ကဗျာ

မောင်စိုးချိန် – မိစ္ဆာတို့ဖန်တီးတဲ့ ကြောက်ရွံ့မှုနွံအိုင်ထဲမှာ

မိစ္ဆာတို့ဖန်တီးတဲ့ ကြောက်ရွံ့မှုနွံအိုင်ထဲမှာ
မောင်စိုးချိန်
ဧပြီ ၁၁၊ ၂၀၁၄

ခေတ်စနစ်ဆိုးထဲ

အုပ်စိုးသူ မိစ္ဆာက

လူပျော့ လူညံ့တွေမွေးတယ်။

သတ္တိခွန်အားကင်းမဲ့သူ

လူဖျင်းတွေကိုမွေးတယ်။

တံပိုးတင် မောင်းလို့ရတဲ့

ကျေးကျွန်တွေကိုမွေးတယ်။

တချို့အမေတွေ လူကြောက်

တချို့အဖေတွေလဲလူကြောက်

ဘဝတလျှောက်

ကြောက်မွေးတွေ

ကြောက်သွေးတွေနဲ့ အသက်ရှင်ခဲ့။

ဟော  လူကြောက်ကြီးနှစ်ယောက်ပေါင်း

လူကြောက်ကလေး အထောင်အသောင်းမွေးခဲ့။

မိစ္ဆာ အာဏာရှင်နဲ့

လူဖျင်း လူညံ့ လူကြောက်တို့လက်ထဲမှာ

တိုင်းပြည် သုံည ဖြစ်နေတတ်ရဲ့

ကျဆုံးနေတတ်ရဲ့။

ဒါပေမဲ့

သတ္တိခွန်အား ၊ ကြီးမားသူတွေပေါ်ထွက်

သူတို့လက်ထဲက တိုင်းပြည်

သုံညဟာ တရာဖြစ်လာ

တရာက အထောင်အသောင်းအမြင့်

အဆင့်ဆင့် တိုးတက်လွတ်မြောက်သွား။

မိစ္ဆာတို့လက်ချက်နဲ့

မျိုးဆက်တသက်စာ

လူကြောက်တို့ခမျာ

သမိုင်းရဲ့ ဒဏ်ခတ်ရာ

ခေတ်တာဝန် မကျေပွန်သူ

ဆုတ်ယုတ်သူ

တန်ဘိုးမဲ့သူအဖြစ်နဲ့

မြေကျင်းထဲဝင်သွားကြ

တချို့ ပြာမှုန်။     ။

မောင်စိုးချိန်
၀၃ ၊ ၂၉ ၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts