ဖြစ်ရပ်များ၊ အမှတ်တရများ

ပါတီဦးဆောင် တက်တက်ပြောင် (Ohn Naing)

ဒီမိုကရေစီ အရေးတော်ပုံ (၁၈)
ပါတီဦးဆောင် တက်တက်ပြောင်
အုန်းနိုင်၊ နိုဝင်ဘာ ၂၊ ၂၀၁၃
               နောက်နေ့ မှာတော့ ဒီမြို့ မှာ အေးအေးချမ်းချမ်းပါဘဲ။ မနေ့က ကျနော်ရဲ့  ပန်ကြားချက်
အရ ဈေးဆိုင်တွေလည်း ပြန်ပြီးဖွင့်တယ်။ လူတွေကတော့ ဟိုအနား စုစု ဒီအနားစုစု ဘဲ။ သစ်ပင်တွေ
မှာ ပိုစတာကလေးတွေ ပေါ်လာတယ်။ ရုတ်တရက်လုပ်ရတာမို့   ဗလာစာရွက် နှစ်မျက်နှာဖြန့် ထားတဲ့ အပေါ်မှာ ဆော့ပင်နဲ့ ထပ်ရေးတဲ့ ပုံမျိုး ခပ်ဝေးဝေးက ဖတ်မရပါ။ ဒီတော့အနီးကပ်ပြီး ဖတ်ကြပါတယ်။ ဖတ်ပြီးတော့ လူတွေရဲ့ မျက်နှာဟာ ပြုံး  ဖြီးဖြီး ဖြစ်သွားကြပါတယ်။
‘ပါတီဦးဆောင် တက်တက်ပြောင်၊
ကောင်စီကြီးကြပ် ထမင်းငတ်’
တော်တော့်ကို ဘဝင်ခိုက်လောက်တဲ့ ပိုစတာ ဖေါ်ပြချက်ပါ။ လူတွေရဲ့  လက်ရှိ အဖြစ်နဲ့  ဒက်ကနဲ တန်းမိသွားတာပဲ။ ဒီအချိန် မတိုင်ခင်ကာလ အထိ   ဒီပါတီဦးဆောင်မှု ကောင်စီကြီးကြပ်မှု   ဆိုတာဟာ
လက်သုံးစကား ဖြစ်နေတာ။ လမ်းသန့် ရှင်းရေးလုပ်ရင်လည်း ပါတီဦးဆောင်မှုနဲ့  ကောင်စီကြီးကြပ်မှု၊ သူ့ဘာသာသူ လယ်သမားလယ်လုပ်တာလည်း ပါတီဦးဆောင်မှု နဲ့  ကောင်စီကြီးကြပ်မှုဘဲ။   ကျောင်းတွေမှာ စာမေးပွဲစစ်နေရင်တောင် ပါတီကလူတွေ ကောင်စီကလူတွေ ရောက်လာပြီး ဦးဆောင်တာ၊ ကြီးကြပ်တာ လုပ်တတ်တာဆိုတော့ ‘ပါတီဦးဆောင် တက်တက်ပြောင်’ ဆိုတာက…ဒက်ခနဲ ..။’ကောင်စီကြီးကြပ် ထမင်းငတ်’ ဆိုတာ ကျတော့   သွေးထွက်အောင်ကို မှန်တော့တာပေါ့။
ဒီနေ့တော့ ရုံးကို မသွားတော့ဘူး။ အသုတ်လိုက် လူငယ်ကျောင်းသားတွေနဲ့   တွေ့ ရတယ်။ ဘာကြောင့် ဆန္ဒပြပွဲရပ်ဆိုင်းဖို့ မေတ္တာရပ်ခံရ  တဲ့ အကြောင်း…။ လူထု အစည်းအဝေးကြီးများကို
ဦးဆောင်ကျင်းပတဲ့အခါမှာ အစည်းအဝေး ထိန်းတတ်ဖို့ လိုကြောင်း လူထုကို ဦးဆောင်တဲ့ နေရာမှာ စနစ်တကျ ဥိးမဆောင်နိုင်ရင် လူထု နောက်လိုက် ဖြစ်သွားပြီး အကြမ်းဖက်တဲ့ဆီ ရောက် သွားတတ်ကြောင်း “ပဲရစ်ကွန်မြူး”တို့   ၊ရုရှား အောက်တိုဘာ တော်လှန်ရေးတို့  ၊ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွင်းက ၊ကျော်ကြားလှတဲ့ တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံ တို့   ကို နမူနာထားပြီး ပြောရပါတယ်။ ခေါင်းဆောင်တဲ့သူတွေ အတွင်းမှာ ညီညွတ်ဖို့   ၊ သီးခံဖို့  ..။နောက်ကျတဲ့ သူတွေက ရှေ့ ကိုရောက်ချင်လို့  ဇွတ်တိုးထွက်တာမျိုးတွေ  ရှိနိုင်ပြီး..။ သူတို့ က သူများထက်ပိုကဲပြီး သူရဲကောင်းလုပ်ချင်ပုံတွေကို ရှေ့ လျှောက်တွေ့ ရဦး မယ်လို့ ဗဟုသုတ ရရာရကြောင်းနဲ့ ကိုယ့်အပေါ်သူတို့  ယုံကြည်လာအောင်လည်း   ပြောရတယ်။ ပြီးတော့သူတို့   ကျောင်းသားတွေဖာသာ ခေါင်းဆောင်ပြီး တိုက်တဲ့ပွဲကို   အချောင်ခေါင်းဆောင်မှု  ယူဖို့ ရည်ရွယ်ချက်မရှိကြောင်းလည်း ပြောရပါတယ်။
               အခု လှုပ်ရှားမှုဟာ ဒီမိုကရေစီလှုပ်ရှားမှုသာ ဖြစ်ပြီး ဘယ်နိုင်ငံရေးအဖွဲ့ ရဲ့ လိုင်းမှ မဟုတ်တာ။ ဒီမိုကရေစီဆိုတာ    ကိုယ်က ရတာချည်း    မဟုတ်ပဲ    သူများကိုလည်း    အခွင့်အရေးပေးရတာတွေကို
အတော်ကလေး ပြောဆို   ဆွေးနွေးရပါတယ်။ လှုပ်ရှားမှုကြောင့်   သွေးဆူနေတုန်း မို့ လား မသိ
သဘောပေါက်လွယ်တယ်။ သဘောတရားနဲ့   လက်တွေလာပြီး ကိုက်ညီတာတွေကြောင့် မြန်မြန်နိုင်ငံရေး အသိမြင့်တက်လာကြတယ်။
တပြို င်နက်ထဲမှာပဲ ဘိုင်စကယ်တစ်စီးနဲ့  လျှောက်သွားပြီး နည်းနည်းလူစုမိတဲ့ နေရာရှိရင် ဒါမှမဟုတ် အရေးပါတဲ့ပုဂ္ဂိုလ်တွေရဲ့  အိမ်တွေကို   ဒီသဘောတွေကို ဝင်ဆွေးနွေးရှင်းပြ တယ်။   ကိုယ့်ကို ရေရှည်မှာ   အထင်မလွဲအောင်လို့    ကြို တင်ရှင်းလင်းတဲ့သဘောပေါ့။ တချို့က ဆန္ဒပြပွဲကိုရပ်ဖို့ မေတ္တာရပ်ခံတာ ပါတီကောင်စီက ဖိအားပေးလို့လား လို့  မေးကြပါတယ်။ မဟုတ်ကြောင်းနဲ့   လိုအပ်တယ်ထင်လို့    သူတို့ ဆီက အကူအညီတောင်းပြီး လုပ်တာသာ   ဖြစ်တယ်
ဆိုတာလည်း ပြောပြရပါတယ်။ အခုအထိတော့ အားလုံးကဘဲ   အခြေအနေကို   ဆရာကြီးဘဲ
ဆက်ထိန်းပေးပါလို့  ပြောကြပါတယ်။   ကျနော်ကလည်း အားလုံးကလည်း ဝိုင်းဝန်းကြ  ဘို့ .။ နားလည်မှု
ရှိကြဘို့ တွေ ဆွေးနွေးရပါတယ်။
                    ရှေ့   မှာ ဆက်ဖြစ်လာမဲ့ နိုင်ငံရေး အခြေအနေကိုလည်း မေးမြန်းကြပါတယ်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ပြောဖို့  စောနေသေးကြောင်းနဲ့     အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ
အမှန်ဘက်က ရပ်တည်ရလို့   အားရကြောင်း၊ နောင်တကယ်လို့  မအောင်မြင်ရင်လည်း၊ ဘယ်မှထွက်ပြေးဖို့  မလိုဘဲ   မိဘပြည်သူရင်ခွင်ကြားမှာဘဲ   ဖြစ်လာသမျှကို ကြံ့ ကြံ့ ခံရမှာပဲ ဖြစ်တဲ့အကြောင်းတွေ ပြောဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာတော့ ရုံးကို တခါတရံ မှသာ ရောက်ပါတော့တယ်။ ရောက်ခိုက်မှာ ဥက္ကဌက ရုံးဘေးမှာ သက်သေခံပစ္စည်းအဖြစ် သိမ်းထားတဲ့ ဟီးနိုးကားကြီး နှစ်စီးကို သူ အာမခံပေး လိုက်ချင်ကြောင်းပြောပါတယ်။ ဒီကိစ္စကတော့ ဥက္ကဌသဘောဘဲ အမှုကလည်း ဥက္ကဌ အဖွဲ့ က လက်ခံစစ်ဆေးနေတဲ့ အမှု၊ ပြီးတော့ ကျနော်နဲ့  ရုံးနဲ့ ကတော့ အလှမ်းကွာသွားပြီ။ အခုချက်ခြင်း နှုတ်ထွက်စာတင်လိုက်ရင် ကျန်တဲ့လူတွေအပေါ်မှာ   ဖိအားတွေ ကျလာမှာစိုးလို့    ကျနော် ခဏထိန်းနေတာလို့ ပြောလိုက်ပါတယ်။ ကျနော့်အဖွဲ့ ရဲ့    အမှုတွေကတော့ ရက်ချိန်းပေးပြီး ပြန်လွှတ်နေကြရတာပေါ့။
(၁၉) သားသတ်သမားရဲ့  နိဂုံး  …ကို ဆက်ပါမယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts