ဒီမိုကရေစီ အစဉ်အလာ နှင့် သတင်းစာ
ဟံသာဝတီ ဦးဝင်းတင်
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) ။ ဧပြီ ၂၄၊ ၂၀၁၄
U Win Tin @ NLD Headquarters in Rangoon
Photo by James Mackay
Copyright © James Mackay / enigmaimages.net
ယခုခေတ်တွင် ဒီမိုကရေစီ သူသော စကားလုံးကို ရေလဲ အမျိုးမျိုးနှင့် သုံးနေကြ၏။ ဒီမိုကရေစီသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၇၅၀) ခန့် လွန်ခဲ့သော နှစ်ပေါင်း (၂၇၀၀) ကျော်က ဂရိနိုင်ငံငယ်များမှ ထွန်ကားလာခဲ့သော စကားဖြစ်၍ သက်တမ်းရှည်လှလေပြီ။
သက်တမ်းရှည်သည်နှင့် အမျှ ယခုခေတ် ဒီမိုကရေစီများကလည်း ဂရိခေတ် ဒီကိုကရေစီ နှင့် တူကြတော့မည် မဟုတ်။ ဝါဒကွဲ အမျိုးမျိုးတွေ ထုတ်နေကြပြီ ဖြစ်၏။
ရှေးခေတ် မြန်မာကြီးများသည် ဒီမိုကရေစီ ဟူသော စကားကို ကြားဖူးကြပါကုန်၏လော။ ဤအချက်ကို အတပ်မပြောနိုင်၊ ကြားဖူးချင်မှ ကြားဖူးလိမ့်မည်။ သို့သော် ကြား မကြား အပထား၊ ရှေးခေတ် မြန်မာကြီးများသည်လည်း သူ့နည်းနှင့်သူ ဒီမိုကရေစီ သဘောတရားများ ထားကြ၊ ကျင့်သုံးကြ သည်မှာကား အမှန်ဖြစ်ပေသည်။
သို့ဖြစ်လျှင် မြန်မာကြီးများသည် ဒီမိုကရေစီ သဘောတရားများကို ဘယ်က ရကြသနည်း။ အဖြေကား ပိဋကတ်စာပေများမှ ရကြခြင်းဖြစ်၏။ ဘုရားလက်ထက်တော်က ဝေသာလီပြည်သည် ဒီမိုကရေစီ သဘောတရားများကို ကျင့်သုံးသော နိုင်ငံ ဖြစ်၏။ ဝေသာလီပြည် ဒီမိုကရေစီ သဘောတရားကို ပိဋကတ်စာပေများက မြန်မာပြည်တွင်းသို့ ဆောင်ကြဉ်းလာကြသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ အုပ်စိုးရေးသည် လူထုက တင်မြှောက်သော အစိုးရ၊ လူထု ကိုယ်တိုင် ပါဝင်သော အစိုးရမျိုး မဟုတ်ဘဲ သူ့ခေတ် သူ့ အခါ အလျောက် သက်ဦးဆံပိုင် အစိုးရမျိုး ဖြစ်ကြစေကာမူ များစွာသော ဘုရင်တို့သည် တိုင်းသူပြည်သား အကျိုး၊ သားစဉ် မြေးဆက် သယ်ပိုး ဆောင်ရွက် ခဲ့ကြရုံသာမက ဒီမိုကရေစီ နှင့် တူညီသော ကျင့်စဉ် ကျင့်ဝတ်များကို လေးစားကျင့်သုံးခဲ့ကြလေသည်။
ပုဂံခေတ်တွင် ဘုရင်များကို လွတ်လပ်စွာ တင်လျှောက်နိုင်ကြောင်း၊ ဘုရင်က သိမ်းထားသော လယ်မြေများကိုပင် ပြန်လည်တောင်းဆိုနိုင်ကြောင်း အချို့ကျောက်စာများတွင် တွေ့ကြရ၏။
အင်းဝခေတ်တွင် မင်းကြီးစွာစော်ကဲ က အမတ်ကြီး ဘိုးရာဇာ အား ‘ငါသည် ကျွန် နှင့် သခင် တို့၏ ဆွေးနွေးခြင်းမျိုးကို အလိုမရှိ၊ မင်း နှင့် အမတ်တို့ ၏ ဆွေးနွေးခြင်းမျိုးကိုလည်း မလိုလား၊ ပညာရှိတို့ ၏ ဆွေးနွေးခြင်းကိုသာ လိုလား တောင့်တ၏။ အမတ်ကြီး ရဲရင့်စွာ တင်လျှောက်ပါလော့’ ဟု အခွင့်အရေး ပေးတော်မူသည်။
ဤ သည်တို့မှာ ဒီမိုကရေစီ သဘောတရားများပင် မဟုတ်ပါလော။
ထို့နောက် မင်းကြီး စွာစော်ကဲ နတ်ရွာလားပြီးနောက် သားတော် မင်းခေါင် နန်းတက်သည့်အခါ အမတ်ကြီး ဘိုးရာဇာ ကို ခေါ်၍ ‘အဘိုး၊ ဘယ်သို့ ကျင့်သော် တိုင်းသားနိုင်ငံ ဝပြော စည်ပင်အံ့နည်း’ ဟု မေးတော်မူသည်။ ထိုအခါတွင် အမတ်ကြီး က
“ပြည် ၏ တံခွန် ကို မညစ်နွမ်းစေရ၊ ပြည် ၏ တံခါးကို မပိတ်ရ၊ ပြည် ၏ ဦးကင်းကို မလှဲရ၊ ပြည် ၏ ဝမ်း၊ ပြည် ၏ မျက်စိကို မဖောက်ရ၊ ပြည့် စွယ် ကို မချိုးရ၊ ပြည်၏ ကျေးဇူး ကို မထိမ်မြူးရ၊ ပြည် ၏ မျက်နှာ ကို မဖျက်ရ”
စသည် ဖြင့် ကျင့်ဝတ် လမ်းစဉ် ချပေးသည်။
ဤ လမ်းစဉ်ကို ဘုရင် မင်းခေါင် သာမက ဘုရင် အဆက်ဆက်တို့ လိုက်နာ ကျင့်သုံးခဲ့ကြရာ ထို လမ်းစဉ် သည်လည်း မြန်မာ့ဒီမိုကရေစီများပင် မဟုတ်ပါသလော။
အထက်ပါ ကျင့်စဉ် အတိုင်း ကျင့်သုံးခဲ့သဖြင့် ညောင်ရမ်းခေတ် သာလွန်မင်းကြီး လက်ထက်တွင် တိုင်းပြည် လွန်စွာ သာယာခဲ့၏။ ကုန်းဘောင်ခေတ် စဥ့်ကူးမင်း လက်ထက်တွင်လည်း စပါး ဆန်ရေ ပေါ၍ တိုင်းပြည်တွင် ခိုးသားဓါးပြ လုံးဝကင်းခဲ့၏။
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက် မြန်မာ့ဒီမိုကရေစီ ကို အမတ်ကြီးဦးပေါ်ဦး ၏ လျှောက်ထုံးများက သက်သေခံပြု၏။ ဦးပေါ်ဦးသည် ဘိုးတော်ဘုရားအား ရှင်ဘုရင်ဝါး မဝသေးဟု ပြောခဲ့ရုံသာမက ဘုရင် က မြေသိမ်းသော အမှုတွင် ဘုရင်ကို ဆင့်ဆို၍ တရား အရှုံးစီရင်ဝံ့သည်မှာ မြန်မာ့ဒီမိုကရေစီ သာဓကပင် ဖြစ်၏။
ထို့အတူ ‘ရှင်ဘုရင်သည် ရှင်ဘုရင် အလုပ်ကိုသာ နားလည်သည်၊ စစ်တိုက်ခြင်း အရေးမှာ ရှင်ဘုရင် နားမလည်၊ ဗိုလ်ပြင်သာ နားလည်သည်’ ဟု ရွှေဘိုမြို့ဝန် ဗိုလ်ပြင်က မင်းတုန်းမင်းကြီး ကို ဆိုဖူးသည်။ မင်းတုန်းမင်းကြီးက စိတ်ဆိုးတော် မမူ။ သည်နေရာ တွင် ငါ မှားလေသည် ဟု ဝန်ခံတော်မူသည်မှာလည်း မြန်မာ့ဒီမိုကရေစီ သဘောပင် ဖြစ်တော့၏။
ဗိုလ်ပြင်သာ မဟုတ် ထိုခေတ်က ယောအတွင်းဝန် ဦးလှိုင် နှင့် ဗန်းမော် ဆရာတော် တို့သည်လည်း အဆိုအမိန့်၊ အလျှောက်အထား ရဲဝံ့ကြသော ပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။
မင်းတုန်းမင်းကြီး သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်များကို ပေးခဲ့သည်။
‘ငါ မကောင်း ငါ့ ရေး၊ ငါ့ မိဖုရားတွေ မကောင်း ငါ့ ဖိဖုရားတွေ ရေး၊ ငါ့ သားတော်၊ သမီးတော်တွေ မကောင်း ငါ့ သားတော်သမီးတွေ ရေး၊ လွှတ်တော် တရားသူကြီးတွေ မကောင်း လွှတ်တော်တရားသူကြီးတွေ ရေး၊ မြို့ဝန်တွေ မကောင်း မြို့ဝန်တွေ ရေး၊ မင်းတို့ သတင်းစာ၌ အပြစ်မရှိစေရ၊ မင်းတို့ သတင်းစာတိုက်က မည်သူမဆို အတားအဆီး မရှိ၊ ဝင်စေ ထွက်စေ’ ဟု အမိန့်ချမှတ်ခဲ့သည်။
ဤသည်တို့ကား မြန်မာ့ဒီမိုကရေစီ အစဉ်အလာတို့ပင် ဖြစ်၏။
ယင်း မြန်မာ့ဒီမိုကရေစီ အစဉ်အလာ ကို မညှိုး မခြောက် မသိမ် မဖျင်း စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်သည် ယနေ့ စာနယ်ဇင်းတို့၏ ပုခုံးပေါ်၌ ကျရောက်နေလေသည်။
ထို အစဉ်အလာကို တဘက်မှ ထိန်းသိမ်း စောင့် ရှောက် ရင်း တဘက် မှ တိုးတက်ခိုင်မာ သည် ထက် တိုးတက်ခိုင်မာအောင် ကြိုးပမ်းကြပါစို့။
ဝင်းတင်
BJA ထုတ် သတင်းစာ စာစောင်
(မိုးမခ မှတ်ချက် – စာပြီး၊ ပုံနှိပ် ရက်စွဲ ခုနှစ် မှတ်တမ်း အတိအကျ မသိပါ။ ခုနှစ် အရ စောဟန် ရှိသည်။ တိုင်းပြည် ရဲ့ လွတ်လပ်ရေး ဒီမိုကရေစီ အရသာ ဆုံးရှုံးခါနီး ကာလ၊ စစ်အာဏာရှင်စနစ် အရိပ်အယောင် တွေ စတင် တွေ့မြင်ရခါစ ကာလ အိမ်စောင့် အစိုးရ ခေတ် တဝိုက် ဆရာဦးဝင်းတင် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး တာဝန် ယူနေစဉ်တွင် ရေးသားခဲ့ဟန်ရှိသည်ဟု ခန့်မှန်းရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (Burma Journalists Association) ထုတ်သည့် လစဉ် စာစောင် ‘သတင်းစာ’ တွင် ခေါင်းကြီး အာဘော် အဖြစ် မူရင်း ပုံနှိပ်ခဲ့သည်။ ကိုမောင်မောင်မြင့် မျှဝေသည့် ၂၀၀၅ ခုနှစ် မတ်လထုတ် ဦးဝင်းတင် အထိမ်းအမှတ် ဥဒါန်းစာစောင် အမှတ် ၃ မှာ ပြန်လည် ပုံနှိပ်ခဲ့သည့် ဗားရှင်း ကို ယခု မိုးမခ က ဦးဝင်းတင် ကွယ်လွန်ခြင်း အမှတ်တရ အဖြစ် စာရိုက် ပြန်လည် တင်ဆက်ခြင်း ဖြစ်သည်။ ပုံနှိပ်ခဲ့သည် စာနယ်ဇင်းများ နှင့် ဆောင်းပါး ကို ဓာတ်ပုံ အဖြစ် မျှဝေခဲ့သူ ကိုမောင်မောင်မြင့် ကို ကျေးဇူးတင်ရှိကြောင်း မိုးမခက မှတ်တမ်းတင်အပ်ပါသည်။)