ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ချွေတာရေး ..တဲ့လား

ချွေတာရေး .. တဲ့လား
ဆောင်းယွန်းလ
မတ်လ ၃၀၊ ၂၀၁၄

 

Photo @ Aung Htet

ချွေတာကြရမယ်
လောင်စာကို ချွေတာပြီး သုံးတတ်ကြရမယ်
လျှပ်စစ်ကို ချွေတာပြီး သုံးတတ်ကြရမယ်….

ချွေတာကြရမယ်
ရေကို ချွေတာပြီး သုံးတတ်ကြရမယ်
လေကို ချွေတာပြီး သုံးတတ်ကြရမယ်
နေရောင်ခြည်ကို ချွေတာပြီး သုံးတတ်ကြရမယ်….

ချွေတာကြရမယ်
အသားဓာတ်ကို ချွေတာပြီး စားတတ်ကြရမယ်
ကစီဓာတ်ကို ချွေတာပြီး သုံးတတ်ကြရမယ်….

ချွေတာကြရမယ်
အကြည်ဓာတ်ကို ချွေတာပြီး ရယ်တတ်ကြရမယ်
ဝမ်းနည်းမှုကို ချွေတာပြီး မျက်ရည်ကျတတ်ကြရမယ်
ပရိဒေ၀ကို ချွေတာပြီး မီးငြှိမ်းတတ်ကြရမယ်…..

ချွေတာကြရမယ်
လမ်းကို ချွေတာပြီး ဖောက်တတ်ကြရမယ်
လမ်းကို ချွေတာပြီး လျှောက်တတ်ကြရမယ်…..

ချွေတာကြရမယ်
စကားကို ချွေတာပြီး ပြောတတ်ကြရမယ်
တရားကို ချွေတာပြီး မှတ်သားတတ်ကြရမယ်
ဓားကို ချွေတာပြီး သွေးတတ်ကြရမယ်
အားကို ချွေတာပြီး မွေးတတ်ကြရမယ်…..

ချွေတာကြရမယ်
ယုံကြည်ချက်ကို ချွေတာပြီး ဆောက်တတ်ကြရမယ်
မျှော်လင့်ချက်ကို ချွေတာပြီး မျှော်လင့်တတ်ကြရမယ်
ဥပဒေကို ချွေတာပြီး လက်တလုံးခြား သုံးစားတတ်ကြရမယ်…..

ချွေတာကြရမယ်
ကိုယ်ချင်းစာတရားကို ချွေတာပြီး မွေးတတ်ကြရမယ်
အဓိကကျတဲ့လိုအပ်ချက်ကို ချွေတာပြီး သုံးတတ်ကြရမယ်….

ချွေတာကြရမယ်
အိပ်မက်ကို ချွေတာပြီး မက်တတ်ကြရမယ်
တောင်းဆိုချက်ကို ချွေတာပြီး တောင်းဆိုတတ်ကြရမယ်…

ချွေတာရေးတွေပေါလွန်းတဲ့ ချွေတာရေးတိုင်းပြည်မှာ
ဖော်ပြပါအရာအားလုံးကို ချွေတာနိုင်ဖို့
ဖွဲ့စည်းပုံကို မချွေမတာပဲ ယုံလိုက်ကြပြီး
ကိုယ်ကျင့်တရားကိုလည်း မချွေမတာ သုံးလိုက်ကြရုံပေါ့….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts