Uncategorized

ဇာနီကြီး – ဖေ့စ်ဘုတ်အကြောင်း

ဖေ့စ်ဘုတ်အကြောင်း 
ဇာနီကြီး
နိုဝင်ဘာ ၁၊ ၂၀၁၃


၂၀၁၃ မြန်မာပြည်ရောက်သွားချိန် smart-phone တယ်လီဖုန်းကိုင်နိုင်သူတိုင်း ဖေ့စ်ဘုတ်တော့ ရှိကြပါတယ်။ မြန်မာ့လူဦးရေရဲ့ ၁%သော လူလတ်တန်းစားလိုလို လူတန်းစားဖြစ်ပါတယ်။ ကျန်တဲ့၉၉ရာနှုန်းကတော့ ဖုန်းကိုင်နိုင်ခြင်းမရှိသေးပါ။ ယခင်၃နှစ်က မိုဘိုင်း SIM card တစ်ခုကို ၈သိန်းလောက်ပေးခဲ့ရပြီး၊ အခုတော့ ၁၅၀၀ကျပ် ဆိုပေမဲ့ ကျနော် ရန်ကုန်ရောက်တုန်း လိုလိုမယ်မယ် ၂ကဒ်ဝယ်ခဲ့တာ ၁သိန်း၇သောင်းပေးခဲ့ရပါတယ်။ တစ်လကို လစာငွေတစ်သိန်းလောက်ပဲရတဲ့ မြန်မာများ ၁သိန်း၇သောင်း ဖုန်းကဒ်၊ စမတ်ဖုန်း ဟွာဟူးအညံ့စားကို တစ်သိန်းခွဲလောက်ပေးရတာ ဘယ်တတ်နိုင်ပါ့မလဲ။ ဘာပဲဖြစ်ပါစေ မြန်မာလူဦးရေပေါင်း ၂သန်းနီးပါးမှာ တယ်လီဖုန်းရှိနေပြီး၊ ၁သန်းနီးပါး ၁% ကတော့ စမတ်ဖုန်းနဲ့ ဖေ့စ်ဘုတ်ကို တွင်တွင်ကျယ်ကျယ်သုံးနေပါပြီး၊ အသက်၄၀ကျော်ကြီးတွေကတော့ ပိုက်ဆံရှိလို့သာ ဖုန်းအကောင်းစား Galaxy, iPhone တွေဝယ်ပြီး ဖေ့စ်ဘုတ်သုံးနေကြပါတယ်။ ဖေ့စ်ဘုတ်ကို သင်လွယ်၊တတ်လွယ် လူငယ်လူရွယ်များကတော့ တလကုန်းရုံးလုပ်ပြီး ရတဲ့ငွေနဲ့ စမတ်ဖုန်းဝယ်ကြတယ်။ အများစုလူငယ်များကတော့ မိဘ၊ဆွေမျိုးများကို ငိုပြ၊ပူစာပြပြီး စမတ်ဖုန်းဝယ်၊ အင်တာနက်လုပ်၊ ဖေ့စ်ဘုတ်လုပ်ပြီး တယ်လီဖုန်းလေးကိုကြည့်၊ ပြုံးနေကြတဲ့ လူငယ်များစွာ တွေ့နေရပြီဖြစ်ပါတယ်။
ဒါလောက်နာမည်ကြီး၊ လူကြိုက်များ၊ စွဲလမ်းစေတဲ့ဖေ့စ်ဘုတ်အကြောင်း ထပ်ရေးချင်ပါတယ်။
လူချင်းဆက်သွယ်ရာမှာ ဖေ့စ်ဘုတ်၊ တွီတာ စသဖြင့် ဆိုရှယ်နက်ဝပ် အင်တာနက်တွေခေတ်စားနေချိန်မှာ၊ ပထမဆုံးလူကြိုက်များလာတဲ့ ဖေ့စ်ဘုတ်ကို ဟားဗတ်တက္ကသိုလ်ကျောင်းသား လူငယ်၎ယောက် စတင်တွေ့ရှိခဲ့ပါတယ်။ မတ်ခ် ဇူကာဘတ် ဆိုတဲ့ ဂျူးလူငယ်လေးက ဦးဆောင်သူဖြစ်လာပြီး၊ လက်ရှိ ၂၈နှစ် (၂၀၁၂) မှာ စီအီးအို အဖြစ် အုပ်ချုပ်နေပါတယ်။ လူငယ်၎ယောက် Mark Zuckerberg, Eduardo Saverin, Dustin Moskovitz, Chris Hughes ၂၀၀၄ မှာ စတင်ခဲ့ပြီး၊ လက်ရှိ မှတ်ပုံတင်ထားသူ ၈၄၅သန်းနဲ့ လူအများဆုံး ဆိုရှယ်နက်ဝပ်ဆိုဒ် ဖြစ်ပါတယ်။ အသုံးပြုသူများရဲ့ ၇၂% ဟာ အသက်၃၄နှစ်အောက်ဖြစ်ပြီး၊ ၁၃% ဟာ အသက်၄၅နှစ်ကျော်သူများ ဖြစ်ပါတယ်။ 
ဘာကြောင့်စွဲလမ်းစေသလဲလို ဆန်းစစ်ကြည့်ရင် ကျနော်အမြင်ကတော့ …
၁။ လူတိုင်းမိမိပြသနာများ၊ ဘဝဖြစ်စဉ်ပုံကလေးများကို မိတ်ဆွေတွေနဲ့ ရှယ်ချင်တယ်။ ဘယ်သူ့ကိုအချစ်ဆုံးလဲမေးရင် မှန်ထဲမြင်ရတဲ့ ကိုယ့်မျက်နှာကိုအချစ်ဆုံးမဟုတ်လား။ 
၂။ သူများအကြောင်းလဲ စပ်စုချင်တယ်။ ချောင်းကြည့်ချင်တယ်။
၃။ ဖေ့စ်ဘုတ်ကလဲ စွဲလမ်းအောင် အမျိုးမျိုးလုပ်တယ်။ ဥပမာ – ယောင်္ကျားရဲ့ဖေ့စ်ဘုတ်မှာ မိန်းမသူငယ်ချင်းများဟာ ရှေ့ဆုံးကပေါ်လာတယ်။ ဖို၊မ – သူငယ်ချင်းပိုဖြစ်စေတယ်။ Add Friends ကိုကြည့်လိုက်ရင်လည်း ဆန့်ကျင်ဖက်လိင်မျက်နှာများ တန်းစီပေါ်လာတယ်။ အမေက သားကိုပိုချစ်၊ အဖေက သမီးကိုပိုချစ် ..လောကသဘာဝ ဆန့်ကျင်ဖက်လိင်ကို ဦးစားပေးတတ်တဲ့ လူ့စရိုက်ကို ဖေ့စ်ဘုတ်က မိမိရရအသုံးချလိုက်တယ်။ 
ဒီ(၃)ချက်လောက်ပဲ ရေးပါတယ်။ ဖတ်ရှုသူများလဲ မိမိဘာကြောင့် ဖေ့စ်ဘုတ်ကို စွဲလမ်းရပါသလဲ ဆန်းစစ်ကြည့်ကြပါ။ 
ဖေ့စ်ဘုတ်တခုကိုသွားကြည့်ပြီး ဘယ်သူတွေကြည့်နေသလဲဆိုတာ icon လေးတွေလိုက်ကြည့်ရင် ကိုယ့်သူငယ်ချင်းများကို တန်းစီတွေ့ရပါ တယ်။ ဒါလဲ အပေါင်းသင်းခင်မင်တတ်သူများ ဟာ.. ငါ့သူငယ်ချင်လဲဒီဝက်ဆိုက်ကြည့်တယ်..ဆိုပြီး ကိုယ်လဲသဘောကျသွားပါတယ်။ နောက်တစ်ချက် နာမလည်နိုင်တာလဲ ဖေ့စ်ဘုတ်ကို မြန်မာပြည်မှာ တော်တော်မြန်ဆန်နေတာတွေ့ရပါတယ်။ Gmail.com ကိုဖွင့်လိုက်ရင် အကြာကြီးဒေါင်းလုပ်နေရတယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ်ကျတော့ မြန်မြန်ကြည့်နိုင်တယ်။ ဖေ့စ်ဘုတ်မှာ ဗီဒီယို၊အော်ဒီယို Video, Audio များ မြန်မာပြည်မှာနှေးလွန်းပေမဲ့ message , taxt စာလုံးရိုက်ခြင်း၊ image ဓါတ်ပုံတင်ခြင်းများကတော့ အသင့်တင့်မြန်ဆန်တာလဲ တွေ့ရပါ တယ်။ နည်းပညာကောင်းများ ဖေ့စ်ဘုတ်မှာရှိမယ်ဖြစ်ပါတယ်။ ကျနော်သိပ်နားမလည်တော့ ဘာကြောင့် ဖေ့စ်ဘုတ်က အခြားဝက်ဆိုက်များ ထက်မြန်နေရသလဲဆိုတာ မသိသေးပါဘူး။ ဒါလဲ ဖေ့စ်ဘုတ်ရဲ့ ထူးခြားချက်တစ်ခုပါပဲ။ 
အခုနောက်ဆုံးပေါ်လာတာကတော့ ဖေ့စ်ဘုတ်ဂရု Facebook Group ဖြစ်ပါတယ်။ အောက်က Groups များက ကျနော်ဖေ့စ်ဘုတ်မှာ အသင်းဝင်ရန်အတွက် မြင်နေရတဲ့အုပ်စုများဖြစ်ပါတယ်။ အုပ်စုအဖြစ် လုပ်ထားရင် အကျိုးရှိ၊ ထူးခြားချက်များကတော့ ကိုယ်ရေးတဲ့စာကို ကိုယ့်အုပ်စုဝင်အချင်းချင်းပဲ မြင်ရအောင်လုပ်ထားနိုင်ပါတယ်။ ဖိုင်တွေ၊ ဗီဒီယို၊ဓါတ်ပုံတွေလည်း attachment အလွယ်တကူလုပ်ပြီး ရှယ်နိုင်ပါတယ်။ အခြားမိတ်ဆွေတစ်ဦး (ကိုယ်နဲ့မသိသူကိုလည်း) ဖိတ်ခေါ်နိုင်တယ်။ ဇွတ်အတင်းဆွဲထည့်နိုင်ပါတယ်။ ဇွတ်ဆွဲထည့်ခံရ သူကလည်း အလွယ်တကူ အုပ်စုထဲကပြန်ထွက်သွားနိုင်ပါတယ်။ အုပ်စုတစ်ခုထဲ ထည့်လဲလွယ်၊ ထွက်လဲလွယ် ကိုးရိုးကားယားအုပ်စုဆို ချက်ခြင်းထွက်ပစ်လိုက်လို့လွယ်ပါတယ်။ ပြီးတော့ အုပ်စုထဲက အက်တစ်ပ် Active ဖြစ်သူများကိုလဲ Administrator အဖြစ် ပရိုမုတ်လုပ်နိုင်ပါတယ်။ နာမည်ကျော်တဲ့အဖွဲ့များစွာ မြန်မာလူငယ်များ ဖန်တီးထားပါတယ်။ ဥပမာ..ဒေါ်အောင်ဆန်းစုကြည်စင်္ကာပူလာစဉ် အသင်းဝင် ၄၀၀၀ကျော် ကိုယ့်ဖာသာလျှောက်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည့်အဖွဲ့၊ အဖွဲ့ဂင်၂သောင်းကျော်ရှိတဲ့ မြန်မာတနိုင်ငံလုံးလျှပ်စစ်မီးလင်းရေးအဖွဲ့၊  အဖွဲ့ဝင်ရာဂဏန်ပဲရှိတဲ့ RIT ကျောင်းသားဟောင်းအဖွဲ့၊ လူရည်ချွန်ဟောင်းများအဖွဲ့၊ လူဦးရေထောင်ဂဏန်းရှိတဲ့ အဖွဲ့များ စွာ၊ သောင်းဂဏန်းရှိတဲ့အဖွဲ့များစွာ၊ သိန်းဂဏန်းရှိတဲ့ Eleven Media, the Voice စတဲ့ မီဒီယာ၊သတင်းစာအဖွဲ့များ..စသဖြင့်ရှိပါတယ်။ ကျနော်အသင်းဝင်ထားတဲ့အဖွဲ့များကတော့ မုရန်၊ မိုးမခ၊ the Voice, Myanmar Attitude, DASSK, RIT, Myanmar Discussion, မိဇ္ဖျိမ သတင်း စတဲ့အဖွဲ့များဖြစ်ပါတယ်။  
ဖေ့စ်ဘုတ်အုပ်စု အွန်လိုင်းအသင်းဝင်၊ လှုပ်ရှားခြင်းနဲ့ အုပ်စုဖွဲ့လုပ်ခြင်းမှာ အားနည်းတဲ့မြန်မာလူငယ်၊ လူကြီးများ အဖွဲ့အစည်းနဲ့လုပ်ခြင်းကို လေ့ကျင့်ဖို့ကောင်းပါတယ်။ အွန်လိုင်း၊ လက်ဘက်ရည်ဝိုင်း စကားဝိုင်းများကနေ့ ဖေ့စ်ဘုတ်စကားဝိုင်းကို တက်လာမယ်။ တဆင့်တက်ဖို့ ကတော့ Professional များ Face-to-Face အုပ်စုများဖွဲ့ပွဲ Institution များဖြစ်လာမယ်။ နောက် ခေတ်နောက်ကျနေတဲ့ မြန်မာပြည်ကြီးက စစ်အာဏာရှင်စရိုက်စွဲနေသူ တိုင်းပြည်အုပ်ချုပ်သူလူကြီးများကို မြင့်မြတ်စိတ်ဓါတ်များ ဝင်လာစေမယ်။ အရေးကြီးဆုံးကတော့ မိမိကိုယ် တိုင်၊ ကျနော်ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုရှိရင် မိမိမိသားစုလည်း ပြောင်းလဲလာမယ်။ အပြောပဲကြီးနေတဲ့ Talk Only ဘဝက လွတ် မြောက်ပြီး ကြွယ်ချမ်းသာလာမယ်။ မတူညီသူများ စုပေါင်းလုပ်ကိုင်ခြင်းဟာ အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုရဲ့ ဝိသေသဖြစ်သလို၊ ကိုယ်နဲ့ အကျင့်တူတဲ့သူ၊ ကိုယ့်ဆွေမျိုး၊ကိုယ့်ကိုကပ်ဖားလုပ်သူများကိုပဲ နေရာပေးတဲ့ စစ်အာဏာရှင်စနစ်နဲ့ မြန်မာပြည်ကြီး ခြုံးခြုံးကျသွားတာလည်း သင်ခန်းစာ အမြဲယူနိုင်ဖို့ ဖြစ်ပါတယ်ခင်ဗျာ…။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts