ရသဆောင်းပါးစုံ

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) – လာခြင်းကောင်းတွေ အထပ်ထပ်နဲ့လူ

နမော ဗုဒ္ဓဿ
လာခြင်းကောင်းတွေ အထပ်ထပ်နဲ့လူ
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မေ ၆၊ ၂၀၁၄

 

 

ဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း အမှတ်တရအဖြစ်နဲ့ ‘‘တိဟိတ်တစ်ဦးရဲ့ မဆုံးသေးတဲ့ခရီး’’ အကြောင်း ဒီလှိုင်းဂျာနယ်မှာ ရေးလိုက်တော့ အဆုံးမှာ ‘‘ပြည်သူအားလုံးအတွက် ဆရာကြီး အမြန်ပြန်လာပါ’’ ဆိုတဲ့ တောင်းဆိုချက်ကလေး အဲဒီစာကို ဖတ်ရတဲ့ လူငယ်တစ်ဦးက ‘‘ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဆရာကြီး အမြန်ပြန်လာနိုင်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်နိုင်ပါသလား၊ လာမယ်လို့ ကော ပြောလို့ရပါသလား’’ လို့ မေးလာပါတယ်။

မိမိက ‘‘အမှန်တကယ် ယုံကြည်နိုင်ပါတယ်၊ လာမယ်လို့လည်း ပြောနိုင်ပါတယ်’’ ဆိုတော့ ‘‘ဘယ်လို အထောက်သာဓကမျိုး ပြနိုင်ပါ သလဲ’’ တဲ့။ သူက မယုံကြည်လို့ မေးတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ဆန္ဒကလည်း အမြန်ပြန်လာစေချင်တာပါပဲ။ ဒါပေမယ့် တပ်အပ်လာမယ်လို့ ကံသေကံမ မပြောနိုင်တဲ့အတွက် မချင့်မရဲဖြစ်နေလို့ ခိုင်မာအောင် မေးနေတာပါ။

သူက အထောက်အထား သာဓကလေးနဲ့သိပြီး အခိုင်အမာဝမ်းသာလိုတဲ့သဘောနဲ့ မေးတာဖြစ်တဲ့အတွက် မိမိပြောခဲ့ဖူးတဲ့ ‘‘မြေပေါ်မှာ ကြာကြာနင်းလိုလျှင် မြေနင်းခကို မှန်မှန်ပေးဆောင်ပါ’’ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ရှင်းပြလိုက်ပါတယ်။

ဒီစကားကို မိမိရဲ့ (၆၈)နှစ်မြောက် မွေးနေ့လက်ဆောင် စကားအဖြစ် (၃ဝ-၁-၂ဝ၁၄) နေ့က ဗီနိုင်းကလေးတွေ လုပ်ပြီး လက်ဆောင် ဒီစာတန်းကို ပေးတုန်းကလည်း စာဖတ်ရှုရသူတစ်ဦးက ‘‘ဒီစကားကို သဘောကျပါတယ်။ ဘယ်လိုအထောက်အထားနဲ့ မိမိရဲ့ ငယ်ဆရာဖြစ်တဲ့ ရွာဦးကျောင်း ဘုန်းတော်ကြီးက သစ်ပင်စိုက်တာ၊ လမ်းတံတားပြုပြင် တည်ဆောက်တာ၊ ရေအိုးစဉ်တည်တာစတဲ့ ပရဟိတအလုပ်တွေကို အလွန်ဝါသနာပါတယ်။ သူ့တပည့်သားတွေကိုလည်း ဒီအမွေကို စဉ်ဆက်မပြတ် ခံယူစေချင်လို့ဇာတ်နိပါတ်သာဓကတွေနဲ့မကြာခဏ ပြောပြလေ့ရှိပါတယ်။

ဆရာတော်ပြောပြတဲ့အထဲက မှတ်မိနေတဲ့ ဇာတ်လမ်းတစ်ခုကတော့ – တစ်ခါက ဒိသာပါမောက္ခဆရာကြီးမှာ အမွေခံသား မထွန်းကားဘဲ သမီးလေးတစ်ဦးသာ ထွန်းကားတယ်။ ဆရာကြီးအရွယ်အိုလာတော့ အရိုက်အရာအဖြစ်နဲ့ဘက်စုံတော်တဲ့ တပည့်တစ်ဦးကို သမီးနဲ့ထိမ်း မြားလက်ဆက်ပြီး အရိုက်အရာလွှဲအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူရွေးချယ်လိုက်တဲ့ လူငယ်က မျိုးရိုးဇာတိကောင်းတဲ့ ရပ်ဝေးဒေသက သူကြီးသား တစ်ဦးပါ။

ရေရှည်စိတ်ချရအောင် အဲဒီသူငယ်ရဲ့ အသက်အပိုင်းအခြားကို ‘‘အာယုဗ္ဗေဒ’’ တွက်နည်းနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါအံ့သြလောက်စရာ တိုက်ဆိုင်မှုလို့ ဆိုရမလားပဲ၊ ‘‘ဒီသူငယ်ဟာ နောက်ခုနစ်ရက်ဆိုရင် အသက်ကုန်တော့မယ်’’ လို့ တွေ့ရတယ်။

ဒါနဲ့ဆရာကြီးက ဒီသူငယ်ကို ခေါ်ပြီး ‘‘မိဘရပ်ထံ ပြန်ရင် ဘယ်လောက်ကြာမလဲ’’ဆိုတာ မေးတော့ ‘‘ခုနစ်ရက်အတွင်းရောက်တယ်’’ဆိုတာ သိရလို့ မိမိရဲ့ ရည်ရွယ်ချက်ကိုဖွင့်ပြောပြီး မိဘနှစ်ပါးကို ပြန်ခေါ်ခိုင်းလိုက်တယ်။ ဒီသူငယ် ပြန်ရောက်လာမယ်ထင်လို့တော့ မဟုတ်ပါဘူး။ အသက်ရှင်လျှက် သူ့မိဘနှစ်ပါး တွေ့သွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

ဒါပေမယ့် ရက်သတ္တ သုံးပတ်လောက်အကြာမှာတော့ သူငယ်နဲ့သူ့မိဘတွေ ဆရာကြီးဆီရောက်လာကြသတဲ့။ ဒီသူငယ်ကို သမီးနဲ့ ထိမ်းမြားပြီး အရိုက်အရာခံအဖြစ်နဲ့ အသက်ရှည်စေလိုတာမှန်ပေမယ့် ပုဏ္ဏားတို့ရဲ့ အနွယ်မှာ ‘‘ဝေဒကျမ်း’’ က တကယ့်အသက် သွေးကြောဖြစ်နေလေတော့ ဒီသူငယ်အသက်ရှင်နေခြင်းဟာ ပုဏ္ဏားအနွယ်ကြီးတစ်ခုလုံးအတွက် အသက်သွေးကြောကြီးအကျိုးအကြောင်း မေးကြည့်တော့ – တပည့်သူငယ်က “အသွားခရီးတုန်းက လေကြီး မိုးကြီးတွေတိုက်ပြီး လမ်းမှာသစ်ပင်တွေလှဲ၊ လမ်းတံတားတွေ ပျက်နဲ့ ကြုံရလို့ ရှင်းလင်းပြုပြင်နေရတဲ့အတွက် ရက်နှစ်ပတ်လောက် ကြာသွားတယ်။ အပြန်မှာတော့ ခရီးလမ်း ချောမွေ့လို့ ထုံးစံအတိုင်း ခုနစ်ရက်အတွင်း ရောက်တယ်’’ ဆိုတဲ့အကြောင်း ရှင်းပြတော့ ဆရာကြီး သက်သာရာ ရသွားတယ်။

‘‘ဝေဒပညာအရ တွက်ချက်ရရှိတဲ့ သက်ပြတ်ကိန်းဆိုတာ လတ်တလော ကြံ့တွေ့ရတဲ့ ယာယီယတြာကိန်းခန်းသာ ဖြစ်တယ်။ ဒီယာယီဖြစ် တဲ့ ယတြာကိန်းခန်းကို အများနဲ့သက်ဆိုင်ပြီး လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားဆောင်ရွက်တဲ့ (ပရဟိတ) လုပ်ငန်းများနဲ့ချေဖျက်နိုင်တယ်’’ ဆိုတဲ့ အသိရရှိသွားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဗေဒင်လောကမှာ ညောင်ထောက်၊ တံတားခင်းဆိုတဲ့ ယတြာချေတဲ့နည်း ပေါ်ပေါက်လာတာတဲ့။ ဒီဖြစ်ရပ်ကလေးကို သတိရမိတဲ့အတွက် ‘‘မြေနင်းခ’’ဆိုတဲ့ စကားလက်ဆောင် လေးကို ပေးခဲ့ဖြစ်တာပါ။

ဒါပေမယ့် ဒါဟာ အများနဲ့သက်ဆိုင်တဲ့ အခက်အခဲကို ဖြေရှင်းပေးတဲ့ ပရဟိတစိတ်ထားနဲ့လုပ်မှသာ ယတြာကျေတယ်။ ကိုယ်ကျိုးငဲ့ပြီး တကယ်မဟုတ်ဘဲ ခလုတ်တိုက်အောင် လမ်းပေါ်မှာ အတုလုပ်တာတွေကတော့ အဲဒီအလုပ်တွေ ကိုယ်တိုင်က အတုအယောင်ယာယီ ယတြာတွေဖြစ်လို့ တကယ်ကြုံတဲ့ ယာယီယတြာကို မချေဖျက်နိုင်ဘူး။ ဒါကြောင့် တကယ်အစစ် ဖြစ်တဲ့ လမ်း၊ တံတား၊ အရိပ်အာဝါသတို့ကို လုပ်ရမယ်လို့ ဆရာသမားက ရှင်းပြပါတယ်။

လောကအကျိုးကို ဆောင်ရွက်တယ်ဆိုတာ မိမိနေထိုင်ရာ လောကမြေပြင်က ထမ်းဆောင်ရမည့်တာဝန်တွေကို တတတ်တအားပါဝင် ကူညီနေခြင်းပဲဖြစ်လို့ မြေရဲ့ဝန်ကို ကူညီထမ်းဆောင်ပေးနေတာလို့လည်း ဆိုနိုင်ပါတယ်။ မြေရဲ့ဝန်ကို ကူညီထမ်းဆောင်ပေးသူကို မြေက လည်း ကျေးဇူးတတင်နဲ့ကြာရှည်ထမ်းဆောင်ပေးပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့တော့ မြေရဲ့ဝန်ကိုမထမ်းဆောင်ဘဲ ကိုယ်ကျိုးအတွက် မြေရဲ့သားသမီးများလို့ ဆိုရမည့် သယံဇာတတွေ၊ သစ်ပင်တောတောင်တွေကို ဖျက်ဆီးသူများ၊မြေရဲ့ဝန်ကို ထမ်းဆောင်နေသူတို့ကို ပြစ်မှားစော်ကားသူများကတော့ မြေကို ဝန်ပိစေတဲ့ ဝန်ထုပ်များလို့ ဆိုရပါလိမ့်မယ်။

သုဂတိလူ့ဘုံရဲ့ မြေပြင်ဟာ သူ့ကို ဝန်ပေါ့စေတဲ့ ဝန်ထမ်းတို့ကို ထမ်းဆောင်ထားရတာနဲ့ပတ်သက်လို့ မညည်းမညူ ကြည်ဖြူပေမယ့် ဆိုး ဝါးတဲ့ လူ့ဝန်ထုပ်များကို ထမ်းဆောင်ရမှာကိုတော့ အလွန်စက်ဆုပ်တဲ့အတွက် မြေပေါ်မှာ ကြာရှည်နင်းခွင့်မပေးဘဲ ငါးရာ့ငါးဆယ် ဇာတ်တော်တွေထဲမှာ ကျေးဇူးရှင်တွေကို ကျေးဇူးကန်း၊ သူတော်စင်တွေကို ပြစ်မှားစော်ကားတဲ့ ဒေဝဒတ်အလောင်း မြေမျိုခံရတာနဲ့ ပတ်သက်လို့ အဠကထာဆရာတော်ကြီးက ‘‘မစင်ဘင်ပုပ်လို အညစ်အကြေးတွေ၊ သမုဒ္ဒရာတို့၊ မြင်းမိုရ်တောင်တို့လို လေးလံတဲ့အရာတွေကို ထမ်းဆောင်ရတာကိုပင် စက်ဆုပ်ရွံရှာဖွယ်များ၊ လေးလံတဲ့အရာများလို့ မညည်းမညူ ကြည်ဖြူစွာ ထမ်းဆောင်ထားတဲ့ မဟာပထဝီမြေကြီး က ဒီလို သူယုတ်မာမျိုးကို ထမ်းဆောင်ထားရမှာကိုတော့ အလွန်စက်ဆုပ်ရွံရှာလှတဲ့အတွက် မြေပေါ်မှာ နင်းခွင့်မပေးဘဲ မြေတွင်းထဲကို ဆွဲမျိုပြီး မြေအောက်အဝီစိအထိ ပို့လိုက်တယ်’’ လို့ ရေးဖွဲ့ပါတယ်။

မြေကို ဝန်ပေါ့စေသူတို့က မြေနင်းခမှန်မှန်ပေးတဲ့အတွက် မြေပေါ်မှာ ကြာကြာနင်းခွင့်ရတယ်ဆိုတာ တစ်ဘဝ အသက်ရှည်ကြာနေခွင့် ရကာမတ္တကိုသာဆိုလိုတာ မဟုတ်ပါဘူး။ ဘဝတစ်ခု သက်တမ်းပြည့်နေပြီးရင်လည်း နောက်ထပ်ဘဝများစွာ ဆက်လက်နင်းခွင့်၊ ပြန်လည်မွေးဖွားနေထိုင်ခွင့်ရနိုင်တယ်လို့ ဆိုလိုတာပါ။ မြေပေါ်မှာ နင်းနေပေမယ့် မြေနင်းခမပေးဘဲ မြေရဲ့ ရင်သွေးပမာဖြစ်တဲ့ ရတနာတွေကို ကိုယ်ကျိုးအတွက် သိမ်းပိုက်နေသူတို့ကတော့ သူတို့ လုပ်ဆောင်သိမ်းပိုက်သမျှဟာ မြေနင်းခ မဖြစ်ဘဲ မြေဆင်းခ ဖြစ်သွားကြမှာပါ။ မြေနင်းခပေးနေသူတို့က ဘဝအဆက်ဆက် သုဂတိမြေပေါ်မှာ နင်းခွင့်ရနေကြပေမယ့် မြေဆင်းခဖြစ်အောင် လုပ်နေသူတို့ ကတော့ မြေတွင်းကျပြီးရင် မြေပေါ်ပြန်နင်းခွင့် တော်တော်နဲ့မရနိုင်ကြတော့ဘူးဆိုတာ ဇာတ်တော်တို့၊ ဓမ္မပဒတို့မှာပါတဲ့ မြေတွင်းကျသူတို့ အကြောင်းကို ဆင်ခြင်ကြည့်ရင် သိသာပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ သုဂတိမြေမှာ နင်းနေစဉ်ကာလတစ်လျှောက် ကိုယ်ကျိုးလုံးဝမဖက်ဘဲ လောကကျိုးကို ဆောင်ရွက်ခြင်းဆိုတဲ့ မြေနင်းခကို နောက်ဆုံးအသက် ရှုခွင့်ရချိန်အထိ ပေးသွားခဲ့သူပါ။ မြေပေါ်မှာ နေခြင်းကောင်းနဲ့နေသွားသူများဟာ ‘‘အာဂတေ အာနန္ဒော = ရောက်လာတာက ကြည်နူးဝမ်းသာစရာဖြစ်ပြီး၊ ဂတေသောကော = ခွဲခွါသွားရတာက ကြေကွဲဝမ်းနည်းစရာကောင်းသူဖြစ်လို့၊ သွာဂတ = လာခြင်းကောင်းသူ’’ လို့ အကထာဆရာက ဖွင့်ဆိုပါတယ်။

လာခြင်းကောင်းသူ ပီသကြောင်း နေခြင်းကောင်းနဲ့နေပြသူမှန်သမျှ သုဂတိလူ့ဘုံကိုလည်း အကြိမ်ကြိမ်ပြန်လာခွင့်ရှိ ကြတယ်ဆိုတာကို ကမ္မဿကတ သမ္မာဒိဌိအယူရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တိုင်းက အခိုင်အမာ ယုံကြည်လက်ခံကြပါတယ်။ ဒါကြောင့် ဆရာကြီးဦးဝင်းတင်လည်း သုဂတိလူ့ဘုံကို အမြန်ပြန်ရောက်မယ်လို့ ပြောနိုင်ပါတယ်’’ဆိုတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။

မေးတဲ့လူငယ်က ဗုဒ္ဓစာပေဗဟုသုတ အထိုက်အလျှောက်ရှိပုံရပါတယ်။ ‘‘သုဂတိဘုံကို ပြန်လာခွင့်ရှိတယ်ဆိုတော့ အထက်နတ်ဘုံတွေကို ရော ရောက်မသွားနိုင်ဘူးလား။ လူ့ဘုံကို ပြန်ရောက်တယ်ဆိုရင်လည်း တခြားနိုင်ငံတွေကိုရော ရောက်မသွားနိုင်ဘူးလား။ မြန်မာပြည်မှာပဲ လူပြန်ဖြစ်မယ်လို့ ဆိုနိုင်ပါ့မလား’’ လို့ ဆက်မေးနေပါတယ်။ ပြန်လာနိုင်တယ်ဆိုတာကို ယုံကြည်ပေမယ့် ဆရာကြီး မြန်မာပြည်ပြန်မလာမှာကို စိုးရိမ်လို့ မချင့်မရဲမေးနေတာလို့ သဘောပေါက်လိုက်ပါတယ်။

ဒီအတွက်တော့ မစိုးရိမ်ပါနဲ့၊ မြတ်စွာဘုရားဟောတော်မူတဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ ‘‘ဥပါဒါန ပစ္စယာ ဘဝေါ – စွဲလမ်းမှုရှိတဲ့အတိုင်း ဘဝဖြစ်တယ်’’ လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ အလွန်ထင်ရှားတဲ့ သာဓကတစ်ခုလည်း အဌကထာဆရာက မြတ်စွာဘုရားရဲ့ ကျောင်း ဒကာကြီးတစ်ဦးဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးဆိုတာ သောတာပန်အရိယာပုဂ္ဂိုလ်ကြီးပါ။ မင်းကြီးနတ်ရွာစံတဲ့အခါ နတ်ပြည်ခြောက်ထပ်မှာ အနိမ့်ဆုံးဖြစ်တဲ့ စတုမဟာရာဇ်နတ်ဘုံမှာသာ ဖြစ်ရပါတယ်။

သောတာပန်အရိယာပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် အထက်နတ်ဘုံတွေမှာဖြစ်ခွင့် ရှိပါလျှက် ဘာကြောင့် အနိမ့်ဆုံးနတ်ဘုံမှာသာ ဖြစ်ရသလဲ ဆိုတော့ မင်းကြီးက အရင် ဆယ့်လေးဘဝလောက်အထိ စတုမဟာရာဇ်နတ်ဘုံမှာ ဖြစ်ခဲ့ဖူးတာကြောင့် စာတုမဟာရာဇ်နတ်ဘုံကိုသာ ဥပါဒါန်စွဲလမ်းနေတဲ့အတွက် စွဲလမ်းရာဘုံမှာပဲ ဖြစ်ရတာလို့ အဌကထာဆရာက ရှင်းပြပါတယ်။

အခု ဆရာကြီးဦးဝင်းတင်ဟာလည်း မြန်မာပြည်သူတို့ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေးအပေါ်မှာသာ နောက်ဆုံးအချိန်အထိ တစ်သမတ်တည်း စွဲလမ်းခဲ့တာဖြစ်လို့ သူဥပါဒါန်ရှိရာ မြန်မာပြည်ကိုပဲ ပြန်ရောက်မှာပါလို့ ရှင်းပြလိုက်ရပါတယ်။

လူငယ်တွေ မြတ်ဗုဒ္ဓရဲ့ ‘‘ဥပါဒါန ပစ္စယာ ဘဝေါ’’ ဆိုတဲ့ ဒေသနာတော်ပေါ်မှာလည်း သံသယကင်း၊ မြေနင်းခကိုလည်း အားတက်သရော ပိုမိုပေးဆောင်နိုင်စေဖို့အတွက် ဆရာကြီး အမြန် ပြန်လာပြပါ။ ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
(၃ – ၅ – ၂ဝ၁၄)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts