ကဗျာ

ဒဂုန်တာရာ – ပိတောက်ဦး

ပိတောက်ဦး

ဒဂုန်တာရာ။ ဧပြီ ၁၅၊ ၂ဝဝ၇

(မိုးမခသင်္ကြန် ၂၀၀၇ အစီအစဉ်ကနေ ပြန်လည်ဆန်းသစ်ပါတယ်)

 

 

အို … လှလိုက်တာ

ကိုင်းငိုက်ယိုယီး၊ တွဲလောင်းစီး၍

ရွှေသီးဝါသွေး၊ ပြွတ်သိပ်လေးအောင်

ညွတ်ကွေးရွရွ၊ လှ … လှ … လှ … သည်

ပထမ ပိတောက် ပွင့်စဉ်က။

 

“ဟော … ဟော … ပွင့်ပြီ”

ကျူးရင့်အော်ကြ၊ တံခါးဝမှ

လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး

ဝင်းဝါပိတောက်၊ သစ်ပင်အောက်ဝယ်

လုကောက် ကြွေသည့် ပွင့်များကို။

 

ငမ်းငမ်းတက်၍

လုယက်ခုန်တက်၊ ဓားလက်နက်ဖြင့်

ချိုးဖျက်ရွက်ကိုင်း၊ ခုတ်ထစ်စိုင်း၍

ပိုင်းပိုင်းဖြတ်ခြွေ၊ ယူကြလေသော်

ရောထွေ ရုန်းရင်း ဆန်ခတ်တည်း။

 

လုဖျက်မှုန်းကြောင့်

ကြေပြုန်းလဲကျ၊ ဒဏ်ရာရနှင့်

ရွက်မြပြာညို၊ သစ်ငုတ်တိုသာ

ဖရိုဖရဲ ကျန်ရစ်၏။

 

ငါ့စိတ်တွင်ကား

မေခင်နှမ၊ ဆံကေမြထက်

လှလှကလေး၊ ကိုယ်တိုင်ရွေး၍

ဆင်ပေး ထုံးချင်လှသောကြောင့်။

 

ကျိုးပဲ့နေသော

ပင်ခြေအောက်တည့်၊ ငါ ရပ်ကြည့်၍

ကြွင်းသည့်တစ်ပွင့်၊ ကောက်မည်လင့်သော်

“အို … ရှင့် … ကျွန်မ

ဗုဒ္ဓမြတ်ထံ၊ လှူကပ်ရန် ” ဟု

လုပြန်အတင်း၊ ဆိုကာချဉ်းသော်

လက်ချင်းဆုံ၍ နေသတည်း။     ။

 

 ၁၉၄၇ ခုနှစ်အတွင်း တာရာမဂ္ဂဇင်း ၌ ဖော်ပြခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလထုတ် “ဒဂုန်တာရာ ကဗျာပေါင်းချုပ်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။ 

ပန်းချီ သရုပ်ဖော် – သန်းဌေးမောင် (ထံက ကူးယူဖော်ပြပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts