တူမောင်ညို သူတို့အာဘော်

Tu Maung Nyo – စစ်အာဏာရှင်စနစ်၏ သဏ္ဍာန်နှင့် အနှစ်သာရ ကုန်စင်အောင် တိုက်ဖျက်ကြ

စစ်အာဏာရှင်စနစ်၏ သဏ္ဍာန်နှင့် အနှစ်သာရ ကုန်စင်အောင် တိုက်ဖျက်ကြ

တူမောင်ညို၊ ဧပြီ ၁၁၊ ၂၀၁၄

အနှစ်သာရအရ ပြောရလျှင် ၁၉၆၂ မတ်လ ၂ ရက်မှ ယနေ့အထိ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် စစ်အာဏာရှင်စနစ်သည် မင်းမူနေဆဲသာဖြစ်သည်။ မြင်လွယ်အောင်ပြောရလျှင် စစ်အာဏာရှင်စနစ်ဆိုသည်မှာ စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင်တပ် အဖြစ် ဂုတ်ခွစီးထားပြီး နိုင်ငံရေးနှင့် စီးပွားရေးအသက်သွေးကြောမှန်သမျှကို လွှမ်းမိုးချုပ်ကိုင်ထားသည့် စနစ်ပင်ဖြစ်သည်။

၁၉၆၂ မှ ယနေ့အထိ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်အပေါ်မူတည်၍ စစ်အာဏာရှင်စနစ်သည် အသွင်သဏ္ဍာန် အား ဖြင့် အမျိုးမျိုးပြောင်းလဲခဲ့ရသည်။

၁၉၆၂ မှ ၁၉၇၄ အထိ “တော်လှန်ရေးကောင်စီ ”

၁၉၇၄ မှ ၁၉၈၈ အထိ “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” (၁၉၇၄ အခြေခံဥပဒေ)

၁၉၈၈ မှ ၂၀၁၁ အထိ “ (နဝတ- နအဖ) စစ်ကောင်စီ ”

၂၀၁၁ မှ ယနေ့အထိ “ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ” (၂၀၀၈ အခြေခံဥပဒေ)

ယင်းသို့ စစ်အာဏာရှင်စနစ်သည် အပေါ်ယံအသွင်သဏ္ဍာန်တွေအမျိုးမျိုးပြောင်းလဲခဲ့သော်လည်း၊  စစ်တပ်ကို ခါးပိုက်ဆောင် တပ်အဖြစ် ဂုတ်ဂွစီးထားပြီး နိုင်ငံရေးနှင့် စီးပွားရေးအသက်သွေးကြောမှန်သမျှကို လွှမ်းမိုးချုပ်ကိုင်ထားသည့် အနှစ်သာရကိုမူ တစ်ရွေး သားမျှ မပြောင်းလဲခဲ့ပါချေ။

စစ်အာဏာရှင်စနစ်ကို ကြိုးကိုင်ခဲ့ကြသောစစ်အာဏာရှင်တို့သည် သေမင်းသည့်နောက်သို့ မလွှဲသာမရှောင်သာလိုက်သွားခဲ့ ကြရမည်ဖြစ်သော်လည်း ငကန်းသေလျှင် ငစွေပေါ်သည့်ထုံးနှယ် ဗိုလ်နေဝင်းပြီးနောက် ဗိုလ်သန်းရွှေ မင်းမူခဲ့ပေ၏။

ဗိုလ်နေဝင်းသည် ယနေ့ဖွံ့ဖြိုးကြီးထွားနေသော စစ်အာဏာရှင်စနစ်၏ခေါင်းကိုင်ဖခင်ကြီးပင်ဖြစ်ပြီး၊ ဗိုလ်သန်းရွှေသည် ဗိုလ်နေ ဝင်း၏အရိုက်အရာ၊ အမိုက်အမှားကို ဆက်ခံထိန်းသိမ်းသူ၊ တိုးချဲ့ကာကွယ်သူပင်ဖြစ်သည်။ ယနေ့အခါတွင် ဗိုလ်သန်းရွှေသည် သူ၏ အရိုက်အရာ၊ အမိုက်အမှားနှင့်အာဏာအမွေကို “၂၀၀၈ အခြေခံဥပဒေ” ဖြင့် ခွဲဝေပေးထားခဲ့ပြီး ကန့်လန့်ကာနောက်ကွယ်သို့ ဝင်သွားခဲ့ ပြီမဟုတ်သလော။

“တော်လှန်ရေးကောင်စီ၊ (မဆလ)နှင့် ၁၉၇၄အခြေခံဥပဒေ၊ (နဝတ-နအဖ) စစ်ကောင်စီ၊ ကြံ့ဖွံ့အစိုးရနှင့်၂၀၀၈အခြေခံဥပဒေ”  စသဖြင့် မည်သည့်အပေါ်ယံအသွင်သဏ္ဍာန်ယူထားသည်ဖြစ်စေ၊  စစ်အာဏာရှင်စနစ်၏ အနှစ်သာရကို အမြင်သာဆုံးနှင့်ဖုံးကွယ်ပယ် ဖျောက်၍မရသည့် အချက်များမှာ

–    စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တွန်းလှန်သည့် လူမျိုးပေါင်းစုံပြည်သူများ၏ ဆန္ဒပြ တောင်းဆို၊ တိုက်ပွဲ ဝင်မှုများကို အကြမ်းဖက်ဖိနှိပ်သည်၊

–    တိုင်းပြည်နှင့်ပြည်သူလူထု၏ (နိုင်ငံရေး၊ စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊လူမှုရေ၊ ယဉ်ကျေးမှု) အထွေထွေဘဝ သည် ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲပြာကျသွားစေသည်၊ (ဗိုလ်နေဝင်းစစ်အုပ်စုကအဆင်းရဲဆုံးတိုင်းပြည် (LDC) ဘဝကျရောက်စေ ခဲ့ပြီး၊ ဗိုလ်သန်းရွှေစစ်အုပ်စုက  ဆင်းရဲတွင်းနွံထဲ နစ်သထက်နစ်အောင် ဝါးကူ၍ ထိုးခဲ့ကြသည်)

–    စစ်အုပ်စုထိပ်သီးများသည် ထားစရာမရှိအောင် ချမ်းသာကြွယ်ဝသူများဖြစ်လာစေသည်၊

ထို့ကြောင့် စစ်အာဏာရှင်စနစ်သည်

–    တိုင်းပြည်နှင့်လူထုအားမွဲပြာကျစေပြီး စစ်အုပ်စုအား ကျိကျိတက်ချမ်းသာစေသည့်စနစ် ဖြစ်သည်။

–    ပြည်တွင်းစစ်ကို မရပ်စဲနိုင်၊ ပြည်တွင်းငြိမ်းချမ်း မတည်ဆောင်နိုင်သည့်စနစ် ဖြစ်သည်။

–    တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလက်မခံ၊ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုမှုကို ဆန့်ကျင်သည့်စနစ် ဖြစ်သည်။

သို့ပါ၍ ဗိုလ်နေဝင်းအုပ်စိုးခဲ့သည့် (၁၉၆၂ မှ ၁၉၈၈) အထိကိုလည်းကောင်း ဗိုလ်သန်းရွေ- ဗိုလ်မောင်အေး- ဗိုလ်ခင်ညွန့်တို့ (နဝတ-နအဖ) အုပ်စိုးခဲ့သည့် (၁၉၈၈ မှ ၂၀၁၁) အထိကာလကိုလည်းကောင်း၊ ဗိုလ်ရွှေမန်း- ဗိုလ်သိန်းစိန်- ဗိုလ်မင်းအောင်လှိုင်တို့၏ ကြံ့ဖွံ့အစိုးရ၏ ၃ နှစ်တာ ကာလကိုလည်းကောင်း အထက်ပါအချက်များဖြင့် နှိုင်းယှဉ်ချိန်ထိုးတိုင်းတာကြည့်လျှင် စစ်အာဏာရှင်စနစ်၏ အတွင်းသရုပ်ကို အရှင်းသား၊ အထင်းသာမြင်နိုင်ပါသည်။

စစ်အာဏာရှင်စနစ်၏  အဓိကအချက်အချာမှာ စစ်အုပ်စုဖွဲ့ကာ စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် လွှမ်းမိုးချုပ်ကိုင်ထားပြီး နိုင်ငံရေး/စီးပွားရေးတွင် လက်ဝါးကြီးအုပ်ချုပ် ချယ်လှယ်ခြင်းပင်ဖြစ်သည်။ စစ်အုပ်စုက စစ်တပ်ကို ထာဝစဉ်ချုပ်ကိုင်ထားနိုင်သမျှ စစ်အာဏာရှင် စနစ်ထာဝစဉ်အာဏာတည်မြဲနေမည်သာဖြစ်သည်။

ထိုသဘောကို ဗိုလ်နေဝင်းက သူ့အုပ်စိုးမှု (၁၉၆၂ မှ ၁၉၈၈ ) အတွင်း လက်တွေ့ပြသခဲ့သည်။

ဗိုလ်နေဝင်းသည် သူကိုယ်တိုင် ကာချုပ်အဖြစ် (၁၉၄၉ မှ ၁၉၇၂ အထိ) လုပ်ခဲ့သည်။ ယင်းနောက် သူ့စိတ်ကြိုက် သူ့ရုပ်သေး ကာချုပ်ကလေးတွေကို နန်းတင်ပေးခဲ့သည်။

ဗိုလ် စန်းယု (၁၉၇၂ မှ ၁၉၇၄)

ဗိုလ် သူရ တင်ဦး (၁၉၇၄ မှ ၁၉၇၆) (ဒီချုပ်နာယကကြီး သူရဦးတင်ဦး)

ဗိုလ် သူရ ကျော်ထင် (၁၉၇၆ မှ ၁၉၈၅)

ဗိုလ် စောမောင် (၁၉၈၅ – ၁၉၉၂)

ဗိုလ် သန်းရွှေ (၁၉၉၂ – ၂၀၁၁)

ဗိုလ်နေဝင်းသြဇာဖြင့် ဗိုလ်စောမောင်ကို ဖယ်ရှားခဲ့ကြပြီး၊ ဗိုလ်သန်းရွှေကို တင်ခဲ့ကြသည်။ ထိုအချိန်၌ ဗိုလ်နေဝင်းသည် ခေါင်းဖြူစွယ်ကျိုး ဖြစ်နေပြီ၊ “၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး” ကြောင့် ဗိုလ်နေဝင်းသည် ကန့်လန့်ကာနောက်ကွယ်သို့ ဝင်သွားရသည်။ ဗိုလ်သန်းရွှေသည် ၂၀၀၄ ခုနှစ်၊ ဗိုလ်ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ကို ဖယ်ရှားဖြိုဖျက်ပြီးမှသာ ပြိုင်ဘက်ကင်းသည့် အာဏာရှင် ဖြစ် လာခဲ့ခြင်းဖြစ်သည်။

သို့ဖြင့် ဗိုလ်သန်းရွှေသည် ဗိုလ်နေဝင်းထုံးနှလုံးမူ၍ (၁၉၉၂ မှ ၂၀၁၁) အထိ နှစ် ၂၀ နီးပါး ကာချုပ် လုပ်သွားခဲ့သူဖြစ်သည်။ ဗိုလ်နေဝင်းကား (၁၉၄၉ မှ ၁၉၇၂ ) အထိ ၂၃ နှစ် ကာချုပ်လုပ်ခဲ့သူဖြစ်သည်။ ဗိုလ်သန်းရွှေသည် ဗိုလ်နေဝင်းကဲ့သို့ သူ့စိတ်ကြိုက် ကာချုပ်ကလေးတွေ နန်းတင်ပေးသွားနိုင်ခြင်းမရှိခဲ့၊

ဗိုလ်နေဝင်းကဲ့သို့ ပြည်တွင်းပြည်ပအခြေအနေက ဗိုလ်သန်းရွှေအား မျက်နှာသာမ ပေးခဲ့။ ဗိုလ်နေဝင်း၏ “မြန်မာ့ဆိုရှယ်လစ်”ကို အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ ဂျပန်တို့က သူ့နည်းသူ့ဟန်ဖြင့် ထောက်ခံခဲ့ကြသည်။ အကူ အညီတွေပေးခဲ့ကြသည်။

ဗိုလ်သန်းရွှေကမူ သူ့အာဏာတည်မြဲရေးကို ဖိအားပေးအကြပ်ကိုင်လာသည့် အနောက်အုပ်စု (အမေရိကန်၊ဥရောပ) အား အိမ်နီးချင်း တရုတ်ပြည်ကိုခြေသလုံးဖက်ပြီး ခုခံခဲ့ရသည့်အနေအထားဖြစ်သည်။  သို့အတွက် သူကိုယ်တိုင် နှစ် ၂၀ နီးပါး ကာချုပ်လုပ်ခဲ့ သည်။ သို့သော်လည်း ကာချုပ်အလောင်းအလျာတွေ သတ်မှတ်ခဲ့သည်။ စစ်တပ်ထဲတွင်အဆင့်နေရာတွေ တိုးမြင့်သတ်မှတ်ခဲ့သည်၊ ယခင် က မရှိခဲ့ဖူးသည့် (ညှိနှိုင်းကွပ်ကဲရေးမှူး – ကြည်း/ရေ/လေ)၊  လေကြောင်းရန်ကာကွယ်ရေးရာထူးနေရာအချို့ ဖန်တီးခဲ့ရပြီး၊ (ကစထမှူး) ဆိုသည့်နေရာကို ယခင်က ၂ ခုသာထားရှိရာမှာ ၆ ခု အထိတိုးချဲ့ခဲ့ခြင်း၊ စစ်တိုင်းဌာနချုပ်နှင့် တပ်မများ၊ (စကစ)များတိုးချဲ့ဖွဲ့စည်းပြီး စစ်ပဒေသရာဇ်နယ်စားပယ်စားကလေးများမွေးမြူခဲ့သည်။

ဗိုလ်နေဝင်းက စိတ်ကြိုက်ကာချုပ်တွေ ခန့်ခဲ့သလို၊ ဗိုလ်သန်းရွှေက စိတ်ကြိုက် (ညှိ/ကွပ်) လေကြောင်းရန်ကာကွယ်ရေးနှင့်၊ (ကစထမှူး)များ စိတ်ကြိုက်ခန့်သွားခဲ့သည်။

သို့ဖြင့် ပထမဆုံး(ညှိ/ကွပ်-ကြည်း/ရေ/လေ) သည် ဗိုလ်ရွေမန်း ဖြစ်လာသည်။ ဒုတိယမြောက် (ညှိ/ကွပ်- ကြည်း/ ရေ/လေ) သည် ဗိုလ်မင်းအောင်လှိုင် ဖြစ်ပြီး၊ တတိယနှင့်လက်ရှိ(ညှိ/ကွပ်- ကြည်း/ရေ/လေ) သည် ဗိုလ် လှဌေးဝင်း ဖြစ်သည်။ ယင်း ဗိုလ်သန်းရွှေ ထွင်ပြီး ခန့်ခဲ့သည့် (ညှိ/ကွပ်) များဖြစ်ပြီး။   ဗိုလ်မင်းအောင်လှိုင် ကို ဗိုလ်သန်းရွှေ က ကာချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

သို့ပါ၍ ကာချုပ်မင်းအောင်လှိုင်ပြီးနောက် တက်လာမည့် ကာချုပ်သစ်သည် ဗိုလ် လှဌေးဝင်း (ညှိ/ကွပ်- ကြည်း/ရေ/လေ) ဖြစ် နိုင်သလော။

ပထမဆုံး (ညှိ/ကွပ်) ဗိုလ်ရွှေမန်းသည် ကာချုပ်ဖြစ်မလာခဲ့ချေ။

ဗိုလ်ရွှေမန်း၏  “ရာဇဝင်အူပေါက်” ကို ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၂ တွင် ဖတ်ရသည်။

ဗိုလ်ရွှေမန်းသည် ၁၉၆၉ မှ ၂၀၁၁ အထိ စစ်ဗိုလ်လုပ်ခဲ့သူ ဖြစ်သည်။

သူပြောသည်မှာ ထုံးစံအတိုင်း စစ်တပ်သည်မှာ ဘာမဆိုသင်ကြားပေးသည့်ကျောင်း၊ သူတို့ မလုပ်ဖူးသည့်အလုပ်မရှိ၊ မတတ်သည့်အရာမရှိသည့်  ကြွားလုံးကလေးများဖြင့် ပြောပါသည်။ “ရေးဗူးပေါက်တာမလိုချင်၊ ရေပါဖို့အဓိက” ဆိုသည့် စစ်တပ်ဓလေ့ ကို ဒီမိုကရေစီဓလေ့ဖြစ်သယောင်၊ တပ်ရင်းမှူး၏ ဒါဘာပွဲကိုပင် ဒီမိုကရေစီယောင်ယောင်ပြောသွားသည်။

အဓိကကိုယ်ရည်သွေး ကြွားလုံးမှာ သူသည် နံပတ် ၃ ဖြစ်ခဲ့ကြောင်း၊ နံပတ် ၃ ဟုဘေးခဲ့ပြောတာဖြစ်ပေမယ့် လက်တွေ့ တန်း စီထိုင်သည့်အခါ သူသည် နံပတ်  ၃ ပင်ဖြစ်ကြောင်း၊ သမ္မတဗိုလ်သိန်းစိန်ကိုလည်း သူက  “အကိုကြီး” လို့ခေါ်ကြောင်းပြောသော်လည်း ဗိုလ်သိန်းစိန်သည် သူ့လက်အောက်ကဖြစ်ကြောင်းပေါ်လွင်အောင်ပြောသည်။

“၂၀၀၈ အခြေခံဥပဒေ” ကို အတည်ပြုကြသည် မှာ သူတို့ နံပတ် ၁၊ ၂၊ ၃ တို့ပင်ဖြစ်ကြောင်း၊ ရှေ့မီနောက်မီ လက်စွဲ တော် များကား ရှေ့နေချုပ်ဦးအေးမောင်၊ တရားသူကြီးချုပ် ဦးအောင်တိုး နှင့် ဦးသောင်းညွန့်တို့ ဖြစ်ကြောင်းပြောထားသည်။ (မြန်မာ့ရုပ်/သံ တွင် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း”  တွင် ဦးဆောင်သူ ဦးသောင်းညွန့်၊  ၁၅ အောက်တိုဘာ ၂၀၁၃)

ယခင်က “နိုင်/လုံ” ဆိုတာရှိကြောင်း၊ ယခုတော့ (ကာလုံ)ခေါ်ကြောင်း၊ “နိုင်/လုံ” အစည်းအဝေးများတွင် ပထမပိုင်း၌ “လူကြီး” (ဗိုလ်သန်းရွှေ) ကိုယ်တိုင်လုပ်ကြောင်း၊ နောက် “ဒုတိယလူကြီး”(ဗိုလ်မောင်အေး) လုပ်ကြောင်း၊ နောက်ပိုင်း သူ့ကို (ဗိုလ်ရွှေ မန်း) ကို တာဝန်ပေးကြာင်း “နိုင်/လုံ” အစည်းအဝေးထိုင်ခဲ့ရတာတွေကို အားရကျေနပ်ကြောင်း၊ တသသဖြစ်ကျန်ရစ်ခဲ့ကြောင်း ခပ်သွက် သွက်ကလေး ကြွားပါသည်။ (ယခု ကာလုံ၌ သူသည် “လူကြီး” ဖြစ်ကြောင်းပြောချင်တာဖြစ်သည်)

ဗိုလ်ရွှေမန်း ပြောချင်သည့်အဓိကအချက်မှာ သူသည်  ဗိုလ်သန်းရွှေ၏ လက်ရင်းလူယုံဖြစ်ကြောင်းနှင့်ယနေ့အခါ သူသာလျှင် နံပတ် ၁ ဖြစ်နေပြီဆိုသည့်အချက်ကို ပေါ်လွင်စေချင်ပုံရပါသည်။ သူသည် ဂျီဝမ်း၊ ဒုတပ်မမှူး မလုပ်ရခဲ့ကြောင်း၊ တပ်မမှူးတိုက်ရိုက်ဖြစ် လာခဲ့သူဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာတွင် (နဝတ) ကို ဖျက်သိမ်းပြီးနောက် (နအဖ) စစ်ကောင်စီဖွဲ့စည်းခဲပြီး၊ သူသည် (နအဖ) အဖွဲ့ဝင်ဖြစ်လာခဲ့ကြောင်း၊ ယင်းနောက် “မူလက ဘယ်လိုမှမရှိခဲ့တဲ့၊ မကြားဖူးတဲ့” ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်ခန့် အပ်ခံရကြောင်း (သူသည် အရှင်မွေးနေ့ ချင်းကြီး သူဖြစ်ကြောင်း ) ပြောထားသည်။

တကယ်တော့ (နဝတ) မှ (နအဖ) သို့ပြောင်းလဲခြင်းနှင့် ၂၀၀၄ အောက်တိုဘာတွင် ဗိုလ်နေဝင်း၏ အာဏာအငုတ်အတက် ဖြစ်သော ဗိုလ်ခင်ညွန့်နှင့်ထောက်လှမ်းရေးကို အပြတ်ရှင်းနိုင်ခဲ့ခြင်းသည်  ဗိုလ်နေဝင်းဦးစီးသည့် အစဉ်အလာစစ်အုပ်စု၏ နေဝင်ချိန် ဖြစ် ပြီး ဗိုလ်သန်းရွှေဦးစီးသည့် စစ်အုပ်စုနေထွက်ချိန်ပင်ဖြစ်ပါသည်။ (နအဖ)တွင် နံပတ် ၃ ဖြစ်သူ ဗိုလ်ခင်ညွန့်ကို လက်တွေ့ရှင်းလင်းထုတ် ပယ်ရာတွင် ဦးစီးသူမှာ ဗိုလ်ရွှေမန်းဖြစ်သည် မဟုတ်လော။

ထို့အပြင် သတိပြုစရာအချက်တစ်ခုမှာ “၂၀၀၈အခြေခံဥပဒေ”နှင့် “စစ်သားအမတ်၂၅% ကိစ္စ”ကို သမ္မတဗိုလ်သိန်းစိန်၊ ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်တင်အေး၊ ကာချုပ် ဗိုလ်မင်းအောင်လှိုင်တို့က ယနေ့အချိန်တွင် ရှေဆင့်နောက် ဆင့်အတိုင်အဖောက်ညီညီ မိမိရောက်ရှိရာစင်မြင့်များကနေ၍ ခုခံကာကွယ်ပြောဆိုနေကြသည်။

ဗိုလ်ရွှေမန်းကလည်း သူ၏ပါးစပ်ရာဇဝင်ထဲ၌ “ စစ်သားအမတ်၂၅% ဖယ်ရှားရေး”ကိစ္စနှင့်ပတ်သက်ပြီး “အရင်နိုင်ငံအကြီး အကဲပြောသွားတဲ့ စကားအတိုင်းပါပဲ၊ ပြည်သူတွေအလိုမရှိတဲ့အချိန်၊ မလိုအပ်တဲ့အချိန်မှာဖယ်ပေးမယ်ဆိုတဲ့ စကား၊ ဒီအပေါ်မှာတည် ပါတယ်” တဲ့။

မရှင်းပါလား။ ဗိုလ်သန်းရွှေသြဝါဒအတိုင်းပါပဲလို့ ဒဲ့ဒိုး မပြောတာပဲရှိသည်။ မလိုတဲ့အချိန်ကို ဘယ်သူက သတ်မှတ်ဆုံးဖြတ် ပေးမှာလဲ။ “စစ်တပ်၂၅%၊ စစ်တပ်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်း” ဆိုသည်ကို ပြည်သူများက လုံးဝအလိုမရှိကြောင်း ထပ်မံ ဆန္ဒပြကြရပေအုံးတော့မည်။

ချုပ်လိုက်လျှင် ဗိုလ်ရွှေမန်းပြောသွားသည်များမှာ သူသည် အရှင့်လက်ရင်းကျွန်ယုံဖြစ်ကြောင်း၊ အရှင်မွှေး၍နေ့ချင်းကြီးသူ ဖြစ်ကြောင်း၊ ပေါင်းစပ်ညှိနှိုင်းတတ်သူဖြစ်ကြောင်းစသဖြင့် စစ်ရေး/နိုင်ငံရေးအတွေ့အကြုံများပြားကြွယ်ဝသူဖြစ်သဖြင့် အနာဂတ်သမ္မတ ရာထူးကို သူသာလျှင် ထိုက်တန်သူဖြစ်ကြောင်းမောင်းထုသွားခြင်း၊ ကြော်ငြာသွားခြင်းဖြစ်ပါသည်။

ထို့အပြင် ရွေးကောက်ပွဲ ကျင်းပတဲ့အခါ “နိုင်အောင်လုပ်မည်/ အလျော့မပေးဘူးနော်” လို့ ပြောခဲ့သည်မှာ မှားပြောခဲ့ခြင်း မဟုတ်ကြောင်း သက်သက်ပြောတာဖြစ်ကြောင်းပြောပါသည်။

ဤအချက်မှာ  “ကျွန်မအမြင်မှာတော့ နာယကကြီးကတော့ ဖြောင့်ဖြောင့်မတ်မတ်ပါပဲ” ဆိုသူအတွက်ဖြစ်ပုံရပါသည်။

စစ်အာဏာရှင်စနစ်တည်တံ့ခိုင်မြဲရေး  အဓိကအချက်အချာမှာ စစ်အုပ်စုကစစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် ပိုင်ပိုင်နိုင်နိုင် လွှမ်းမိုးချုပ်ကိုင်ထားနိုင်ရေးပင်ဖြစ်သည်။ စစ်တပ်ကို ထာဝစဉ်ချုပ်ကိုင်ထားနိုင်သမျှ စစ်အာရှင်စနစ်ထာဝစဉ်အာဏာတည်မြဲနေမည်သာ ဖြစ်သည်။ သို့ပါ၍ စစ်အုပ်စုကို ဖျက်သိမ်းမပစ်နိုင်သမျှ၊ စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ် လွှမ်းမိုးချုပ်ကိုင်ထားမှုကို ပြတ် ပြတ်သားမဖယ်ရှားနိုင်သေးသမျှ စံမီ၊စံပြည့်ဒီမိုကရေစီသည် ဖူးသစ်ပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိချေ။

“၂၀၀၈ အခြေခံဥပဒေ” သည် ယနေ့ကာလအတွက် စစ်အာဏာရှင်စနစ်၏ အပေါ်ယုံသဏ္ဍာန်တစ်ခုမျှသာဖြစ်သည်၊ လှည့် စားမှုတစ်ခုသာဖြစ်သည်။ “၂၀၀၈ အခြေခံဥပဒေ” ကိုသာဖယ်ရှားပစ်ပြီး စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင်တပ်အဖြစ်လွှမ်းမိုးချုပ် ကိုင်ထားမှု၊နိုင်ငံရေးနှင့်စီးပွားရေးအသက်သွေးကြောမှန်သမျှကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ချယ်လှယ်ထားမှုတို့ကို အကုန်အစင် တွန်းလှန် တိုက်ဖျက်မပစ်နိုင်လျှင် စစ်အုပ်စုက အပေါ်ယံသဏ္ဍာန်တစ်ခုဖြင့် ထပ်မံလှည့်စားဖိနှိပ်နေလိမ့်ဦးမည်သာဖြစ်သည်။

သို့ပါ၍ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီ အရှည်တည်တံ့ထွန်းကားစေလိုသည်ဆိုလျှင် စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင် တပ်အဖြစ်လွှမ်းမိုးချုပ်ကိုင်ထားပြီး  နိုင်ငံရေးနှင့် စီးပွားရေး အသက်သွေးကြောမှန်သမျှကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ချယ်လှယ်ထားသည့် စစ်အာဏာရှင်စနစ်အုတ်မြစ်ကို ပြတ်ပြတ်သားသား တွန်းလှန်တိုက်ဖျက်သွားကြရပေလိမ့်မည်။

ညွန်း

–    ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ ၄၊ အမှတ် ၁၉၂၊ (၁၁ ဧပြီ ၂၀၁၄)

–    ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၁၄၊ (၇-၄-၂၀၁၄)

သရုပ်ဖော် – ကာတွန်း စောငို (၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts