Yan Naung (Bo Ta Htaung) ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

ရန်နောင်(ဗိုလ်တထောင်) – စာပေကျေးဇူးကြောင့်သိလာရသောနိုင်ငံရေး

စာပေကျေးဇူးကြောင့်သိလာရသောနိုင်ငံရေး
ရန်နောင်(ဗိုလ်တထောင်)၊ ဧပြီ ၁၁၊ ၂၀၁၄

လူထုစိန်ဝင်းကွယ်လွန်ချိန်မှာ ဘဘဦးဝင်းတင်က ဒီလိုပြောကြားခဲ့ပါတယ်။ “လူထုစိန်ဝင်း ဟာ အမှားတရားများကို ဖွင့်ချရဲရုံတင်မက အမှားတရားများကို တိုက်ရဲတဲ့စာပေသူရဲကောင်း တစ်ယောက်ဖြစ် တယ် ။ စာပေကိုင်ပေတိုင် လို့ခေါ်တဲ့ စာပေစိစစ်ရေး ရှိစဉ် ကာလမှာ ကတည်းက ဆရာလူထုစိန်ဝင်းဟာ အမှားတရားများကိုဖွင့်ချ တိုက်ခိုက်ရဲသူ တစ်ယောက်ဖြစ်ပါတယ် …” တဲ့။

မျိုးဆက်သစ်လူငယ်များဟာ စာပေကင်ပေတိုင်ရဲ့ အမှောင်ချ ဖုံးကွယ်မှုများကြောင့် အဆင့်မြင့်သောစာပေကို လွတ်လပ်စွာ ဖတ်ရှုခွင့် မရခဲ့ခြင်းဟာလည်း ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ် ။ အဆင့်မြင့် စာပေ ဆိုတဲ့နေရာမှာ ကျွန်တော်တို့ဖတ်ခဲ့ရတဲ့ (လွတ်လပ်စွာ ) စာပေများဟာ တချို့တလေသော စာအုပ်များကတော့ တော်တော်လေးကို တန်းတစ်ခု ဝင်နေတာတွေလည်းဖတ်ရှုခွင့်ရခဲ့ပါတယ် ။ စာပေစိစစ်ရေးကို ကလောင်စွမ်းဖြင့် နားလှည့်ပြီး ရေးထားတဲ့ စာပေများကိုတော့ လျှို့ဝှက်စွာဖတ်ရှုခွင့်ရခဲ့ခြင်းဟာလည်း နိုင်ငံရေး အသိတရားကိုထွန်းလင်းစေခဲ့ပါတယ် ။

လက်ဦးဆရာမည်ထိုက်စွာပုပ္ဗစရိယ မိနှင့်ဘ ဆိုသောစကားနှင့်အညီ မေမေ ကျွန်တော့်ကိုပေးဖတ်ခဲ့သော စာပေများကြောင့်လည်း စာကိုနေရာမရွေး စာမရွေး ဖတ်ကျင့်ရခဲ့တာကြောင့် စာပေကျေးဇူးဟာအင်မတန်ကြီးမားခဲ့ရပါတယ် ။

ကျွန်တော်တို့ လူလားမြောက်တဲ့ အချိန်ဟာ စာပေစိစစ်ရေးအရှိန်အဟုန်ကောင်းနေတဲ့ ကာလလည်းဖြစ်ခဲ့ပါတယ် ။ စာပေမှာ မဆလ မကောင်းကြောင်းများနည်းနည်းပါးပါး ပါလိုက်တာနဲ့ ကွိခနဲဖြစ်သွားနိုင်တဲ့အချိန်ပါ ။ ဒါကြောင့် ကျွန်တော်တို့အရွယ်လူငယ်များဟာ မျက်စိပိတ် ၊နားပိတ်နေနေရတဲ့ဘဝကို မသိခဲ့ရိုးအမှန်ပင်ဖြစ်ခဲ့ရပါတယ် ။

ကျွန်တော်မှတ်မိသလောက် ပြောရရင်တော့ ကျွန်တော်ငယ်စဉ်ငါးတန်းကျောင်းသားအရွယ်လောက်မှာ ရွှေသွေး စာစောင်တွင် ပါလာသော ဇာတ်လမ်းတစ်ပုဒ် သည် ထိုစဉ်က အာဏာရှင်ဦးနေဝင်း အား စောင်းပါးရိပ်ခြည် ဆော်ထားသော ဇာတ်ဖြစ်နေသဖြင့် ထိုအပတ်ထုတ်ရွှေသွေး စာစောင်အား လိုက်လံသိမ်းဆည်းသည်အထိ ဖြစ်ခဲ့သည်ကိုကား မှတ်မိနေပါတော့သည် ။

ထိုဇတ်လမ်းတွင် ဆင်ကြီးက အမြဲတမ်းနေပူဆာလှုံလေ့ရှိပါသည် ။ဆင်ကြီးနေပူဆာလှုံသောအခါ အခြားသောအကောင်ငယ်များက ဆင်ကြီး၏အရိပ်ခိုကာ အဝတ်လှန်းသူ ၊ အလုပ်လုပ်ကိုင်သူများနှင့် အဆင်ပြေနေသူတချို့လည်း ရှိနေပါသည် ။ဆင်ကြီး နေပူတာလှုံပုံကလည်းထူးဆန်းနေပါသည် ။ ဆင်ကြီးက နေပူလှုံသောအခါ ကင်းမြီးကောက်ထောင်၍ နေပူဆာလှုံကာ ဇိမ်ယူလေ့ရှိပါသည် ။ တခါတွင် ဆင်ကြီး နေပူဆာလှုံရင်း နှာချေလိုက်သောအခါ ဆင်ကြီးအရိပ်ခိုနေသူများ ကမောက်ကမဖြစ်သွားကြပါတော့သည် ။ ဒါကိုဆင်ကြီးကမြင်သောအခါ ဟက်ဟက်ပက်ပက်ရယ်မောနေကာသဘောကျကြောင်း ဇာတ်လမ်းလေး ဖြစ်ပါသည် ။ ဒီဇာတ်လမ်းအပြည့်အစုံကိုတော့ ကျွန်မမှတ်မိတော့ပါ ။ ကျွန်တော် မှတ်မိသည်မှာကား ထိုရွှေသွေးစာစောင် ကို ကျွန်တော်၏ အဘိုးဖြစ်သူမှ အသည်းအသန် လိုက်လံရှာဖွေခဲ့သောကြောင့်ဖြစ်ပါတယ် ။ ကျွန်တော်တို့ ကလေးဘဝက ကလေးဖတ်ရန်ဝယ်ပေးသော စာစောင်ကို ဘိုးအေဖြစ်သူက အသည်းအသန်ရှာသဖြင့် ထိုဇာတ်လမ်းလေးအားမှတ်မိနေခြင်းဖြစ်ပါတယ် ။

လူကြီးမိဘများ ပြောစကားဖြင့် ဒီဇာတ်လမ်းဟာ အာဏာရှင်ဦးနေဝင်းကိုဆော်ထားသော စာဆိုတာသိပြီး တခြားဘာမျှမသိခဲ့ပေ ။ သို့သော်လည်း နောက်တစ်နှစ်ကြာသော် အာဏာရှင်ကိုတော်လှန်သော ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်လာသောအခါ မှသာ ဦးနေဝင်းမိန်းမများပုံ ၊ အာဏာရူးပုံများကို ပိုမိုဖတ်ရှုခဲ့ရပါတော့သည်။

ထိုမှတဆင့် အရေးတော်ပုံကာလအတွင်း ထုတ်ဝေဖြန့်ချိခဲ့သော စာစောင်များ ၊ဂျာနယ်များကြောင့် နိုင်ငံတဝှမ်းတွင် ဖြစ်ပျက်နေသည်များကိုလည်း သိရှိခဲ့ရပါတယ် ။ ငယ်ရွယ်သေးသည့်အရွယ်ဖြစ်သောကြောင့် အရေးတော်ပုံကြီးတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခွင့်မရခဲ့ပေမဲ့ စာပေကျေးဇူးကြောင့် နိုင်ငံရေးအခြေအနေကိုတော့ သိရှိခွင့်ရရှိခဲ့ပါတော့တယ် ။

နိုင်ငံတော်ကို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း ပုန်းလျှိုးကွယ်ရှိုး ထွက်လာသောစာပေများဖတ်ရှုခွင့်ရခဲ့သည့်အတွက်လည်း နိုင်ငံရေးအသိများထပ်မံတိုးလာခဲ့ရပါတယ် ။

၁၉၉၀ ရွေးကောက်ပွဲ ကာလတွင်တော့ မဲပေးပိုင်ခွင့်အရွယ်မဟုတ်ပေမဲ့ အဖိုး ၊အဖေ ၊ဦးလေးတို့နှင့်အတူ ရွေးကောက်ပွဲအားရင်ခုန်ခဲ့ရသည်ကိုလည်း မမေ့နိုင်ခဲ့ပေ ။ ရွေးကောက်ပွဲ အနိုင်အရှုံးသတင်းအား ရေဒီယိုမှ ကြေငြာသည်ကို လက်ခုပ်တဖြောင်းဖြောင်းတီး၍အားပေးနေသော မိသားစုနှင့်လာရောက်နားထောင်သူများကိုလည်း မြင်တွေ့ရသည်မှာ အထူးပင် အားရကျေနပ်စရာကောင်းသော ကာလပင်ဖြစ်ပါတယ် ။

အရေးတော်ပုံကာလအတွင်းကျောင်းများပိတ်ထား၍ စာအုပ်ပေါင်းစုံ ဖတ်ရှုခွင့်ရခဲ့ခြင်းမှာလည်း ကျွန်တော်တို့အတွက်တော့ အခွင့်ကောင်းတခုပင်ဖြစ်ခဲ့ပါတယ် ။ စုံထောက်ဝတ္ထုများ ၊သိုင်းဝတ္ထုများ ကတော့ ကျွန်တော်တို့အရွယ်ကြိုက်ဖြစ်ခဲ့ပါတယ် ။ အချစ် ၊ဟာသဝတ္ထု များကတော့ အသည်းစွဲဖြစ်တာပေါ့လေ။

ထိုမှတဆင့် စာဖတ်နှုန်းမြင့်တက်လာသောအခါတွင်တော့ ဘာသာပြန်စာပေများကိုဖတ်ရှုနိုင်လာသောအခါ စာမဖတ်မရင် မနေနိုင်သော အဆင့်သို့ ရောက်လာခဲ့ပါတော့တယ် ။ ထွက်ရှိသမျှ မဂ္ဂဇင်း များကိုလည်း လက်လှမ်းမှီရာ ဖတ်ရှုနိုင်သဖြင့်လည်း ဗဟုသုတကို အဆက်မပြတ်တိုးပွားစေခဲ့တာလည်း အမှန်ပင်ဖြစ်ပါတယ်။ အဖွားလူထုဒေါ်အမာ ၊ အဖွားဒေါ်ခင်မျိုးချစ် ၊အဖိုးဒေါက်တာသန်းထွန်း ၊အစရှိသော စာရေးဆရာကြီး ၊ဆရာမကြီးများ ၏ စာပေလက်ရာမွန်များကိုဖတ်ရှုခွင့်ရခဲ့သည့်အတွက်လည်း ထိုမဂ္ဂဇင်းများကို ယခုတိုင် အထူးကျေးဇူးတင်မိပါသည် ။

ကျွန်တော်တို့ သူငယိချင်းတစ်စု ကိုယ်ဖတ်ပြီးတာပြောပြမျှဝေရင်း စာပေကိုချစ်မြတ်နိုးစိတ်တွေ ဝင်စေခဲ့ပါတယ် ။ ဒါကလည်း လူကြီးမိဘရဲ့ လမ်းညွှန်ဆိုဆုံးမမှုက အထူးပင် အရေးကြီးလှပါတယ် ။ စာအုပ်မှာစောင့်တဲ့နတ်ရှိတယ် ။အဲဒါကြောင့်စာအုပ်ကိုကျော်ခွမသွားနဲ့၊ဘာညာအစရှိသဖြင့် ကလည်း စာပေကိုတန်ဖိုးထား ၊စာပေကိုချစ်မြတ်နိုး စေခဲ့ပါတယ် ။

ထိုသို့ စာပေများကိုလေ့လာဖတ်ရှုရင်း စာရေးဆရာများအားရင်းနှီးလိုခြင်း ၊စာတိုပေစလေးများရေးသားလိုခြင်းဖြင့် တဆင့်တိုးလာပြန်ပါတော့တယ်။

ကျွန်တော်၏ စိတ်ကူးအား အကောင်အထည်ပေါ်စေမည့် အဆင့်ကိုတော့ တနေ့သောအခါ ရောက်လို့တော့လာခဲ့ပါတယ် ။ သို့သော်ကောင်းသောလာခြင်းမျိုးဖြင့်တော့ ဝင်ရောက်လာတာမဟုတ်ပါ ။ကျွန်တော်တို့ အိမ် ပြိုသွားသောအခါ မိဘများ ၏လက်ရှိစီးပွားရေးအလုပ်အကိုင်များပျက်သွားသည်ဖြစ်၍ ပေါ်ပင်လုပ်ငန်းဖြစ်သော ဂျာနယ် ရောင်းချရေးလုပ်ငန်းသို့ ကူးပြောင်းရင်း စာပေလုပ်ငန်းဖက်သို့ ခြေချဝင်ရောက်ခဲ့ချိန်တွင်တော့ ကျွန်တော်တွေ့ချင်သော စာရေးဆရာ ၊ဆရာမများကို အကျွမ်းတဝင်ပေါင်းမိစေပါတော့သည် ။

ကျွန်တော် ဂျာနယ်ဆိုင်ဖွင့်ထားရာ နေရာသို့ ဂျာနယ်များဝယ်ရင်း ရောက်လာသော အဘဦးပြည့်စုံ (သွေးသောက် ) နှင့် ရင်းနှီးခင်မင်သွားရာမှ အစပြုကာ သူသွားလေရာအားလပ်ချိန်တိုင်း လိုက်ပါရင်း စာပေအသိုင်းအဝိုင်းနှင့် နီးစပ်ခဲ့ရပြန်ပါသည် ။ သူအမြဲလိုလိုသွားသောအင်္ဂါစကားဝိုင်း သည် ကျွန်တော့်အား စာရေးချင်စိတ်ဖြစ်စေရန်ပိုမိုတွန်းအားပေးသောနေ ရာတစ်ခုဖြစ်ခဲ့ပါတော့သည်။

အဘသည် ထိုအချိန်ကပင် အတော်လေး အသက်ကြီးနေပြီဖြစ်ပါသည် ။ အဘနှင့်ပေါင်းသော စာရေးဆရာကြီးငယ်လတ် သည် ကျွန်တော့်အတွက် သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ များဖြစ်ကုန်ပါတော့သည် ။

ထိုမှတဆင့် ကျွန်တော် စာရေးနည်းသင်တန်းတက်ပြီးသောအခါတွင်တော့ ကျွန်တော်လည်း စာရေးဆရာဖြစ်ချင်စိတ်မှာ အစဉ်အမြဲကိန်းအောင်းနေသော စိတ်ဖြစ်နေပါတော့သည် ။

အစိုးရအပြောင်းအလဲလုပ်ပြီး နည်းနည်းပါးပါးပွင့်လင်းလာသောအခါတွင်တော့ ကျွန်တော့်အတွက်အခွင့်အလမ်းကပွင့်လန်းလို့လာပါသည် ။ အင်္ဂါစကားဝိုင်းတွင် သိကြားခဲ့ရသော နိုင်ငံရေးအမြင်များ ၊ ဘာသာရေးအမြင်များ ၊ ရွှေဝါရောင်တော်လှန်ရေးမှ ရလာသော နိုင်ငံရေးအတွေးအခေါ်များကြောင့် သတင်းထောက် လုပ်ချင်စိတ်ကလည်း ဖြစ်ပေါ်နေပါသည် ။

ထိုကဲ့သို့ ဖြစ်ပေါ်နေချိန်တွင် ယခင် ကြိုကြားကြိုကြားလုပ်ကိုင်နေသော အလွတ်သတင်းထောက်အဆင့်မှ တက်လှမ်းနိုင်ရန် ဒီလှိုင်းသတင်းစာသင်တန်းတက်ရောက်ခွင့်ရရှိခဲ့ခြင်းပင်ဖြစ်သည် ။

ဒီလှိုင်းသင်တန်းပြီးဆုံးသောအခါ ပွဲပြီးမီးသေမဖြစ်စေရန်အတွက်လည်းသင်ကြားပေးသော ဆရာ၊ဆရာမများက တာဝန်ယူပေးခဲ့သည့် အတွက် အလုပ်အကိုင်အတွက်လည်း ရင်အေးခဲ့ရပါတယ် ။ စာပေက သူ့ကိုချစ်ရင် သူကလည်း ထမင်းငတ်အောင်မထားပါဘူး ဟုအဖွားလူထုဒေါ်အမာက ဆရာနေဝင်းမြင့် အားပြောကြားခဲ့သည်ကိုလည်း မှတ်သားခဲ့ရဘူးပါတယ် ။ စာပေကျေးဇူးဖြင့် လူရာတော့တင့်တယ်နေခဲ့ပါပြီ ။ ဒီပညာရပ်အား သင်ကြားပေးသော ဆရာ ၊ဆရာမမျးကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ် ။ အထူးသဖြင့် ကကြီးခခွေးသင်ပေးခဲ့သောဆရာမများနှင့် စာဖတ်စွမ်းရည်မြင့်တက်အောင် လုပ်ပေးခဲ့တဲ့မေမေကိုတော့ ကျေးဇူးအနန္တပါ ။မေမေ့ကြောင့် ဒီလိုစာတွေဖတ်ရင်း ဒီလိုတွေးနိုင်စွမ်းရှိလာခြင်းပင်မဟုတ်လား ။

ဒီလှိုင်းသင်တန်းတွင်လာရောက်သင်ကြားပေးသော ဆရာများ ၊ဟောပြောပေးသော ဆရာများကြောင့်လည်း နိုင်ငံရေးမျက်စိ ပွင့်လာခဲ့ရပါတယ် ။ အရင်က နည်းနည်းပါးပါးမြည်းစမ်းတို့ထိခဲ့ရသော နိုင်ငံရေး သည် ယခုတော့ စာပေကျေးဇူးကြောင့် ပိုမိုသိမြင်လာသည်ကတော့ မလွဲဧကန်ပင်ဖြစ်ပါတော့သည် ။ ။

ရန်နောင် (ဗိုလ်တထောင် )

(သရုပ်ဖော် – စောငို၊ ၂၀၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts