သရော်စာ

ထူးထူး (တောင်ငူ) – ငပွေးတိုရွာ

ငပွေးတိုရွာ
ထူးထူး (တောင်ငူ)
မေ ၃၊ ၂၀၁၄
 
 
အပိုင်း (၁)

ငပွေးတိုချောင်းကိုအမှီပြုပြီး နေထိုင်နေကြတဲ့အိမ်ခြေ (၃၀)ကျော်ရှိသော ငပွေးတိုရွာကလေး၏ ထူးခြားချက်မှာ ရွာတွင် သူကြီးမရှိပေ။ ငပွေးတိုချောင်မှာ ရွာကိုအလည်တည့်တည့်မှ ဖြတ်သန်း စီးဆင်လျက် ရှိပေသည်။

ဤရွာကိုပထမဦးဆုံးရောက်ရှိနေထိုင်သူက ဘကြီးမှုံနှင့်သူ၏ဇနီး အရီးဒေါ်ကြည်၊ ထို့နောက်တွင် မတော့ လွန်ခဲ့သော (၃)နှစ်ခန့် က တာတီးတို့ လူတစ်စုရောက်လာခဲ့ကြသည်။ တဖြည်းဖြည်းနဲ့ ရွာမှာ လူအင်အားအတော်အတင့်ဖြစ်လာကြပြီး၊ အရောင်းအ၀ယ်များ လည်း စည်းကား လာပါတော့သည်။

ငပွေးတို ရွာလေးတွင် နေထိုင်ကြသော သူများမှာ သာမာန်တော်ရုံတန်ရုံ အရည်အချင်းရှိသူများ မဟုတ်ကြပေ။ စစ်ပြန်များ၊ ဖက်ဆစ်ဆန့် ကျင်ရေးဆင်နွဲခဲ့သောမျိုးချစ်ရဲဘော်များ၊ ဗမာ့ လွတ်မြောက်ရေး-တော်လှန်ရေးသူရဲကောင်းများနှင့် ကျမ်းတတ်ပေတတ်လူတော်များ ပေတည်း။

ထိုထဲမှာမှ….. ထူးခြားတဲ့သူများကတော့ လှည်းကိုတစ်ဖက်ကမ်းခတ်အာင်ကျွမ်းကျင်စွာပြင်နိုင်တဲ့ တာတီး၊ ရွာလေးရဲ့ကာကွယ်ရေးဦးစီးချုပ်၊ တာတီးရဲ့ဘယ်လက်ရုံး အောင်ထွန်းလေးနှင့် ညာလက်ရုံး ဗိုက်ကလေး တို့ ကတစ်တွဲ သောက်ဖော်သောက်ဖက်- ထန်းတောပျော်တို့ ပေါ့….နောက်များမှာတော့ ရွာကမြို့ကျောင်းသားလေးတွေဖြစ်တဲ့ ပုရစ်တို့ ၊ ရွှေထူးတို့၊ ဟဲဗီးဖြိုးတို့ ကတစ်တွဲ…အလှူအတန်းဆို ရှေ့ဆုံးကနေ လုပ်အား ဒါန၊ ငွေ- ၀တ္ထု မညည်းမညူလှူတန်းနေတဲ့ ဘကြီးအောင်၊ ရွာလည်က ဦးသန်းမြင့်၊ ထို့နောက်ရွာက ကလေးတွေအတွက်အားထားရတဲ့ ဆရာလေး ချိုသင်းမွှေးနှင့် ဆရာကတော် နီလေးချို၊ကဗျာဆရာဘကြီးလွန်း၊ ဂျပန်ကိုတော်လှန်ခဲ့စဉ်က ပါဝင်ခဲ့တဲ့ ဦးလေးမိုးနဲ့ ဇနီးဒေါ်လေးမြတ်၊ တစ်ကိုယ်ရေတစ်ကာယသမား- လူပျိုကြီး ကိုကိုပြောင်၊ ရွာအနောက်ဖျားမှာနေတဲ့ ဦးအေးချစ် ထိုသူများမှာ ငပွေးတိုရွာ၏လူစွမ်းကောင်းများပေတည်း…..

 ++++++
 
အပိုင်း (၂)

အေးချမ်းသာယာလျက်ရှိသောရွာလေးကို မုန်တိုင်းထန်အောင်လုပ်သူကတော့ ကျားဘုရင် တာတီး…. ထို့နောက်… နောက်ကွယ်ကကြိုးကိုင်သူ ရွာ၏ကာကွယ်ရေးဦးစီးချုပ်၊ တာတီး၏ ဘယ်လက်ရုံး၊ ညာလက်ရူံး သို့မဟုတ် ရွာ၏ ကာလသားခေါင်းများပေါ့……
တာတီးက ခဲတစ်လုံးတည်းနှင့် ငှက်လေးကောင်ကို ပစ်ဖို့ကျင့်နေသူ……တစ်နေ့ သူနှင့်ရောင်းရင်းများ သောက်စားရင်းနှင့် အကြံရသွားသည်…. ရွာကဘုရားပွဲ….. သူကြီးမရှိတဲ့ ရွာ၊ အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာဆိုသလို ခေါင်းဆောင်မရှိတဲ့ငပွေးတိုရွာကို တာတီးက ဦးဆောင်မှုကောင်းကောင်းပေးဖို့ အချိန်တိုင်းကြိုးစားနေတဲ့ အကြံသမားတာတီးနဲ့သူတို့လူစုတသိုက် ဒီနေ့တော့ ထန်းတောထဲမှာ လမ်းစကြီးတွေ့လေပြီ …တာတီးကြံပြီ…… တစ်ကွက်၊ နှစ်ကွက်၊ သုံးကွက်… ရပြီ။

တာတီး တစ်ကွက် စရွှေ့တာနဲ့ ပွဲ နည်းနည်းဆူသွားတယ်…. လုံးဝမမှု၊ရွာ၏ လူစွမ်းကောင်းတချို့ ရွာလည်က ဇရပ်မှာရှိတဲ့ ဖေ့ဘွတ်ကျောက်သင်ပုန်းကြီးမှာ သွားရေးကြတယ်…. လူပျိုကြီး ကိုပြောင်ပြောင်က ၁၉၆၂ -ခုနှစ် အာဏာသိမ်းတာမမီလိုက်ဘူး … ဒါပေမယ့် ဘုရားပွဲမှာ ကြုံဖူးပြီ ဆိုပြီး ရေး….မြို့ကျောင်းသား ရွှေထူးက သူအလွန်ကြိုက်တဲ့ဘောလုံးအသင်းက နည်းပြကြီးနဲ့နှိုင်းယှဉ်ပြီး သာဓကဆောင်လို့ ဆောင်….ဟဲဗီးဖြိုးက သူဖတ်ဖူးတဲ့အကြည်တော် ၀တ္ထုကိုဖောက်သည်ပြန်ချ…. ဦးလေးမိုးက ကျောက်သင်ပုန်းမှာ မရှင်းလင်းတာလေးတွေ ရေးပြီးမေး …..ဘကြီးလွန်းက ရပ်တည်ချက်ဆိုတာ ပြတ်သားရမည်…. တယောက်ထဲအထီးကျန်နေရလို့လဲ နေလိုက်မည် … အပေါင်းအဖက်လုပ်လိုမှလုပ် …အမှန်တရားအပေါ် ဘယ်တော့မှ သစ္စာ မဖောက်ဘူးလို့ ဆို….ဘကြီးမှုံကတော့ မိုက်ခရိုဖုန်းနှင့် လော်စပီကာ ပါရင် ကျေနပ်တယ်တဲ့…..ရွာလည်က ကျောက်သင်ပုန်းမှာ ဓမ္မပဒလေးတွေ… ဦးဇောတိက၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော်၊ အရှင်ဆန္ဒာဓိက စတဲ့ စာအုပ်တွေထဲက ကူးချကြ…။

 ++++++
 
အပိုင်း (၃)

ဦးတင်နှင့် ဒေါ်အေးကလည်း သူ့သားကို ဘုရားပွဲသွားရင် လှည်းသုံးခွင့်မပေးဟုပြော…. လူတော်တော်များများက မကျေနပ် …. ရွာဘုရားပွဲက အားလုံးနဲ့ ဆိုင်တယ်… မောင်ပိုင်မဟုတ်ဟုပြောကြ… ဆိုကြ…ဒီလိုနဲ့ တာတီး နောက်တစ်ကွက် ထပ်ရွှေ့ပြန်တယ်….ဘကြီးမှုံ၊ တာတီးရွှေ့လိုက်တဲ့ အကွက်ထဲဝင်သွားပြီ…. အဆစ်ပါသွားတာက ပုရစ်နှင့် နောက် ဆရာလေးချိုအောင်မွှေးတို့ ဇနီးမောင်နှံ၊ ဘကြီးအောင် …. အကုန်လုံးနီးပါ….. ဒီနေရာမှာ ရွှေထူးသီချင်းလေးတစ်ပုဒ် ဆိုပြချင်ပါတယ်….. “ဟာ သွားပြီ… သွားပြီ… အားလုံး ကွဲသွားပြီ…။

“ဟာ သွားပြီ….သွားပြီ… အားလုံး ကွဲသွားပြီ…”

တာတီး ခြံဝင်းထဲကနေ တစ်ရွာလုံးကြားအောင် လှမ်းအော်တယ် …. ကျုပ်နဲ့ ဆက်လက် လက်တွဲလိုသူများ… ဆက်လက်ပြီး လက်ကို ခိုင်ခိုင်တွဲထားပါ။  လက်တွဲဖြုတ်ချင်တယ်ဆိုလည်း … ရဲရဲတင်းတင်း လက်တွဲဖြုတ်ပြီး ထွက်ခွာသွားကြပါ…. တာတီး မိုက်တယ်ကွာ……. ကဗျာမဆန်ဘူး…။

မြို့ကျောင်းမှာ Management သင်နေတဲ့ ရွှေထူးအသည်းအသန် သူ့ဖတ်စာအုပ် (၃) အုပ်၊ အမေရိကန်စာအုပ်၊ ဗြိတိန်ထုတ်စာအုပ်၊ နယူးဇီလန်ပြဋ္ဌာန်းစာအုပ်။ (၃) အုပ်လုံးကို မွှေနှောက်ရှာတာ မတွေ့ဘူး… တာတီးရွှေ့တဲ့အကွက်… မပါဘူး….။

ဒါနဲ့ ရွှေထူး အသည်းအသန် ပြည်တွင်းဖြစ်ကိုအားပေးမယ်ဆိုပြီး… ရှာတော့မှ တွေ့ပါပြီ.. ကျားဘညိမ်း ရေးတဲ့ စာအုပ်ထဲမှာ “တစ်ကောင်ကျွေးပြီး ကင်းဝင်သွားတဲ့အကွက်”၊ ဟား… ဟား… အရိုးဆုံးက ဘယ်တော့မှ မရိုးနိုင်ဘူးဆိုတာကို တာတီးသုံးသွားတာကိုး…
ငပွေးတိုရွာရဲ့ဘုရားပွဲလည်း ပြီးသွားပါပြီ… မောသူတွေလည်းမော… ပျော်သူတွေလည်းပျော်…။

ဆရာလေး ချိုအောင်မွှေးဆို သူ့အမျိုးသမီးဆိုတဲ့ သီချင်းလေးနဲ့ လိုက်တောင် ကလိုက်သေးတယ်… ဘာတဲ့ “ဖြူဖြူ၊ ပြာပြာ၊ နီနီ၊ ၀ါဝါ… ဝေးဆာမြူးလို့ ….”။

ကဗျာဆရာ ဘကြီးလွန်းက ကဗျာလေးတစ်ပုဒ်ရေးပြီး သတိပေးတယ်… မိုးကောက်ကင်အောက်မှာ အရုပ်တွေ အလုအယက်ရေးလည်း၊ တစ်နေ့ကျ ပျက်မှာပါပဲ… တရားသဘောလေးပေါ့… သံဝေဂရအောင်ပါ….။

အဲ့ကဗျာလေးနဲ့ ကျားဘညိမ်းစာအုပ်ကို ထုံးလိုချေ ရေလိုနှောက်အောင် ဖတ်လိုက်တဲ့ ကျွန်တော်ရွှေထူး….တာတီး မရွှေ့လိုက်ရသေးဘဲ ၊ အသင့်ကိုင်ထားတဲ့အကွက်နံပါတ်(၃) ကို တွေ့ လိုက်ရပါတော့တယ်….ရွာသူရွာသားတွေ ကံကောင်းပါတယ်ဗျာ… ကျေနပ်ကြပါ…. တာတီးသာနောက်တစ်ကွက်ထပ် ရွှေ့လိုက်ရင် အားလုံး ဒုက္ခရောက်ရတော့မှာ….အဲ့အကွက်ကတော့… တာတီးက ဘကြီးလွန်းတို့၊ ဦးလေးမိုးတို့ ၊ ရွာသူရွာသားအပေါင်းကို ပါဝင်ခွင့်ပေးပြီး… မသိမသာ နောက်ဆုတ်သွားပြီ… ရွာကနေ ပျောက်သွားမှာ…..အဲ… ပွဲနေ့ကျမှ… ဆရာတော်ဦးသြဘာတို့ ၊ ဆရာတော်ဦးသီရိတို့နဲ့ နောက်တိုး ဒုလ္လဘဆရာတော် ဦးတာတီး တို့ ရွာ ဘုရားပွဲကို ကြွ…. အဲ့မှာ တစ်ရွာလုံးက သြကာသ အစရှိပြီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ….. ပုဆစ်တုပ်ပြီး ထိခြင်ငါးပါးနဲ့ ကန်တော့ကြ… သံဃာစင်ပေါ်က ဆရာတော် တာတီးက ပြုံးပြုံးကြီး……..။

ထူးထူး (တောင်ငူ)
(အပျော်ပါ… တိုက်ဆိုင်မှုရှိလျှင်… ခွင့်လွှတ်ပါ၊ ဘယ်သူ့ ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ… နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါ စေ…)

 သရုပ်ဖော်ကာတွန်း – စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts