ကဗျာ

သန်းဌေးမောင် – မေမေကဗျာ

 

မေမေကဗျာ

သန်းဌေးမောင်၊ မေ ၃၊ ၂၀၁၄

မေမေက ကဗျာတပုဒ်ပါမေမေ

မေမေ့အကြောင်းအမြဲတွေးနေဖြစ်ခဲပေ့မယ့်

ဘယ်တုန်းကမှချမရေးဖြစ်ခဲ့ဘူး

မေမေက အမေ ဆိုတဲ့ကဗျာပေါ့

ခုထိမေမေ့ကို ကျနော့ရင်ခွင်ထဲမှာ ပွေ့ထားတုန်း။

ခုထိမေမေ့လက်ချောင်းလေးတွေကို

ကျနော်ဆုပ်နယ်ပေးနေမိတုန်း ။

ခုထိမေမေေ့ခြသလုံးတွေကို နှိပ်နယ်ပေးနေမိတုန်း။

ခုထိမေမေ့ပါးလေးကို နမ်းနေမိတုန်း။

မေမေ့အပြုံးလေးတွေကို ပြန်လိုချင်လိုက်တာ မေမေရယ်

အမေဆိုတဲ့ ကဗျာဟာ မေမေပေါ့

အမေဆိုတဲ့ ကဗျာက မေမေဆိုရင်

အဲဒီကဗျာရှည်ကို ကျနော်ရွတ်ဆိုမယ်

မေမေဟာကျနော့အတွက်ကြီးမြတ်သော ကဗျာတပုဒ်ပါ

ကျနော့ ညတွေမှာ မေမေက လမင်းစန္ဒာ

ကျနော့ နံနက်ခင်းမှာ မေမေကဝင်းပနေခြည်

ကျနော့ ကောင်းကင်မှာ မေမေက အပြာရောင်

ကျနော့ မြေပြင်မှာ မေမေကအစိမ်းရောင်

ကျနော့ မိုးရွာပြီးစတွေမှာ မေမေကမိုးသက်တန့်

ကျနော့ နံရံပေါ်မှာ မေမေကပန်းချီကားတစ်ချပ်

ကျနော့ ကုတင်နံဘေးမှာ မေမေက ဂစ်တာအိုတလက်

ကျနော့ သံစဉ်တွေမှာ မေမေကသီချင်းလေးတပုဒ်

ကျနော့ စာအုပ်စင်မှာ မေမေက ပြတင်းပေါက်လေးတပေါက်

ကျနော့ စားပွဲပေါ်မှာ မေမေက နှင်းဆီနီနီပန်းတစ်အိုး

ကျနော့ ဥယျာဉ်ထဲမှာ မေမေက လာဗဲင်ဒါပန်းပင်လေးတစ်ပင်

အမေအကြောင်းကဗျာမှာ

မေမေ့အပြုံးတွေက ကြည်နူးချိုရှ

မေမေ့အပြုံးတွေက ငြိမ်းချမ်းအေးမြ

မေမေ့အပြုံးတွေက နုပျိုလှပ

ကျနော်သိပါတယ် မေမေပြုံးနေမှာပါ …

မေမေပြုံးနေမှာပါ …

မေမေပြုံးနေမှာပါ … ။ ။

သန်းဌေးမောင် ။ မေ၊ ဝ၁၊ ၂ဝ၁၄

(သူ့ဖေစ့်ဘွတ်ကနေ ယူပါတယ်၊ ခွင့်မတောင်းမိပါ)

မေ ၊ ၅ရက် ၂၀၁၄ အမေနေ့အတွက် “မေမေကဗျာ” ကိုရေးဖွဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts