နိုင်ငံတကာရေးရာ

ရင်လတ်ရှင်နာဝပ်ကို ရာထူးမှ ဖယ်ရှား၊ စီးပွားကူးသန်း ဝန်ကြီးဖြင့် အစားထိုး

မိုးမခအထောက်တော်
မေ ၇၊ ၂၀၁၄

အာဏာ အလွဲသုံးစားမှု ကျူးလွန်သည် ဆိုသည့်အမှုအတွက် ထိုင်းဝန်ကြီးချုပ် ရင်လတ် ရှင်နာဝပ်ကို ရာထူးမှ ဖယ်ရှားရန်  ထိုင်းနိုင်ငံ  အခြေခံဥပဒေဆိုင်ရာ တရားရုံးက ယနေ့ စီရင်ချက်ချလိုက်သည်။

အမျိုးသားလုံခြုံရေး အကြီးအကဲရာထူးကို  ရင်လတ် ရှင်နာဝပ် ရယူခဲ့ခြင်းသည်   အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်ဟု  တရားရုံးက ဆုံးဖြတ်သည်။

ယမန်နေ့က တရားရုံးတွင်မူ ရင်လတ် ရှင်နာဝပ်က သူ့တွင် အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

တရားရုံးက အစိုးရ၀န်ကြီး ၉ ဦးကိုလည်း ရာထူးမှ ဖယ်ရှားရန် စီရင်ချက် ချခဲ့သည်။

ရင်လတ် ရှင်နာဝပ်နှင့် အစိုးရအဖွဲ့ကို ဆန့်ကျင်သူ အများအပြားက လပေါင်းအတန်ကြာ ဘန်ကောက်တွင်  ဆန္ဒပြနေကြချိန်တွင် ဤသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရင်လတ် ရှင်နာဝပ်ကို ထောက်ခံသူအများအပြားကလည်း နိုင်ငံတဝန်းလုံးတွင် ရှိနေသည့်အတွက်  တရားရုံး ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့်အနေဖြင့်  လမ်းပေါ်ထွက် ဆန္ဒပြကြဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံမှ လာသော သတင်းများက ဆိုသည်။

ပြီးခဲ့တဲ့ ၆ လ ဆန္ဒပြမှုများအတွင်း ရိုက်နှက်၊ ပစ်ခတ်၊ ဗုံးခွဲမှုများ ဖြစ်ပွားခဲ့သောကြာင့် သေဆုံးမှု ၂ဝ ဝန်းကျင် ရှိကြောင်း သိရသည်။

ထိုင်းအစိုးရအဖွဲ့က ရင်လတ် ရှင်နာဝပ် နေရာတွင် စီးပွားကူးသန်း ဝန်ကြီး Niwatthamrong Boonsongphaisan ကို အစားထိုး တာဝန်ပေးကြောင်း ကြေညာသည်ဟု သိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts