U Win Tin ကိုရာဇာ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ကိုရာဇာ – နောက်ကျတဲ့ စာ …

နောက်ကျတဲ့ စာ …

ကိုရာဇာ၊ ဧပြီ ၂၉၊ ၂၀၁၄

ကိုရစ် …

၂၀.၄.၂၀၁၄ နေ့လည် ၁ နာရီဝန်းကျင် …  ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်။ မိသားစုဝင်များထမင်းစားအထွက်။  ကျနော် အဘအခန်းထဲ ခန၀င်စောင့်ပေး။ နပ်စ်မလေးအကူအညီနဲ့အဘ ဆေးငွေ့ရှူနေ။ ကျနော် အခန်းထဲရောက် … ။ အဘမျက်စိပွင့်လာ ၊ ဆရာမလေးကို ဆေးငွေ့ရှူနှာခေါင်းစွပ် ခနဖြုတ်ခိုင်း ၊ အဘခေါ်တယ် …

ပီသကြည်မြလွန်းတဲ့ အသံထွက်လာတယ်ဗျာ

“ရာဇာရေ …”  တဲ့

ကျနော်အနားတိုးကပ်သွားတော့ အဘနှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြ အသံပြန်တိုးသွား

“မဖြူကော …” တဲ့

ကိုရစ် … အဲ့ဒီအချိန် အဲ့ဒီခနကိုခင်ဗျားအငှားခံစားကြည့်ရင်တောင် သိသာနိုင်ပါတယ်ဗျာ။ ကျနော်ဘယ်လိုဖြစ်သွားမလဲ ဆိုတာ။ ကျနော်ဘယ်လိုမှ ထိန်းမရမျက်ရည်ကျလာတယ်။ အခန်းထဲမှာ ငိုနေလို့ မဖြစ်ဘူး၊ မသင့်တော်ဘူးဆိုတဲ့ အသိစိတ်ကလေးပြန်ဝင်အလာမှာ … ကျနော်မျက်ရည်စက်လက် အခန်းပြင်ထွက်လာတယ်။ ဧရာဝတီမဂ္ဂဇင်း သတင်းထောက် သာလွန်ဇောင်းထက်နဲ့ နောက်ကောင်မလေးတစ်ယောက်ကို တွေ့တယ်။ သူတို့မျက်နှာမကောင်းဘူး။ ကျနော်လည်း သေချာတဲ့သတင်းစကား မပြောနိုင်ဘူး။ မဖြူဖုန်းနံပတ်ကို မနည်း မှန်အောင်ဆက်ပြီး သတင်းစကားပြောတယ်။ ချက်ခြင်းလာပါတော့။ ဒီနေ့ တစ်ခုခုဖြစ်သွားနိုင်တယ်။

နေပူထဲ ဘယ်တွေ ရောက်မှန်းမသိ ကျနော်လျှောက်သွားနေမိတယ်။ မှတ်မိသမျှ မိတ်ဆွေတွေကို သတင်းစကားပြောတယ်။ ကျနော် နိမိတ်ဖတ်ဆရာမဟုတ်သလို ရှေ့ဖြစ်ဟောကောင်လည်း မဟုတ်ဘူး။ ဒါပေမယ့် ကျနော် အသေချာဆုံးစကားလုံးကိုပြောတယ်။

ဒီနေ့မဟုတ်ရင် … …

မနက်ဖြန်။

ငိုရတာအားမရဘူးဗျာ။ ကျနော် အရူးလို ငိုယိုလျှောက်သွားနေရာကနေ၊ အသိကလေးပြန်ကပ်တော့ ကျနော့်အခန်း ခနပြန်တယ်။ ဖြေဆည်ရာရမလားလို့ နေ့ခင်းကြောင်တောင် နေပူကျဲကျဲမှာ အရက်သောက်မိတယ်။ သုံးနာရီဝန်းကျင်ပေါ့ … ကိုရစ်ရာ။ ညနေငါးနာရီမှာ အဘလုပ်ငန်းစဉ်၊ မူလဘူတ အဘရဲ့မူဝါဒ၊ အယူအဆ၊ သဘောတရားများကို အလျဉ်းသင့်ရာလူငယ်တွေနဲ့ ဆွေးနွေးတယ်။ မဇင်မာအောင်၊ ကိုရဲမျိုးဟိန်း၊ ကိုဝင်းညီညီတို့ ညီအကိုနှစ်ယောက်နဲ့ပေါ့ဗျာ။ ကိုးနာရီဝန်းကျင် ဆေးရုံပြန်သွား လူတွေအတော်များများ ရောက်နေကြပြီ။

ကျနော် ဖာသိဖာသာပဲ ကြေကွဲနေပါတယ်။ ကော်ရစ်ဒါမှာ။ ညဆယ်နာရီ ဓမ္မဘေရီဆရာတော်ကြွလာ ပြီး ရွတ်ဖတ်ပူဇော်မှု လုပ်တယ်။ ညတစ်နာရီဝန်းကျင်မှာ ကျနော် အခန်းပြန်လာ။ မနက်ငါးနာရီခွဲမှာ ဖုန်းဝင်လာ ဆရာတော်သုံးပါးကြွလာမယ်။ လာခဲ့ပါတဲ့။  စိတ်ဆောင်နေပေမယ့် လူကမထူနိုင်အောင် နုန်းခွေနေလို့ မသွားဖြစ်ဘူး။ (ခင်ဗျားအပြစ်တင် အပြစ်မြင်လည်း ခံရမှာပါပဲ။) ခြောက်နာရီမှာ ဆေးရုံက ဖုန်းထပ်ဝင်လာတယ်။ အသက်မီချင်ရင် ချက်ခြင်းလာပါတဲ့။ ချက်ခြင်းထွက်သွား။  ရောက်သွားချိန်မှာ မဖြူလက်ပေါ် ခေါင်းလည်ကျသွားတယ်။  ဒါ ခင်ဗျားတို့ သိချင်နေမယ်ထင်တဲ့ အဘနဲ့ ကျနော့်ပတ်သက်မှူ နောက်ဆုံးစကား၊ နောက်ဆုံးတရားကို ကျနော် ဒေသနာကြားတာပဲဗျာ။ နောက်ပိုင်းအဖြစ်အပျက်တွေ အများကြီးဖြစ်နေပေမယ့်  ကျနော်မဆိုင်သလိုပဲ နေတယ်ဗျ။

အဘမူဝါဒလမ်းစဉ်အတိုင်း နေတာပဲလေ။ ခလုပ်နှိပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေအများကြီး ရောက်လာတဲ့အချိန၊် ကျနော် အဘအဆုံးအမလေးနဲ့ ကျနော့်အလင်းလေးနဲ့ကျနော်စာဖတ်နေတယ် ဆိုပါတော့။ လင်းအားလည်းကြီးပြီကိုး။ ဒါနဲ့အဘကိုယ်ခန္တာ ရေဝေးပို့၊ ယုဒသန်ခန်းမသွား၊ အောက်မေ့ခြင်းအထိမ်းမှတ် လုပ်တယ်။ သုံးရက်။ ကော်မီတီခပ်သေးသေးမှာ ကျနော်က သတင်းနဲ့မှတ်တမ်းထိန်းသိမ်းရေး လုပ်ရတယ်။ ဒါပြီးတော့ ဘာတွေဖြစ်နေတယ်၊ ဘာတွေမဖြစ်ဘူးဆိုတာ ကျနော့်သိမှတ်ခံစားမှုတွေ ပျောက်ဆုံးပြီး မနေ့ရက်လည်မှာ ရုံးချုပ် ဆွမ်းကျွေးသွားတယ်။

ကျောက်ကုန်းက အဘဦးအုန်းထွန်းအိမ် (ခင်ဗျားခနပြန်လာတုန်း ကျနော်တို့သွားတွေ့တဲ့ အိမ်) သွား။ နောက် စိန်ခြယ်လမ်းက အဘဦးလေး ဦးမျိုးကျော်အိမ်သွားတယ်။ ပြန်လာပြီးတော့ ရေဝေးအဘနောက်ဆုံး လဲလျောင်းနေတဲ့ရေဝေးကို ချီတက်။ (မဖြူဖြူသင်း၊ မဇင်မာအောင်၊ မကြည်ဖြူသျှင်၊ မတင်နန္ဒာလင်း၊ မမာမာစိမ်း၊ ကိုအေးနိုင်၊ ကိုအေးဗိုလ်၊ ကိုထွန်းမြင့်နဲ့ ကျနော်တို့သွားတယ်။ ဟိုမှာက ကိုညီညီမင်းနဲ့ မကြည်ပြာ၊ ကိုထိန်ဝင်းနဲ့ မခင်မြတ်သူ၊ မသီရိသက်ဝေဦးတို့ကို တွေ့တယ်။ တနေကုန် အဘဦးဝင်းတင်ကို ချစ်ခင်ရိုသေလေးစား၊ မြတ်နိုးသူတွေလာတယ် ဆိုတာကို သူများတွေပြောလို့ ပြန်သိရတယ်) အဲ့ဒီကအပြန်မှာ အဘ နောက်ဆုံးနေထိုင်သွားရာ ကျောက်ကုန်းအိမ်ခန်းလေး အလွမ်းပြေသွားကြတယ်။ (ခင်ဗျားပြောသမျှ ခံရတော့မှာပဲ၊ ကျနော်လိုက်မသွားဘူး) အပြင်လက်ဖက်ရည်ဆိုင်မှာ ထိုင်ကျန်ခဲ့တယ်။ ကျနော့်ခံနိုင်ရည်ကို ကျနော်အယုံကြည်မရှိတော့ဘူးဗျာ။

ဒီမနက်သတိကပ်တော့ ကျနော် ခင်ဗျားဆီ စာရေးရမယ်။ ခင်ဗျားဆီ အဖြစ်ပျက်တွေ ပြောသင့်တယ်ထင်ပြီး ကျနော်ခင်ဗျားနာမည်တပ် စာရေးလိုက်တယ်။ တကယ်ကတော့ မိုးမခ၀ိုင်းတော်သားများ အားလုံးနဲ့၊ အဝေးရောက်ဗမာမိသားစုအားလုံးဆီ သတင်းစကား စာသ၀ဏ်ပါးချင်တာပဲဗျာ။ နောက် ကျနော်ပြည်တွင်းထုတ်မိုးမခမှာ အကြံပေးဆိုတာလုပ်၊  အကြံလည်းမထွက် စာလည်းမလာဆိုတဲ့ ၀န်လည်း ကင်းချင်တယ်ဗျာ။

ကဲ … ကိုရင်ရေ ဒီတော့ ခင်ဗျားပြန်လာတုန်း၊ ကျနော်နဲ့ခင်ဗျားသွားတုန်းက အဘပြောတာလေး ပြန်ကောက်ကြပါစို့ရဲ့ ။ မင်းတို့ဖာသာ လမ်းခုလတ်ထင်ရင် ဆက်လျှောက် … သန်းရွှေခင်းထားသော သိန်းစိန်လျှောက်လှမ်းနေသော၊ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီလမ်း လျှောက်ချင်တဲ့ကောင် လျှောက် ငါကတော့လမ်းခွဲပြီ။  ညောင်နှစ်ပင်စခန်း လမ်းခွဲမယ်ဆိုတဲ့ အဘကတော့ တကယ့်ကို ပြတ်ပြတ်သားသား လမ်းခွဲသွားပြီ။ ကျနော့်မှာ တာဝန်ရှိတယ်။ ခင်ဗျားတစ်ဦးချင်းရော အဝေးရောက်မိသားစုအားလုံး တာဝန်ရှိတယ်။ ကျနော်ကတော့ ဘယ်သူပေးပေး၊ မပေးပေး ဒီပခုံးပေါ်ကျလာတဲ့တာဝန်ကို ဆက်ထမ်းမယ်။ အဘနဲ့ စကားအများဆုံးပြောခဲ့တယ်၊ အဘနဲ့ အချိန်အကြာဆုံး နေခဲ့တယ်၊ အလုပ်တွေ အများဆုံးလုပ်ခဲ့တယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ကျနော့်မှာ တာဝန်ရှိတယ်။

ခင်ဗျားကိုလည်း သူက … အဝေးရောက်မိသားစု၊ ရဲဘော်ရဲဘက်တစ်ယောက်အနေနဲ့သံယောဇဉ် ရှိတယ်ဆိုတာ … ကျနော်သိတယ်။ ခင်ဗျားလည်း တာဝန်ရှိတယ်။ တာဝန်လည်းသိမယ်ဆိုတာ … ကျနော်ယုံသလို တမလွန်အဘကလည်း ယုံကြည်နေလိမ့်မယ်။

ကဲ … ဒီတော့ ခင်ဗျားက မေး … မင်းဘာဆက်လုပ်မလဲ ဆိုရင်တော့ လှေခွက် မကျန်တောင် အလံမလှဲဘူး ဆိုတဲ့ ပြတ်သားချက်  … မာလိန်မှူးစကား နားထောင်ရမှာပေါ့။ ဟုတ်လား။ ကျနော်တို့အတွက် ခက်နိုင်တာရှိတယ်။ လှေခွက်မကျန်ယုံမက မာလိန်မှူးပါ မရှိတော့တာ။ ငါ့လှေငါထိုး စိတ်ထားနဲ့ ပဲခူးသွားလို့မဖြစ်ဘူး … ကိုရစ်။ လှေခွက်လည်းမကျန်ဘူး၊ မာလိန်မှူးလည်းမရှိတော့ပေမယ့် ဒီစစ်ဘီလူး တွေကို ဆက်တိုက်ရအုံးမှာ သေချာတယ်။

စစ်ကင်ဆာအမြစ်တွေကို လူပါသေပါစေ၊ ဖြတ်ထုတ်ပစ်ရအုံးမယ်။ အဘရဲ့အညွှန်းတွေ၊ အမှန်းတွေ၊ အဘရဲ့အလှမ်းတွေ ဆက်လှမ်းရအုံးမယ်။ စစ်အမြစ်ပြုတ် မူဝါဒကို ဆက်လက်ဆုပ်ကိုင်ရမယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ သဘောတရား ဆက်လက် အားမွေးရအုံးမယ်။ လူသားစောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေ ဆက်သယ်ရအုံးမယ်ဗျ။ ဒီတော့ ကျနော်ကတော့ ဒီလုပ်ငန်းစဉ်တွေ ဆက်လုပ်ရာမှာ တစ်ဦးတစ်ယောက်ချင်းမစွမ်းဘူးဆိုတာ သဘောပေါက်တယ်။ ၀ိုင်းကြပေါ့ … ၀န်းကြပေါ့။ ဒီအလုပ်လုပ်ချင်တယ် ဆိုတဲ့လူတွေ အားလုံး ပါဝင်နိုင်အောင် လမ်းဖွင့်ပေးကြရမယ်။ ပေါင်းစည်းရေးသဘောထား  ဆက်ထားရှိရမယ်။ အဘမှာတာနဲ့ဆုံးမယ်စာလည်း နည်းနည်း ရှည်ပြီ။ မီးပျက်လို့ ဒီစာကို နှစ်ခါပြန်ရေးရတယ်။ ဒီလောက်ဆို ဗမာပြည်ကြီး ဘယ့်ကလောက် ဖွံ့ဖြိုးတိုးတက်နေလဲ ဆိုတာ မှန်းလို့ရတယ်လေ။

အဘမှာတာ … ပြောမယ် ။

ရန်မဖြစ်ကြနဲ့။ အလုပ်သာ လုပ်။

ခင်ဗျားရဲ့

 

ရာဇာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts