နောက်ကျတဲ့စာ (၄) [ကြောက်ဘီလူး]
ကိုရာဇာ၊ မေ ၈၊ ၂၀၁၄
ကိုရစ်
ကြားထဲမှာခရီးထွက်လိုက်လို့ အဆက်ပြတ်သလိုဖြစ်သွားတယ်။ သွားတာလည်းမိုးကုတ် ဖက်အလှူပါ။ စိတ်ပြေလက်ပျောက်ဆိုတာမျိုးဖြစ်မလားလို့ ပိုဆိုးသွားတယ်ဗျာ။ အဘကလည်းခရီးသွားရတာကိုနှစ်သက် စုံ မက်သူမဟုတ်လား။ ခရီးသွားလာခြင်းနဲ့ပတ်သက်လို့ အဘရဲ့အတွေးတွေ အပြောတွေ တစ်လမ်းလုံးကြား ယောင်နေရတယ်။ သူက လူသူမသိခရီးသွားတာကို သဘောကျတာကိုး။ သူ့နောက်ဆုံးချိန်မရောက်ခင် ခရီး ထွက်ခြင်တယ်။ ဒါပေမယ့်သူ့ကို လူတိုင်းကသိနေတော့ ခရီးသွားလည်းပါတီကိစ္စ နိုင်ငံရေးကိစ္စတွေပြောဆိုနေ ရအုံးမှာပဲ။ ငါကလွတ်လွတ်လပ်လပ်ကလေးသွားချင်တာ။ အဘခရီးထွက်ရင်လည်း အလုပ်ဖြစ်တယ်လေ။ သူခရီးတစ်ခါထွက် စာတစ်အုပ်ဖြစ်တာမျိုးမဟုတ်လား။
ခရီးသွားစာပေဆိုတာတွေကိုလည်း အတော်လေးသဘောကျတယ်။ ၀ါကြွားခရီးသွား ဓာတ်ပုံအဖွေး သားကိုပြောနေတာမဟုတ်ဘူးဗျ။ ဥပမာ…ဆရာမြရဲ့ ဟွန်ဒါယဉ်ကျေးမှု၊ ငွေသောင်ယံဦး လို တကယ့်ကိုပဲ ဒေသ မှာရှိနေတဲ့ပြည်သူလူထုအခြေနေထင်ဟပ် နေတာမျိုးတွေကိုသဘောကျတယ်လေ။ ခရီးသွား အမှတ်တရဆိုပါ တော့။ သုံးကြိမ်မြောက်ဆေးရုံတက်ရချိန် အာရှတော်ဝင်အခန်းလေးထဲမှာအဘနဲ့ကျနော် နှစ်ယောက်ထဲ နေ့စွဲတစ်ခုကိုပြန်မှတ်မိတယ်ဗျာ။
ကဗျာဆရာဖျာပုံနီလုံဦးက အဘရေးခဲ့တဲ့ခရီးသွား စာအုပ်ပါးကလေးထုတ်ချင်တယ်။ အဘဆီကအမှာ တောင်းထားတာရှိတယ်။ အဘကအာရုံကြောနဲ့ဆက်စပ် ပတ်သက်ပြီးတက်ရတာဆိုတော့ စာရေးဖို့သိပ်မဖြစ် သေးဘူး။ ဟိုကဗျာဆရာဖက်ကလည်း အဘအမှာရတာနဲ့ စာအုပ်ကထုတ်တော့မှာ။ အားနာဟန်တူပါရဲ့ အသံ သွင်းဖို့ကြိုးစားတယ်။ ရက်ကောဒင်းလုပ်ကြည့်တယ် သူ့ဖာသာအားမရဘူး ကျနော့်ကွန်ပြူတာနဲ့သွင်းတယ် အသံမကြည်ဘူး။ အဓိကတော့ စာကိုလက်နဲ့ရေးချင်တာပဲ။ လက်နဲ့ရေးမဖြစ်တော့ ကျနော့်လက်ငှားတော့ပေါ့။ ကျနော့်ကိုတစ်လုံးချင်း တစ်ပါဒချင်း တစ်ကြောင်းချင်း တစ်ပိုဒ်ခြင်းပြောတယ်။ကျနော်ကလက်နဲ့လိုက်ရေးရ တယ်။ သူ့ဘ၀မှာပထမဆုံး ပါးစပ်ကနေစာရေးတာပဲတဲ့ ။ အဲ့ဒီစာအုပ်ကလည်းခရီးသွားစာပေ။ ကျနော့်ခရီး ပျော်ပျော်ကြီးလို့ခင်ဗျားထင်သလား။
အဲ့ဒီအမှတ်တရတွေနဲ့ပဲ ကျနော့်မှာ နွမ်းခွေ၊ ပန်းနေ၊ လွမ်းကြေလျက်ပေါ့ဗျာ။ ဒါပေမယ့်အဘသဘော ထားတွေဖြစ်တဲ့ အောက်ခြေလူထုဘ၀ စေ့ငုရတာပေါ့ဗျာ။ မိုးကုတ်ဆိုတဲ့နေရာဟာ ကျောက်မျက်နဲ့ပတ်သက် လို့ကမ္ဘာကျော်ဒေသမဟုတ်လား။ လူနတ်ချမ်းသာတွေနေထိုင်ရာလို့ထင်ရင်တော့မှားသွားမယ်ဗျ။အတော်ကြီး ချမ်းသာတဲ့ တိုင်းရင်းသားဒေသခံတွေရှိသလို အရှေ့မြောက်ဖျား ပုဂ္ဂိုလ်တွေပိုများတယ်လို့ ဒေသခံတွေကပြော တယ်။ ပြောဆိုကျနော်တို့နောက်ဆုံးနေပြည်တော် ရွှေမန်းတကြောကနေ သူတို့နယ်မြေထိ သူတို့တွေချည်းပါ ပဲတဲ့။ ဒေသခံတွေကတော့ဒီလိုပဲ နေရပ်စွန့်ခွာနိုင်ငံခြားတွေသွားကြ။ အရပ်ဒေသအသီးသီးမှာ အိမ်ထောင်ကျ ကြ၊ ပြန်မလာကြတာ များပါတယ်တဲ့။ ဒါကိုသိလို့အဘကအစောကြီးက သတိပေး …။ ကျနော်စာရေးသေးမဟုတ်လား ‘ဇာတိမြေချစ်စိတ်’ ဆိုတာ။
အရှေ့မြောက်ဖျားပုဂ္ဂိုလ်များအပြင် မှူးတွေ ချုပ်တွေလည်း အတော်ရှုပ်ဆိုပဲ။သူတို့မြေကွက်တွေ ဒေသခံမျက်နှာသေလေးတွေ ရှင်းပြတယ် ဟိုတောင်ကြော ဒီတောင်ကြား ဟိုနားလုပ်ကွက် အကုန်သူတို့လက် ချက်ချည်းလို့ပြောတယ်ဗျာ။ စိတ်မကောင်းဘူး။ ဒေသခံကလေးငယ်တွေ အပါအ၀င်အတော်များများကတော့ ကျောက်ဆေးဗန်းလေးတွေနဲ့ ခုနလုပ်ကွက်ကထွက်တဲ့ ကျစ်စာကလေးတွေကိုလိုက်ရှာနေကြရရှာတာ။ စိတ် ပေါက်ပေါက်နဲ့ကိုယ့်အိမ်ထဲသာ ကိုယ်တူး ဆိုတော့ဖမ်းတယ်တဲ့။ နောက်ရှိနေတာသေချာရင် ရှာချင်တာပေါ့။ ဒါပေမယ့်ကျောက်မတွေ့ အိမ်ပြို၊ နေစရာကိစ္စကပိုလာအုံးမယ်ပြောတယ်။
စိတ်မကောင်းဘူး စိတ်မချမ်းသာဘူး ဆိုတာဖက်ချည်းပြောနေ နှလုံးရောဂါနဲ့ အဘနောက်လိုက်သေဖို့ သာကောင်းတော့တယ်ဗျာ။ လုပ်ထားကိုင်ထားလိုက်ကြတာ လူမဆန်ဘူးဆိုတဲ့စကား အားနာစရာတောင် ကောင်းပါ့။ လူမဆန် … ဘာဆန်သလည်းမမေးနဲ့ လူမဆန်တဲ့ဟာမှန်သမျှ လူမဆန်တာပဲဗျာ။
ထားပါတော့ဗျာ လိုရင်းနဲ့ဆိုတင်းကြတာပဲကောင်းပါတယ်။ ဒီလိုလေ မေမြို့နဲ့မိုးကုတ်အသွား တောင်ကြားလမ်းမတစ်နေရာ ရောက်တော့။ ဒေသခံဆရာသမားက ကားရပ်ပေးတယ်ဗျ။ ဓာတ်ပုံရိုက်ကြ ဆိုတော့ ဘာပါလိမ့်ပေါဗျာ။ ကျနော်ကကားနောက်ဖုံးထဲဝင်စီးတာ ဆိုတော့ရုတ်တရက်မမြင်ရဘူးဗျ။ နောက်ဖုံး အသာလှပ်၊ ဟိုမှာကြည့်ဆိုတော့မှ စေတီတစ်ဆူတွေ့တယ်ဗျ။ ကျနော်ကလည်းဘုရားတရားသမား မဟုတ်လား၊ ဒေသခံကကြမ်းတယ် စေတီပြတာမဟုတ်ဘူး ဟိုကျောက်ရုပ်ကြီးပြတာဗျ ဆိုတော့မှ စောင်းတောင်းတောင်း လဲကျမတတ် ကျောက်တုံးကြီးတွေ့တယ်။ ဘာလုပ်ရမှာလည်းအဲ့ဒါကြီးဆိုတော့။ ဟိုကကျောက်တုံး ခင်ဗျားက လူတုံးတဲ့။
အဲ့ဒါ သမိုင်းဗျ။ သမိုင်း။
ရှင်းပြလင်းစပြုပါအုံးငါ့လူရာ။ ဒီကျောက်ကြီးပြ ဟောက်ခံနေရတာ … မဟုတ်သေးဘူးဆိုတော့။
ဒါအင်းဝခေတ်က လက်ရာဗျာ။ နောက်ထပ်ထူးခြားတာက ဘုရင်မင်းခေါင်လက်ထက် စစ်ရှုံး တရုတ်များ ထုသွားတာ…တဲ့။ လဲကျမခန်းစောင်းနေတာကိုတောင် တရုတ်က ရုပ်တုဖြစ်အောင်ထုသွားတာဗျ။
လက်ရာလည်းအတော်လေးကောင်းကောင်းဗျ။ အဘသာရှိနေရင်တော့ ဘာမှတ်ချက်ပေးမလည်းမသိဘူး။ အဘလည်း အဲ့ဒီတကြော ခြေလျင်မျောဖူးတယ်ပြောတယ်။ ဒါပေမယ့်ဒီ ကျောက်ဘီလူးကိစ္စတော့လုံးဝမပြော ဖြစ်တာ။
ကျနော်ကတော့ အဘရှိ … သူပြောမယ့်စကား မှန်းဆမိတယ်။ ကျနော်ကတော့ဒီလိုပြောချင်တယ်၊ ကိုရစ်ရေ။ တရုတ်ထုသွားတဲ့ဘီလူးဟာ ဘီလူးတော့ဘီလူးပဲ လဲကျမတတ်ဖြစ်နေတဲ့ကျောက်ဘီလူးကြီး။ ဒီကျောက်ဘီလူးကြီးနဲ့ ကျုပ်တို့ပြည်သူကို ကြောက်ရူးဖြစ်အောင် လုပ်ထားတာ။
တကယ့်စစ်စစ်မှန်မှန်ကတော့ကျောက်ဘီလူး ကြီး။ လဲကျတော့မယ့်ကျောက်ဘီလူးကြီး။ ဒီကျောက်ဘီလူးကိုမြင်အောင်ကြည့်ကြ မကြောက်တမ်းကြည့်ကြ စောင်းနေပြီ လဲနေပြီ ပြိုနေပြီ။ ကျုပ်တို့ပြည်သူတွေအသိတရား သတိထားလက်တွဲညီညီသွားပြီး တွန်းချရင်ကို ချောက်ထဲကျတော့မယ်။ ပြည်သူညီရင် မင်းပါတင်းမခံနိုင်တာမဟုတ်ဘူး အယောင်ဆောင်ဘီလူး ကျောက်ရူးကို ပါတွန်းလှန်နိုင်တယ်လို့ တော်လှန်ရေး ငြာသံပေးလိုက်ချင်တယ်ဗျာ။
ဒါကို ဒါဆိုအဘလည်း သဘောတူမယ်ထင်ပါရဲ့။ ကျနော်လည်း မှတ်မှတ်သားသားလေးရှိတယ်ဆိုတာ အဘကိုပြောချင် ပြချင်နေတဲ့ အာသာလည်း ပြေပါပြီ။ နောက်နောင်တွေခရီးသွားရင် သတိထားမှတ်သားရမယ့် ခရီးသွားစာပေတွေ များများပေါ်လာပါစေဗျာ။ အဘကတော့ မေယုကျွန်းကို လှေကလေးနဲ့ထွက်သွားပြီး စာရေးဆရာတစ်ယောက်ရေးသွားတဲ့ ခရီးသွားစာပေဟာ ဗမာပြည်ခရီးသွားစာပေထဲက အကောင်းဆုံးထဲမှာ တစ်ခုပါတယ်လို့မှတ်ချက်ပေးသွားတယ်။ ကျနော်လည်းနောက်ခရီးထွက်ဖြစ်ရင် အဆက်ဘယ်လောက်ပြတ် ပြတ် … ခင်ဗျားဆီစာရေးနေပါ့မယ်။
ချစ်ခင်လေးစားလျက်
ကိုရာဇာ