်း စတဲ့ မြို့ပေါ်က ပိုက်ဆံရှိ ဝါသနာအိုးတွေ။ (နောက် မျိုးဆက်သစ် မိစံတို့တောင် ဝင်ဆိုသေးတယ်။)

တရုတ်မဖြူဖြူချောချောလေးတွေဆိုတာမို့ ကိုကိုကာလသားတချို့ကလည်း ငန်းရင်း အားပေးကြသေးတယ်။ ရောက်ရာမှတ်တိုင်မှာ အစီ အစဉ်မှူး ဦးချင်းပိုးကြီးက “ယခုအချိန်မှ စပြီး တရုတ်အမျိုးတားများအဖွဲ့က တေးတံတာများနဲ့ တီဆိုဖျော်ဖြေပါတော့မယ်” လို့  အသံဝါကြီးနဲ့ ကြေညာပြီးတာနဲ့  အဖွင့်သီချင်း “ တံတာတာ တေးဖွဲ့လို့  တီဆိုမှာပါ” နဲ့  စတာပဲ။ လက်ခုတ်သံရှင်တွေကတော့ ရှေ့ဆုံးက မောင်လူပေတို့ ကလေးအုပ်နဲ့  လူကြီးများပေါ့။

တညလုံးကိုဆိုကြတာပဲ။ မိုးလင်းခါနီး လူလေးငါးယောက်ပဲအားပေးတဲ့  အချိန်ထိကို ဆိုကောင်းနေကြတုန်း။ ရန်ကုန်တီးဝိုင်းလောက်တော့ပျင်းတောင်ပျင်းသေး။

“တံတာတာ တေးတံတာ” တွေကို တတ်သလိုဆိုကြတာပဲ။

“ပုလဲများလိုဥတဲ့ မောင့်ရှစ်တူ လေးကိုကွယ်၊ တင်းတင်းပျံ့ပျံ့မွှေးမွှေးလေး နာမည်လေး တခုပေးချင်တယ်။ “

“အရှစ်ရယ်၊ မင်းကိုငါ တိတ်ရှစ်တယ်၊ ဝေတံတရာလို အရှစ်မျိုးလေးနဲ့ပါ”

“ရှစ်တူလာတောညက ငွေလတာပါတယ်”

“ဒါပေမဲ့ တားတယောက်မှာလေ၊ အမေတခု တားတခုမို့  တာပဲလေ။”

“ရရှိမှမဟုတ်ဘူး အရှစ်ဆိုတာ အေးမိစံနားလည်စေတားကွယ်”

စသည်စသည် သီချင်းစုံကို ဆိုကြတီးကြတာ။ တောင်ငူသားက ရှစ်နဲ့ ချစ်ကို ပီအောင် မပြောနိုင်ကြဘူး။ အချစ်ဆို အရှစ်လို့ အသံထွက်ကြ တာပဲ။ ဆိုတဲ့သီချင်းအများစုကတော့ ဂျင်မီဂျက်တို့  ကန့်ကော်တောမျိုးအောင်တို့သီချင်းတွေ ခေတ်စားချိန်မို့  သူတို့သီချင်းတွေပေါ့။

တရုတ်အဖွဲ့ မို့  တရုတ်သီချင်းမဆိုဘူးလားမေးရင် တပုဒ်၊နှစ်ပုဒ်လောက်တော့ဆိုပါတယ်။ နင်ဘယ်မှာလဲလို့ အဓိပ္ပါယ်ရတဲ့ “ကြိုက်နာ့လီ” လောက်ပဲ မှတ်မိတော့တယ်။ ကျန်တာတွေကတော့ ရင်ထဲက ခံစားချက်တွေနဲ့ ဗမာသီချင်းတွေပဲ ဟဲတာပါ။ ဗမာပေါက်တွေပဲ မဟုတ်လား။

“တံတာတာတေးတံတာ” တွေကြောင့် ကိုကြယ်နီလည်း သူ့ချစ်ချစ် အဆိုတော်မလေးနဲ့အကြောင်းပါလို့ ခုဆို သူ့ကလေးတွေတောင် ကြီး ကုန်ပြီ။ ဦးချင်းပိုးတို့ ကိုရွှေသွားတို့လည်း အသက်တွေရလာလို့ မဆိုကြ မတီးကြတော့ဘူး။ ဂေါ်ဂီးဂေါ် ဆရာတွေလည်း လေကုန်ပြီး မမှုတ် နိုင်ကြတော့။ ဒါပေမဲ့  မောင်လူပေ့နားထဲမှာတော့ သူတို့တတွေ ဆိုတီးနေကြဆဲ။ နှစ်ကျိတ်ရှစ်ဆူ ဘုရားပွဲတော်မှာ နွှဲပျော်နေဆဲ။ တံတာတာ တေးတံတာများ လွင့်ပျံနေဆဲ။

ဒီလို တရုတ်၊ ဗမာ၊ ကုလား အတူတူနေ။ တစ်မြေထဲနေ တစ်ရေထဲသောက်ခဲ့ကြတဲ့ သူတွေအချင်းချင်း စိတ်ဝမ်းကွဲအောင် ရေးသားပြောဆို နေတာ တွေတွေ့လို့ စိတ်မချမ်းသာလို့ ဒီစာလေးရေးတာပါ။ မောင်လူပေကတော့ အဝေးကနေ ဗမာပြည်သားအပေါင်း ကျန်းမာကြစေ ကြောင်း တောင်းဆုပြုပါတယ်။ “တံတာတာ တေးတံတာ” များနဲ့  ဝေဆာကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်လူပေ – တံတာတာ တေးတို့ အကြောင်း

Comments are closed.