သူတို့ဖက်ကတော့..သုံး ၊ ကိုယ့်ဖက်ကတော့..လေး
(မီးခိုးကြွက်လျှောက် အတွေးများ -၃)
မောင်မောင်လတ် (ရွှေအင်းလေး စာပေ)မေ ၅၊ ၂၀၁၄
ကံကောင်းချင်တော့ သူမျက်နှာမူ လမ်းလျှောက်ရာအရပ်က အရှေ့ ဖက်စူးစူး
ဘူတာရုံငယ်တခုဆီ ဖြစ်နေခြင်းပင် ၊မနက်(၁၀)နာရီခန့် သာသာ…တက်နေ-
တက်ချိန်နဲ့အတူ အရှေ့ ဖက် ဦးတည် လမ်းလျှောက်နေသူက ….လမ်းမပေါ်
သူတယောက်ထည်းသာ…၊၊အသုံးအဆောင်ပစ္စည်း အနဲအကျဉ်းနဲ့ ဝတ်စုံတချို့ ထည့်ထားတဲ့…လွာ်အိတ်က
၃မိုင်ကျော် ဆက်လျှောက်ရမဲ့ သူ့ခရီးအတွက်..အနှောက်အယှက်မပေးနိုင်..၊
အရှိန်တက်စ-ပူပြင်းစ နေအပူချိန်က သူ့အိမ်အပြန်ခရီးကို မနှောင့်နှေးနိုင်..၊
လမ်းဘေး ကြံပင်တွေကို ကြည်စယ်ကလူပြီး ရောက်လာတဲ့ လေအေးတွေက
သူ့အပေါ် မအေးမြနိုင်…၊၊တလှမ်းပြီးတလှမ်း နောက်ကျကျန်ရစ်ခဲ့သောရဲဘက်အကျဉ်းစခန်း နဲ့ တလှမ်းပြီး
တလှမ်း နီးကပ်လာတဲ့ဘူတာရုံငယ်အကြား…သူ့ရင်ထဲက အတွေးတွေက………
နုပျိုလန်းဆန်းနေမယ်မဟုတ်တာကတော့ အသေအချာပင်….၊ပူပြင်းခြင်း ၊
ရှုပ်ထွေးခြင်း ၊အထီးကျန်ခြင်း ၊ မျှော်လင့်ချက် ပြိုကွဲခြင်း ၊အနာဂတ်ပျောက်ဆုံးခြင်း
တို့ထက် ယခုအချိန် တက်နေနှင့် မျက်နှာခြင်းဆိုင်ရှိနေခြင်းအပေါ် အနည်းငယ်
ကျေနပ်ခြင်းမျိုး သူခံစားထိတွေ့ နေခြင်းမှာ မရေရာ မသေချာ လမ်းပျောက်နေသူ..
သူ့အတွက် မဆိုစလောက် စိတ်သက်သာစရာ..ဖြေ့ တွေးချင်စရာပင်….. ၊၊ငယ်စဉ်ကထည်းက တက်နေနဲ့အပြိုင် တောက်ပတဲ့အလင်းနဲ့အတူ…..
သူ့ရည်မှန်းချက် – သူ့အနာဂတ်အတွက် ပြင်ဆင် အပတ်တကုတ် ကျိုးစား.
ခဲ့၍လည်း ယခုလို တက်နေနှင့် မျက်နှာချင်းဆိုင် ရှိနေခြင်းက အဆိုးထဲက
အကောင်းအတိတ်နိမိတ်လား ? ..တဒင်္ဂစိတ်ခွန်အား ဖြညဖို့အတွက်လား ?
တိတိကျကျ တပ်အပ် မပြောနိုင်….၊၊အချိန်မှန်ရောက်မလာနိုင်တဲ့ဈေးကြိုကားကို မစောင့်နိုင်သူအဖို့…အချိန်မှန်
ရောက်မလာသေးတဲ့ရထားအတွက် ပိုပြီး ထူးထူးခြားခြား ခံစားမှု မဖြစ်ခဲ့..၊
စောင့်နေယုံ ၊မျှော်နေယုံ ၊ တွေးနေယုံကလွဲပြီး..ယခုအချိန် သူ့အတွက်
အရာရာ ဟင်းလင်းပြင်သက်သက်….၊၊` အိမ်အပြန် ၊ အမေ့အိမ်အပြန် ၊ ဇာတိချက်ကြွေ မွေးရပ်မြေအပြန် ၊
ချစ်သူရင်ခွင်အပြန် ခရီးက မလှမပ ၊ မဝံ့မရဲ ၊ စိုးတထိတ်ထိတ်…………….၊
ရည်မှန်းချက်ပျက်၊ အနာဂတ်ကင်းမဲ့၊ဗလာသက်သက် အပြန်ခရီးက မလှမပ..၊
အောင်မြင်မှုဆုံးရှုံး၊အချစ်နဲ့ ဘဝတိုက်ပွဲ ရှုံးနိမ့်လာခဲ့သူအပြန်ခရီးက မဝံ့မရဲ..၊
ဆုံးရှုံးမှု့ တပွေ့ တပိုက်နဲ့ ပြန်လာသူအပေါ် မိဘ သားချင်း ၊ကြင်သူသက်ထားတို့ရဲ့ 
တုန့်ပြန် ရောင်ပြန်ဟပ်မှုအပေါ် စိုးတထိတ်ထိတ်……..၊၊ကျိုးစားခဲ့သမျှ သဲထဲရေသွန် ၊တောက်ပတဲ့အနာဂတ်တခုလုံး တစစီ ကွဲကြေ
ခဲ့ရတဲ့တကိုယ်ရည်ပြန်လာသူတယောက်ရဲ့  ရင်ခွင်ထဲ မျှော်လင့်ချက် ….
တပုံတပင်နဲ့မဟုတ်…ထောင်ထွက်လက်မှတ်တစောင်သာပိုက်၍ ပြန်လာခဲ့ခြင်းသာ၊၊
အမှန်တရားတခုအတွက် –အများအတွက်ရယ်လို့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်
လုပ်ဆောင်ခဲ့တဲ့အဖြေရလာဒ်က ထောင်ထွက်လက်မှတ်တစောင်နဲ့
ဗလာသက်သက် လက်မဲ့သက်သက်သာ…..၊၊အေးမြတဲ့မိဘရဲ့  အရိပ်အောက်၊ြိမ်းအေးတဲ့သွေးချင်းတို့ရဲ့ အရိပ်အောက်…
အရောက်ပြန်ဖို့ အသဲအသန်အားယူပြင်ဆင်ခဲ့ရတဲ့အဖြစ်နဲ့အတူ…….
နိုင်စေချင်တဲ့စစ်ပွဲကိုမှ ရှုံးနိမ့်ပြန်လာသူတယောက် အပေါ် အယူခံခွင့်..
ပေးနိုင်ပါ့မလား……ရယ်တဲ့စိုးထိတ်စိတ်တွေက ရထားခုတ်သံနဲ့ အပြိုင်…၊၊အေးမြတဲ့မိဘ မေတ္တာအတွက် ယုံမှား သံသယ စိုးစေ့မျှ မရှိ ၊ အေးမြတဲ့
သွေးချင်း မောင်နှမတွေရဲ့  ကြင်နာခြင်း နွေးထွေးခြင်းအပေါ် မေးခွန်းထုတ်
ဆန်းစစ်ရန်မလို ၊ ကြင်သူ ရည်ရွှယ်သူတယောက် ကော စစ်ရှုံးသမားတယောက်
မျက်နှာတော်ဖူးမြော်ခွင့်…အယူခံလျှောက်ထားခွင့်အပေါ်……………? ? ? …၊၊ရထားအပေါ် လိုက်ပါလာသူတယောက် ရထားနဲ့အတူ အရှေ့ ဖက်ကို
ရွှေ့ လျား လိုက်ပါနေပေမဲ့သူ့အတွေး အသိတွေက
အနောက်ဖက် ဆန့်ကျင်ဖက်အရပ်ဆီ တရွှေ့ ရွှေ့  …တရိပ်ရိပ်……..၊၊အချိန်ကာလကလဲ မကြာသေး ၊ဖြစ်ပျက်ခဲ့တာ ရှုပ်ရှုပ်ထွေးထွေး မရှိခဲ့လို..
မြင်ကွင်းက ရှင်းရှင်းလင်းလင်း….၊ တပြည်သားလုံး လုပ်ရိုး လုပ်စဉ် ……
နေမြဲ နေဆဲ..သွားမြဲ သွားဆဲကနေ အခြေအနေအရပ်ရပ်တွေက အပြောင်းအလဲ
တခုဆီ တရွှေ့ ရွှေ့ ဦးတည်နေစဉ်အချိန် သူတယောက် မြန်မာ့တပ်မတော်..
ရေတပ် စက်မှုလက်မှုတပ်ရင်းမှာ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်နေဆဲ…၊၊အရပ်ထဲ ..လူစည်ကားရာနေရာတွေအတွင်း တိုးတိုး ရင်ဖွင့်သံတွေ ကြားနေရင်း.
တစတစ ကျယ်လောင်လာ တစတစလှုပ်ရှားမှုတွေ များများလာတော့……….
သူတယောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့ …..သူ့လုပ်ဖော်ကိုင်ဖက်၊
ရေတပ်အခြေခံ စက်မှုလက်မှုသင်တန်း အမှတ်စဉ် ၁ /၈၅ ဆင်းဖက်သူငယ်ချင်းတွေ
စုရုံးစုရုံး. .တီးတီုး .တီးတိုး…….၊ သူ့အား သီးသန့်အဆောင်နံဘေး ကွက်လပ်….
သစ်ပင်အောက်ခေါ်မေးမြန်းချိန်မှတော့သူ့အဖြေက ပကတိပြတ်ပြတ်သားသား…
မတုန့်ဆိုင်း မနှောင့်နှေးခဲ့ ၊ပြည်သူကနေ ပေါက်ဖွားလာတဲ့တပ်မတော်သား
တယောက်အနေနဲ့ ပြည်သူအတွက် ပြည်သူ့ဆန္ဒအတွက် …………..
သေအတူ ရှင်မခွာ လက်တွဲမည်ဟုသာပင်…………..၊၊အကြိမ်ကြိမ် အခါခါ ညှိနှိုင်း အတည်ပြုချက်အရ…စထွက်သည့်နေ့က…မှတ်မှတ်ရရ
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၈) ရက်..မနက် (၈) နာရီတိတိ……၊ စုရပ်ကနေ…….
သတ်မှတ်နာရီ ရောက်တာနှင့်… လမ်းမပေါ် ခြေအချ……. ဟေး..တို့တပ်မတော်ကွ…
လို့ အော်ဟစ်သံကြီး ကြားလိုက်မိကထည်းက လူနှင့်စိတ် မကပ်ချင်တော့….
သတိလက်လွတ်မတတ်..ချက်ချင်းဆိုသလို စစ်ကြောင်း ချီတက်တဲ့ပုံစံအတိုင်း..
အမြန်စုစည်းလိုက်တော့ တခဏချင်း လူပင်လယ်ထဲ စီးဝင်သွားခဲ့ရတဲ့အဖြစ်…
ပြည်သူ့တပ်မတော် … တို့တပ်မတော်ရယ်လို့ ကြွေးကြော်အော်ဟစ်သံတွေ…
လက်ခုတ်တီးသံ ၊ လက်ခေါက်မှုတ်သံတွေက လိပ်ပြာစင်လုမတတ်….၊၊ရဟန်းသံယာတွေ..ဖြူစိမ်းဝတ် ကျောင်းသူ ကျောင်းသားတွေက သူအပါအဝင်…
ရေတပ်စစ်သည် (၃၁) ယောက်ကို ပတ်ပတ်လည် လက်ချင်းချိတ် ဝန်းရံ…..
လုံခြုံရေး ယူထားတဲ့ကြားက ပြည်သူတွေမထိမ်းနိုင် မသိမ်းနိုင်…အတင်း …
ပန်းကုံးတွေသွပ်ကြ ၊ ပွေ့ ဖက်ကြ..လက်မလွတ်တမ်း လက်ဆွဲနှုတ်ဆက်ကြနဲ့
အရာရာ ကြည်ကြည်လင်လင် မမြင်နိုင်တော့ ..လေဟာပြင်ထဲ စမ်းတဝါးဝါး…
လမ်းလျှောက်နေသလို…အသက်ကြီးသူတချို့ က မျက်ရည်စတွေ ..မျက်ရည်တွေနဲ
လာပွေ့ ဖက်တော့ တုန့်ပြန်နှုတ်ဆက်စကားမဆိုန်ုင်တော့….ရင်ထဲစို့နစ်လျှက်
သူအပါအဝင်…ကျန်ရဲဘော်တွေလဲ…မျက်ရည်ကိုယ်စီနဲ့…………………..အော်….
ပြည်သူလဲငို တပ်မတော်သားလဲငို…..၊ပြည်သူတွေလဲပြုံး..တပ်မတော်သားလဲပြုံး
ပြည်သူနဲ့ တပ်မတော် တသွေးထဲ တသားထဲ ကျခဲ့ရတဲ့နေ့တနေ့ပါလား…..၊၊မဟာ အောက်တိုဘာ တော်လှန်ရေးရဲ့  ပထမဦးဆုံး အစ ပထမ ရေတပ် ရဲ့ 
အမြောက်သံတချက်အလား….ပြည်သူ့တပ်မတော် ရေတပ်သားများ……..
ဒီမိုကရေစီဆန္ဒပြပွဲ မှာ လာရောက်ပူးပေါင်းကြပြီ ဆိုတဲ့ သတင်းစကားက..
တောမီးပမာ ပျံနှံသွားခဲ့တော့….လူထုကြီးက မျက်စေ့ တဆုံး….၊အော်ဟစ်
ကြွေးကြော်သံတွေက ကမ္ဘာကြီးတခုလုံးတုန်ခါယမ်းသွားမလား…….
ထင်ယောင်ထင်မှား…အပြုံးတွေ ၊လက်ခုတ်သံတွေ..မျက်ရည်တွေ ..
ဂုဏ်ပြု ကြွေးကြော်သံတွေ..ပန်းကုံးတွေ..နှုတ်ဆက် အနမ်းတွေ ………..
စစ်ချီသီချင်းတွေ ပေါင်းစုံစည်းတဲ့ အဖြစ်ဟာ…အိမ်မက်မဟုတ်..၊ရုပ်ရှင် ပြကွက်
မဟုတ် ၊ အခြားအခြားသော တိုင်းပြည်က အဖြစ်အပျက်မဟုတ်……………၊၊၁၉၈၈ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့ရေတပ်မတော်မှ ရေတပ်စစ်သည်…
(၃၁) ယောက် ရဲရဲတောက် ဒီမိုကရေစီအရေးတော်ပုံတပ်သားအဖြစ် ….
ပြောင်းလဲခဲ့တဲ့အဖြစ်အပျက်ကြီး..စွန့် လွှတ် စွန့် စားမှုအပြည့် …..
အားမာန် အပြည့်  နှင့်………၊မူလ ရည်ရွှယ် စီမံထားတဲ့..သရက်တော
ကျောင်းတိုက်ဝင်းအတွင်း…အခန်းကျယ်တခုအရောက်…ရဟန်းသံယာ…
ကျောင်းသူကျောင်းသားများ ၊ရပ်မိ ရပ်ဖများက လုံခြုံရေးအတွက်…
၃ထပ်၃ရံဝိုင်းရံတားဆီးပေးခဲ့တာ မေ့ရက်စရာမရှိ…..၊ပြည်သူတွေကို..
ချစ်တဲ့တပ်မတော်သားတွေကိုပြည်သူတွေက ရင်ဝယ်သားပမာ…
ထွေးပိုက် ကြင်နာ ဂရုစိုက်လွန်းတော့…တချိန်က ယူနီဖောင်းအတွက်
စိတ်မလုံမလဲ…၊လိပ်ပြာမသန့် ချင်တော့…..၊၊လုံခြုံရေးအတွက် ၃ ထပ် ၃ ရံ ကာရံထားတဲ့ကြားကနေ ပြည်တွင်းပြည်ပ
သတင်းသမားတွေက သတင်းယူ အင်တာဗျူးလုပ်လို့လဲ မပြီးနိုင် မစီးနိုင်..
ကင်မရာမီးရောင်က တဖျပ်ဖျပ်….၊အခြား အခြားသော အဖွဲ့ အသီးသီးက
ခေါင်းဆောင်တွေလဲ ဝင်လာ မစဲ တသဲသဲ ၊အားပေးလျှက်..ကြိုဆိုလျှက် ၊
မိမိသဘောဆန္ဒအလျှောက် စစ်ဝတ် စစ်စားယူနီဖောင်းနဲ့အတူ…….
ပြည်သူလူထုနှင့်လာရောက်ပူးပေါင်းလာသော သူနှင့်တကွ..ရေတပ်
စစ်သည် (၃၁)ယောက်အတွက် ရှေ့ ဆက်ခရီး..၊ရှေ့ လုပ်ငန်းစဉ်အတွက်
ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေ ..လူကြီးတွေနဲ့ တိုင်ပင်နေဆဲ…….
ရေတပ်အရာရှိဟောင်း စာရေးဆရာ ဗိုလ်မှူး သော်က အပြေးအလွှား…
ရောက်လာခဲ့၍လည်း စိတ်ထဲ တတပ်တအား ကြည်နူးခံစားခဲ့ရတာ
မနေ့တနေ့လို ပူပူနွေးနွေး ကြည်ကြည်နူးနူး…….၊၊ဝိုင်းဝန်း ဝိုင်းရံထား လုံခြုံရေးယူထားတဲ့ကြားကနေ…..သတင်းကြားရာ
အရပ်ကနေ လာရောက် အားပေးကြတဲ့ပြည်သူတွေက ဆထက်တံပိုး
တိုးတိုးလာခဲ့၍လည်း အခြေအနေက တစုတပေါင်းထဲ လူမြင်ကွင်းရှေ့ 
ဆက်နေရန်မဖြစ်နိုင်တော့…..၊ စာရေးဆရာ ဗိုလ်မှူးသော်ကမှ…….
သူရဲ့ မိတ်ဆွေရင်း.စပယ်ဦး ဦးတင်စိုး နဲ့တိုင်ပင်ကာ သူနှင့်တကွ …..
ရေတပ်စစ်သည် သုံးကျိပ်တို့အား မြို့ လယ် ဘားလမ်းတဝိုက်…
နေ ရာဖြန့်ကျက်ပေးခဲ့ရ………..၊၊အစုဖွဲ့ ငယ်အလိုက် ဖြန့် ကျက်နေရင်း စုပေါင်းဆန္ဒပြပွဲ၃ကြိမ်တိတိ ပါဝင်
ဆင်နွဲပြီးတဲ့အချိန်…ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရတင်ဦးမှ..
လာရောက်တွေ့ ဆုံ သြဝါဒစကားပြောခဲ့တာလဲ…အမှတ်ထင်ထင်ဖြစ်ရပ်တခု ၊၊ဗိုလ်ချုပ်ကြီး သူရတင်ဦးရဲ့  သြဝါဒခံယူပွဲပြီးတဲ့နောက် ၂ရက်အကြာ………
တငွေ့ ငွေ့ တောက်လောင် အားပြင်းစဒီမိုကရေစီအလင်းရောင်မီးကြီး…
ရုတ်တရက်ငြိမ်သက်ခဲ့ရပြီးနောက်….သူနှင့်တကွ ဒီမိုကရေစိ…
တိုက်ပွဲဝင် ရေတပ် စစ်သည်များ အမှောင်ထုအောက် အကွဲကွဲ အပြားပြား
လွင့်စင်သွားရာကနေ ကြိုတင် စီမံထားတဲ့ကျောက်တန်းမြို့နယ်…(….)
ကျေးရွာလေးတရွာဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တာလဲ….
ဘဝရဲ့  အရေးကြီးတဲ့ အလှည့်အပြောင်းတခုပင်……..၊၊ငုတ်မိသဲတိုင်…တက်နိုင်ဖျားရောက်…ဆိုသလို အဆုံးစွန်တိုက်ပွဲအတွက်…
ဖောင်ကို ဖျက်စီးလိုက်ပေမဲ့…တိုက်ပွဲက မအောင်မြင်သေး…၊တကျော့ပြန်
အတွက် ဆွေးနွေးအဖြေရှာရာကနေ…အရှေ့ ဖက် နဲ့ အနောက်ဖက်……
လမ်းနှစ်သွယ်..ဖန်တီးဖြစ်လာခဲ့ရ…၊အရှေ့ ဖက် စုရပ်နဲ့ အနောက်ဖက်စုရပ်
တို့အတွက် အသီးသီးသော ဆက်သားများနှင့် လှုပ်ရှား ချိတ်ဆက်မိအောင်
လုံးပမ်းနေရင်း တနေ့ပြီးတနေ့ ကုန်ဆုံးလာတော့သတင်းပေါက်ကြားသွား
ခဲ့တာက အရှုံးနိဂုံးရဲ့ အစပထမပင်သာ…..၊၊အစပထမ သိုသိုသိပ်သိပ် တပ်ဖျောက်ပြီး နယ်မြေတခုလုံး ကြည်းတပ်၊ ရေတပ်
ပူးပေါင်းပိတ်ဆို့ချိန် မျှော်လင့်နေတဲ့ ရှေ့ ပြေးဆက်သားများနှင့် ကွင်းဆက်
ပြတ်တောက်သွားခဲ့ရတာ သူနှင့်တကွ တဖွဲ့ လုံးအတွက် မဟာဆုံးရှုံးမှုတရပ်ပင်
ကြာလေ နစ်လေ…ရှေ့ပြေးဆက်သားနဲ့ မချိတ်ဆက်နိုင်ခြင်းကတဖက်…၊
ကြည်းတပ် ရေတပ် ပိတ်ဆို့မှု ပို၍အရှိန်မြင့်လာ.. ပိုပိုက်စိတ်တိုက်လာခြင်းက
တဖက်၊ အချိန်နဲ့အမျှ ရပ်တည်လှုပ်ရှားနေသော ဝပ်ကျင်းအတွင်း …….
မလူးသာ မလိမ့်သာ…..။ နယ်မြေကျဉ်းမြောင်းလေ…ပိတ်ဆို့မှုအားကောင်းလေ၊
အိပ်မပျှော်တဲ့ညတာ ရှည်လေ…….၊၊တရက် ၊ တနာရီ ၊ တမိနစ် ၊ တစက္ကန့်အလိုက် ဆုံးဖြတ်ချက်တခုအတွက်
နောက်မှ အတင်းတွန်းအားပေးသယောင်ယောင် ၊ လူသားတယောက်……..
ယောင်္ကျားကောင်းတယောက်…တပ်မတော်သားတယောက်အတွက်…..
အခက်အခဲဆုံး ၊ အကြမ်းတမ်းဆုံး ၊ အခါးသီးဆုံး ဆုံးဖြတ်ချက်တခုအတွက်..
ခန္ဓာကိုယ်တွင်းရှိ သွေးကြောများ ပြတ်လုမတတ် ၊ အံကြိတ်ထားတဲ့….
သွားများ ကျိုးပြတ်လုမတတ် ၊ နာကျင်နေသောနှလုံးသား ကွဲလုမတတ်…..၊
ကိုယ့်မိခင်တပ်ဆီ အရောက်ပြန် အရှုံးပေး အညံ့ခံလိုက်မယ်ဆိုတဲ့….
ဆုံးဖြတ်ချက်အတွက်…ရှက်စိတ် ၊ နာကျည်းစိတ် ၊ ဝမ်းနည်းယူကြုံးမရ..
ခံစားချက်နဲ့အတူ မြေပြင်ပေါ် လဲပြိုလုလု……. လုပ်ရဲရင်ခံရဲရမယ်ဆိုတဲ့
အသိစိတ်နဲ့အတူ…ကျားကန်ခြေစုံရပ်လျှက်…..သတိမဲ့..အသိမဲ့…အတွေးမဲ့.
အမှောင်ထုအောက် သက်မဲ့ကျောက်ရုပ်သဖွယ်…..၊၊အထပ်ထပ် ပိတ်ဆို့ထားတဲ့ကြားကနေ ရုပ်ပြောင်း ရုပ်လွဲ သဏ္ဍာန်အမျိုးမျိုးနဲ့
ရှာကြံထိုးဖောက်ပြီး မိခင်ရေတပ် စက်မှုလက်မှုတပ်ရင်းအရောက်……..
ကြင်နာခြင်းတဝက်… ဝမ်းနည်းခြင်းတဝက်နဲ့တမျိုး…စိတ်ဆိုးဒေါသဖြစ်ခြင်း
တဝက်….ခွင့်လွှတ် စာနာခြင်းတဝက်ရယ်တဖုံ…ကြုံဆုံရတော့…………
ခဲရာခဲဆစ် အမောတကော ပြန်လာသူတယောက်အတွက် …….
ဝမ်းနည်းဝမ်းသာ ဖြေမဆည်နိုင်ခဲ့ …..၊၊၁၅ ရက်တာမျှ…တပ်ရင်း အချုပ်ကျခံရာမှ …အမိန့်ချမှတ်တဲ့နေ့……..
စစ်ခုံရုံးအသွား…သူ့စိတ်ထဲ ထူးထူးထွေထွေခံစားမှု မဖြစ်ပေါ်ခဲ့…..၊လျှော့ပေါ့
အပြစ်ဒဏ်အငယ်နဲ့အတူ တပ်မတော်မှ ထုတ်ပယ်လိုက်မည့်အမိန့်အပေါ် ..
ယုံကြည်မျှော်လင့်တာလဲ အပါအဝင်……၊ လုံခြုံရေး အစောင့်ရဲဘော်နှင့်အတူ…
လမ်းလျှောက်လာသော သူ့အဖြစ် သူ့အနေအထားက…..ညနေအလုပ်ပြီးချိန်..
ပုံမှန် လ္ဘက်ရည်ဆိုင်အသွား…သာမန်ခြေလှမ်းမျိုးသာ…..၊၊မနီးမဝေး တခေါ်သာသာ ဝေးတဲ့စစ်ခုံရုံးအရောက် တပ်ရဲတာဝန်ခံကို…
ကားနဲ့အတူ တွေ့ လိုက်ရတော့..သူ့ခြေလှမ်း သူ့အတွေးအေးတွေက
ခဏတုန့်ဆိုင်သလိုလို….ဟန်ကိုယ်ဖို့ မာန်ကိုယ်ဖို့ရယ်နဲ့…အားတင်းပြီး
စစ်ခုံရုံးရှေ့  အရောက် ခုံရုံးတရားသူကြီး သူ့တပ်ရင်းမှူးကိုအလေးပြု…
သတိဆွဲပြီး..အမိန့် နာခံတော့……….ရင်ဘတ်ထဲက …..သူ့နှလုံးသားက
တဖျပ်ဖျပ်…တလျှပ်လျှပ်…၊ ညနေ အပူရှိန်နဲ့ပူလောင်နေလဲ သူ့သွေးက
အေးခဲ နေသလို….၊အနီးဆုံးနေရာက ပုံမှန်ပြတ်သားစွာ ဖတ်ပြနေတဲ့..
အမိန့် စာကို မကြားတချက် ကြားတချက်….၊ နီးသွားလိုက် ဝေးသွားလိုက်..၊
အာရုံတွေ အမြန်ဆုံးစုစည်းဖို့ အားအယူ………………………………….
ထောင်ဒဏ် တနှစ် ချမှတ်လိုက်သည် …….ဆိုသောအမိန့် သံက သူ့နားထဲ
သံရည်ပူလောင်းထည့်လိုက်သလို..ခန္ဓာကိုယ်တခုလုံး သံသတ္တု ရုပ်ကြွင်း……၊၊အံ့သြမှင်သက်ခြင်းနဲ့ နှစ်သိမ့်ဖြေသိမ့်ခြင်းအကြား………..
ရင်ဆိုင်မယ်အသိစိတ်နဲ့ ဥပက္ခာပြုမယ့် မသိစိတ်အကြား…..
ရှေ့ သို့လှမ်းမဲ့ခြေလှမ်းနဲ့ ရပ်မြဲ ရပ်နေဆဲ ခြေလှမ်းအကြား…….
မြင်ကွင်းက မလှမပ..အကျည်းတန်လွန်းတဲ့အဖြစ်……..၊
ရုပ်ရှင်အနှေးပြကွက်လို တကွက်ပြီးတကွက် ပေါ်လာတဲ့ပြကွက်ကို
မကြည့် ချင်…မမြင်ချင်တော့……၊လုပ်ထုံးလုပ်နည်းအဆင့်ဆင့် ဖြတ်အပြီး..
အကျဉ်းဦးစီးဌာနဝန်ထမ်းခေါ်ဆောင်ရာ စက်ရုပ်လို လိုက်ပါသွားခဲ့တဲ့သူ
တံခါးပေါက်ကို ခေါင်းလျှိုသွင်းပြီး ပတ်ဝန်းကျင်ကို ဝှေ့အကြည့်…….
ဂျိမ်း……….ဆိုတဲ့အသံကျယ်ကြီး ကြားလိုက်တော့ တကိုယ်လုံး တုန်ခါသွား ၊၊သြော်……မီးရထားကတောင် ဘူတာဆိုက်နေပြီဘဲ…..
အကြိမ်ကြိမ် အခါခါ ပြန်ခဲ့ဖူး ပြန်နေကြ အမေ့အိမ်အပြန်ခရီး…ဘူတာရုံမှာ
ခဏထိုင်..အားယူအရှိန်ယူရတဲ့အဖြစ်..အော် အရှုံးသမားတယောက်ရဲ့ ….
အိမ်အပြန်ခရီးက အကျည်းတန်းလွန်းလှပါလား ? ပင်ပမ်းနွမ်းလျလို့ပါလား ?
ဖေးမသူမဲ့…အားပေးမဲ့သူမဲ့…ကြိုဆိုသူမဲ့……..မဖြစ်မနေ မရောက် ….
ရောက်အောင်…မသွားချင်ဘဲ သွားရမဲ့အမေ့အိမ်အပြန်ခရီးအတွက်…
ဘူတာရုံကအထွက်…ရုတ်တရက် ရွှာချလိုက်တဲ့မိုးက သူ့အဖြစ်ကို..
ကဗျာဖွဲ့  စာဖွဲ့ လိုက်သလို နှောင့် ပြောင် ကျီစယ်ခဲ့…………….၊
သေအောင်သာ ရွှာပါမိုး ရယ်လို့…ဒီထက် ပိုထူး ပိုရှုံးမလာနိုင်အတူတူ..
မိုးသည်းသည်းထဲ သူတယောက်ထဲ လမ်းလျှောက်ဆဲ လျှောက်မြဲ………၊၊ရွှာအဝင်လမ်း ..လမ်းဆုံမှာ မြင်းလှည်းကို ရပ်ခိုင်းပြီး ရွှာအထိ လမ်းလျှောက်မယ်
ဆိုတဲ့သူ့အတွေးကို သူနားမလည်နိုင် ၊သူ့စိတ်က ဘာအကြောင်းရင်းခံနဲ့ …
ဆုံးဖြတ်လိုက်တာကိုလဲ မဆန်းစစ်ချင်တော့…မိုးက သည်းသည်း….
ပုံမှန်ခြေလှမ်းတွေ နဲ့ တလှမ်းပြီးတလှမ်း….၊ရွှာထိပ်က ခြံစည်းရိုးကြီးတွေ မြင်ရတော့…အေးစက်နေတဲ့သူခန္တာကိုယ်…
နွေးထွေးလာသလိုလို…၊ငယ်စဉ်ကထည်းက…ရည်မှန်းချက်ကြီးကြီး နဲ့ …
ကြိုးစားလာခဲ့သမျှတွေ…ကြိုတင်ရေးဆွဲထားတဲ့ဘဝရည်မှန်းချက် ဇယား..
တခုပြီးတခု ဖြတ်ကျော်လာခဲ့တာတွေ…….သူ့ဘဝရဲ့  အမျှော်လင့်ဆုံး
သဘောင်္အင်ဂျင်နီယာအဖြစ် ပန်းတိုင်က လက်တကမ်းအလို အနေအထားး ၊
မြန်မာ့လက်ရွှေးစင် အားကစားသမားတယောက်အနေနဲ့ ဆက်ပြီး …….
မျှော်လင့်နိုင်တဲ့ရောင်ခြည်တွေ….တဖျပ်ပြီးတဖျပ် …တရိပ်ရိပ်နဲ့….
ပီပီပြင်ပြင် ပြန် မြင်ယောင်လာခဲ့………၊၊တူနှစ်ကိုယ်နီးဖို့ အတူတူ သစ္စာဆိုခဲ့ ..အတူတူဘုရားဆုပန်ခဲ့….
ခွဲခွာခါနီး ရွှာထိပ် ချောင်းဖျားနံဘေး အလွမ်းတွေတွေ သယ်ကြ….
နှုတ်ဆက်အနမ်းတွေ ဝေဖြာကြတာတွေ……ခွဲခွာ အလွမ်းနဲ့…
နွမ်းလျနေသူ ကြင်သူတယောက်ကို ရင်ခွင်ထဲ ထွေးပိုက်တဲ့တခဏ
ကျမ်းမာရေးဂရုစိုက်နော် ရယ်ဆိုတဲ့စကားကသူ့နှလုံးသားကို ထုတ်ချင်းဖောက်.
ဝင်လေ ထွက်လေ အကြင်နာ ငွေ့ နုနုလေးတွေက သူ့ပါးပြင်ကို နွေးထွေးစေခဲ့
ရုတ်တရက် ပါးပြင်ကို စမ်းအကြည့်………
တီး…….တီး …..
ကားဟွန်းသံ နှစ်ချက် အနီးကပ်ကြားလိုက်တော့ …
အလန့်တကြားနဲ့ လမ်းဘေးကို ခုန်ပြီးအရှောင်…ဟန်ချက်ပျက်သွားတဲ့…
သူတယောက် …မလှဲကျအောင် ပြန်ထိမ်းရင်း ….
ကားငယ်လေးကို လှမ်းအကြည့်
ဟာ…………………………………….၊၊ချိုလွင်ကြည်သာတဲ့ရယ်သံတိုးတိုးလေးကိုမှ ကြားဖြစ်အောင် …
ကြားလိုက်ရတဲ့..သူတယောက်……အဲဒီရယ်သံနဲ့ ဝေးရာ…..
အဝေးဆုံး…အဝေးတကာ အဝေးဆုံးဆီသို့ ……………..၊၊အေးဗျာ….
အညတရ စစ်သည်တယောက်ရဲ့  သမိုင်းစာမျက်နှာတရွှက်ပေါ့နော်လို့
ကျနော်ပြောလိုက်တော့………..
ပြုံးခဲ ရီခဲတဲ့သူ့မျက်နှာ အနည်းငယ် တင်းမာသွားသယောင်ယောင်…
သောက်တော့မဲ့ကော်ဖီခွက်ကို အသာပြန်ချရင်း..
မဟုတ်ရပါဘူး….
လုပ်သင့်လုပ်ထိုက်တာ လုပ်လိုက်တဲ့သဘောပါဘဲ..
ဒီထက်မပိုပါဘူးဗျာ…………..၊၊(တွေးမိတွေးရာ မီးခိုးကြွက်လျှောက်တွေးရင်း….တချိန်က ဒီမိုကရေစီအရေးတော်ပုံအတွင်းပါဝင်ခဲ့သော အညတရ ရေတပ်စစ်သည်တဦးရဲ့ တကယ့်အဖြစ်အပျက်ကို ခံစားရေးဖွဲ့ခြင်းဖြစ်ပါသည်။)
USA – editors @ moemaka.net ((510) 854-6501)။ ရန်ကုန် ဆက်သွယ်ရေး – အမှတ် ၂၅၄၊ ပထပ်၊ လမ်း ၄၀၊ ကျောက်တံတား၊ ရန်ကုန်။ (ဖုံး – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈) ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄