U Win Tin ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) – ဆရာကြီး ဦးဝင်းတင် နှင့် လက်ပွန်းတတီး နေနိုင်ကြပါစေ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆရာကြီး ဦးဝင်းတင် နှင့် လက်ပွန်းတတီး နေနိုင်ကြပါစေ

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဧပြီ ၂၆၊ ၂၀၁၄

 

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီ (အာယုသင်္ခါရလွှတ်ပြီ)ဆိုတာ သိရတော့ အရှင်အာနန္ဒာက “ဘုရားရှင် မရှိတော့ရင်တော့ တပည့်သာဝကတွေ အားလုံး ခိုကိုးရာမဲ့ ဖြစ်သွားကြ လိမ့်မယ်”လို့ လျှောက်ထားပြီး ပရိနိဗ္ဗာန်ပြုဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းပန်ပါတယ်။

ဘုရားရှင်က “အာနန္ဒာ … ငါဘုရားရှင် သင်တို့အတွက် လေးဆယ့်ငါးဝါလုံး ဟောကြားခဲ့တဲ့ ဓမ္မက္ခန္ဓာတွေကို ငါဘုရားရှင်ကိုယ်စား သင်တို့ရဲ့ဆရာအဖြစ် ခံယူကျင့်သုံးနေရစ်ကြ”လို့မိန့်ကြားတော်မူ ပါတယ်။ ဘုရားတစ်ဆူ ပရိနိဗ္ဗာန်ပြုသွားပေမယ့် ကိုယ်စားတော်ပေါင်း ရှစ်သောင်းလေးထောင် ကျန်ရစ်တယ်လို့ ဆိုလိုတာပါ။

၂၁-၄-၂၀၁၄ နေ့က မြန်မာပြည်သူအပေါင်းတို့ရဲ့ ဒီမိုကရေစီ မီးရှူးတန်ဆောင်ကြီးဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဘ၀ဟောင်းမှ ဘ၀သစ်သို့ ပြောင်းသွားပါတယ်။ ကျန်ရစ်တဲ့ ဒီမိုကရေစီ လိုလားသူ အားလုံးရဲ့ ရင်ထဲမှာ ဒီမိုကရေစီရေးအတွက် အားထားကိုးကွယ်ရာ ပုဂ္ဂိုလ်ကြီး ဆုံးရှုံးသွားပြီလို့ ခံစားပြီး ၀မ်းနည်း ကြေကွဲ မဆုံး ခံစားကြရမှာလည်း သေချာပါတယ်။

ဒါပေမယ့် ဆရာကြီး ပြောဆို၊ ရေးသားခဲ့တဲ့ လမ်းညွှန်ချက်တွေ၊ လုပ်ဆောင်နေထိုင်သွားခဲ့တဲ့ စံနမူနာကောင်းတွေကတော့ အများကြီးပဲ ကျန်ရစ်ပါတယ်။ “ဘယ်လောက်လဲ”လို့ အရေအတွက် အတိအကျ မပြောနိုင်ပေမယ့် အများကြီးပါ။ ဆရာကြီး တစ်ယောက် ဘ၀သစ်ကူးသွားပေမယ့် ကိုယ်စားတွေ အများကြီး ကျန်ရစ်ပါသေးတယ်။

——————–

မြတ်စွာဘုရားလက်ထက်တော်တုန်းက ဘုရားရှင်ကို အလွန်ကြည်ညိုတဲ့ ရဟန်းတစ်ပါးရှိတယ်၊ “ရှင်ဝက္ကလိ”တဲ့။ အဲဒီပုဂ္ဂိုလ်က ဘုရားရှင်ကို ဘယ်လောက်ထိ ကြည်ညိုသလဲဆိုရင် စက္က၀က်ငှက်များဟာ လမင်းကြီးသာနေတာကို ကြည့်နေရရင် အိပ်ဖို့မဆိုထားနဲ့ မျက်လုံးကိုတောင် လုံးဝမမှိတ်ဘဲ မပြတ်ကြည့်နေသလို ဒီအရှင်ကလည်း ဘုရားရှင်မျက်နှာတော်ကိုသာ ကြည့်နေရရင် မမှိတ်သော မျက်လုံးနဲ့ မပြတ်ကြည့်နေလိုတယ်လို့ ဆိုပါတယ်။ တကယ်လည်း မပြတ်ကြည့်နေတတ်ပါသတဲ့။

အဲဒီ ရှင်ဝက္ကလိကို ဘုရားရှင် မိန့်ကြားဆုံးမတော်မူတာကတော့ “ ၀က္ကလိ ငါဘုရား ဆုံးမညွှန်ကြား ချက်တို့ကို မတိမ်းမစောင်း မဆန့်မကျင် လိုက်နာကျင့်သုံးနေသူဟာ ငါဘုရားရှင်နဲ့ ဝေးကွာတဲ့အရပ်မှာ နေသည်ပဲဖြစ်စေ၊ ငါဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးတဲ့ နောက်ကာလတွေမှာပဲ ဖြစ်စေ ငါဘုရားရှင်နဲ့  အမြဲမပြတ် တွေ့ဆုံနေရသူဖြစ်တယ်။

ငါဘုရားရှင် ညွှန်ကြားဆုံးမချက်တွေကို မလိုက်မနာ ဆန့်ကျင်နေခဲ့ရင်တော့ သက်တော်ထင်ရှား ငါဘုရားကို တစိမ့်စိမ့်ကြည့်နေပေမယ့် ငါဘုရားရှင်နဲ့ အဝေးကြီး ဝေးကွာနေသူပဲ ဖြစ်တယ်”တဲ့။

ဟုတ်ပါတယ်၊ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်ရဲ့ အယူဝါဒကို ဆန့်ကျင်နေကြတဲ့ တိတ္ထိကြီးတွေလို့ခေါ်တဲ့ ဂိုဏ်းဆရာကြီး ခြောက်ဦးနဲ့ နောက်လိုက် နောက်ပါတွေဟာ ဘုရားရှင် သီတင်းသုံးတဲ့ ရာဇဂြိုဟ်ဝန်းကျင်မှာပဲ နေကြပြီး ဘုရားရှင်ကို တွေ့မြင်နေကြရပေမယ့် ဘုရားရှင်နဲ့ အဝေးကြီးဝေးကွာနေရုံမက ဘ၀ချင်းကို အဝေးကြီး ခြားနားနေကြပါတယ်။

———————-

ဆရာကြီး ဦးဝင်းတင် ဘ၀တစ်ပါး ပြောင်းသွားပြီးတဲ့နောက် ဆရာကြီး အသက်ထင်ရှားရှိစဉ်က ဆရာကြီးနဲ့ တွေ့ဆုံပြီး ဆရာကြီးရဲ့ လမ်းညွှန်စကားတွေ၊ ဗဟုသုတတွေ၊ ပညာရပ်တွေကို ကြားနာခွင့် ရကြသူတွေက သူတို့ အတွေ့အကြုံတွေကို ပြန်လည်ပြောပြတဲ့အခါ  ကြားနာရတဲ့ လူ(အထူးသဖြင့် လူငယ်)တွေက “တို့တတွေ ဆရာကြီးနဲ့ လက်ပွန်းတတီး မနေခဲ့ရတာ နာတယ်”လို့ စိတ်ထဲမှာ အားမလို အားမရ ခံစားရသူတွေ ရှိကြမှာပါ။

အမှန်ကတော့ ဆရာကြီး သက်ရှိ ထင်ရှားရှိစဉ်က တွေ့ဆုံခွင့်ရကြသူတွေထဲမှာလည်း ဆရာကြီးရဲ့ ခံယူချက်၊ လမ်းညွှန်ချက်တို့ကို ဖီလာဆန့်ကျင်နေသူတွေအဖို့ ဆရာကြီးကို တွေ့မြင်၊ အချို့ဆိုရင် တစ်ဝင်းတစ်ဝိုင်းတည်းမှာ နှစ်ပေါင်း(၂၀)လောက် ဆရာကြီးနဲ့ စကားပြောဆို မေးမြန်းခွင့်ရကြပေမယ့် ဆရာကြီးနဲ့ ဘ၀ပေါင်းများစွာ ခြားနားပြီး အဝေးကြီး ဝေးနေကြတာပါ။

တကယ်ပဲ ပြည်သူတွေအနေနဲ့ ဆရာကြီး ဦးဝင်းတင်နဲ့ ဘ၀မခြား လက်ပွန်းတတီးနေလိုတဲ့ ဆန္ဒအစစ်အမှန်ရှိတယ်ဆိုရင် ခုအထိရော၊ နောက်နောင်ရော ဒီအခွင့်အရေး မဆုံးရှုံးသေးပါဘူး။ ရှင်ဝက္ကလိကို ဘုရားရှင်ဟောညွှန်ဆုံးမတော်မူတဲ့အတိုင်း ဆရာကြီးရဲ့လမ်း ရည်မှန်းချက်ပန်းတိုင်နဲ့ လမ်းညွန်အသိပေးခဲ့တာတွေ၊ ကိုယ်တိုင်သရုပ်ဆောင်ပြသွားတဲ့ စံနမူနာကောင်းတွေအတိုင်း လိုက်နာကြိုးစား ကျင့်သုံးနေကြသူတိုင်းဟာ ဆရာကြီးနဲ့ ဘ၀မခြား ထာဝရ လက်ပွန်းတတီးနေထိုင်ခွင့်ရသူ စစ်စစ်တွေ ဖြစ်ကြမှာပါ။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုသွားတယ်ဆိုတာ ဘုရားရှင်တို့ ကွယ်လွန်သွားတာ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့ အဆုံးအမတွေ မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းထမ်းဆောင်၊ လိုက်နာကျင့်သုံးနေကြတဲ့ တပည့်သာဝကတွေ ရှိနေသမျှ ဘုရားရှင် မကွယ်လွန်ပါဘူး။ သာသနာ နေလို လလို အဓွန့်ရှည်ကြာ ထွန်းလင်း ထင်ရှားရှိနေတာဟာ ဘုရားရှင် မကွယ်မပ ထွန်းလင်း ထင်ရှားရှိနေခြင်းရဲ့ သင်္ကေတာပါ။

ဆရာကြီး ဦးဝင်းတင်လည်း ဘ၀ဟောင်းမှ ဘ၀သစ်သို့ ကူးပြောင်းသွားတယ်ဆိုတာ ကွယ်လွန်သွား တာ မဟုတ်ပါဘူး။ သူ့ရဲ့ လမ်းညွှန်ချက်တွေ၊ ရည်မှန်းချက်တွေ လုပ်ဆောင်ကျင့်သုံးချက်တွေအတိုင်း တက်ညီ လက်ညီ ကြိုးစားကျင့်သုံးနေသူတွေ ရှိနေသမျှ ဒီလူတွေနဲ့အတူ ဆရာကြီး အမြဲရှိနေပါတယ်။ ဒီလို တပည့်ကောင်းတွေဟာ ဆရာကြီးနဲ့ လက်ပွန်းတတီးနေခွင့် ရနေသူတွေဖြစ်သလို သူတို့ရဲ့ ကြိုးစားမှုရလဒ်အဖြစ်နဲ့ ဒီမိုကရေစီခေတ်စစ်စစ်ကြီး ထွန်းလင်းထင်ရှားလာပြီဆိုရင်တော့ ဒါဟာ ဆရာကြီး ဦးဝင်းတင် ထွန်းလင်းထင်ရှားရှိနေခြင်းရဲ့ သင်္ကေတလို့ ဆိုရမှာ မလွဲပါဘူး။

 

ပြည်သူအားလုံး ဆရာကြီး ဦးဝင်းတင်နဲ့ လက်ပွန်းတတီး နေနိုင်ကြပါစေ ….။

ဆရာကြီး ထွန်းလင်းထင်ရှား ရှိနေကြောင်း အမြန်ဆုံး သိသာ မြင်သာပါစေ ….။

သိသာမြင်သာ ထွန်းလင်းထင်ရှားမှု အဓွန့်ရှည်ကြာ တည်တံ့ပါစေ ….။

 

 

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

၂၄-၄-၂၀၁၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts