ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – သို့/ ဘဘဦးဝင်းတင်သို့ လိပ်မူသော မေတ္တာ

သို့/ ဘဘဦးဝင်းတင်သို့ လိပ်မူသော မေတ္တာ
ဖိုးထက်
မတ်လ ၂၉၊ ၂၀၁၄

 

“ယတ်သာနု ဘာဝ တော ယက်ခါ
နေ၀ ဒတ်သင်တိ ဘီသနံ၊
ယင်ညှိစေ၀ါ နုယုန်ဇန်တော၊
ရက်တိန် ဒိဝ ၊ မတန်ဒိတော။”

အထက်က မြန်မာစကားအစုကို အသံထွက်ဖတ်လိုက်တဲ့အခါ ဘာကို ဒီအကုသိုလ်အကောင် ရေးထားတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းနီးပါး သိကြပါတယ်။ ဗုဒ္ဓဘာသာရဲ့ ပရိတ်ကြီး ၁၁ သုတ်ထဲက မေတ္တာသုတ်ပေါ့။ အသံထွက်ရဖို့ လိုရင်း။ အဓိပ္ပါယ်မသိလဲ ရွတ်ဖတ်ရင်ကိုဘဲ နတ်များက ချစ်ကြတယ်ဆိုပြီး (သူမချစ်လဲ ကိုယ့်ဘာသာ ချစ်တယ် ယူပြစ်တာဘဲ) အနက် အဓိပ္ပါယ် နားလည်အောင် ဘယ်တော့မှ မကြိုးစား ဘူးပေါင်။ အခုတော့ ကိုယ်ပွားမယ့် ကိစ္စ ကိုယ်တာဝန်ယူရမှာဆိုတော့ စာအုပ်လေး ဘာလေး ပြန်ရှာဖတ်တော့မှ  ဘာမှလဲ မဟုတ်ဘူး ဆိုတာ သိရတာ။

နေစမ်ပါအုံး..အပြစ်တင် မစောစမ်းပါနဲ့ အဆွေစာရှူသူ။ အရင်က ဘုရားစာတစ်ခုခု ရွတ်ဖတ် သရဇ္ဇာယ်လိုက်ရရင် အခုဘဲ ထီဆု အကြီးကြီး ပေါက်တော့မှာလိုလို၊ အခုဘဲ Jennifer Aniston က ဖုန်းဆက်တော့မှာလိုလို ထင်သာကိုး။ ခုမှ..မေတ္တာသုတ်ဆိုတာ မြတ်စွာဘုရားရှင်က သူ့တပည့်သားတွေနဲ့ သတ္တ၀ါတွေကို ဒီမေတ္တာသုတ်ရွတ်ခြင်းကြောင့် ရမယ့် အကျိုးကျေးဇူးတွေနဲ့ သတ္တ၀ါ အချင်းချင်း ဘယ်လိုသဘောထားကြဆိုတာ ကို ပါဋိဘာသာစကားနဲ့ ရိုးရိုးရှင်းရှင်း ပြောသွားခဲ့တာကိုး။ ဒါကို ဘာမှ မဟုတ်ဘူးလို့ ပြောတာပါ။

ကျွန်တော်ဖြင့် မေတ္တာသုတ်တော့ မကြာမကြာဆိုသလို ရွတ်ဖတ်ဖြစ်ပါရဲ့။ ဘုရား ဆင်းတုတော်ကြီးရှေ့ မှာ “ယတ်သာနုက စတဲ့ပြီး မေတ္တသုတ္တံ နိဋ္ဌိတံ” အထိ အသံထွက်ဘဲ သိ။ အဓိပ္ပါယ်လဲ မသိနဲ့ အကြွေးရှင်နောက်က လိုက်လာသလို ပါးစပ်က ခပ်သွက်သွက်နဲ့ ရွတ်။ စိတ်ထဲမှာတော့ ဒီနေ့တော့ ငါကော်ပြီ။ ငါ ထောပြီ။ ငါ စန်းပွင့်ပြီ။ ငါ့ကို ချစ်ကြပြီ လို့ အူမြူး။  ခဏနေ အပြင်ရောက်ရင် လိမ်ရင်လဲ လိမ်လိုက်တာဘဲ။ မင်း ဘာလဲ ၊ ငါဘာလဲ ကြိုက်ရာကို စမ်း စမ်းကိုယ့်လူလဲ လုပ်ပြစ်တာဘဲ။ ထင်းခွေမကြုံ ရေခပ်ကြုံပေါ့ကွာ.တွေ့ကြသေးတာပေါ့ကွာ လို့လဲ စိတ်ထဲ ထစ်လိုက်သေးတာ ရှိတတ်သေး။

ဘုရားရှင်အတွက်ကတော့ သားတော် ရာဟုလာအပေါ်မှာ ထားတဲ့ မေတ္တာတရား နဲ့ သူ့ခြေထောက် သွေးစိမ်းရှင်ရှင်ထွက် အောင်လုပ်တဲ့ ဒေ၀ဒတ်အပေါ်မှာ ထားတဲ့ မေတ္တာတရားက အတူတူပေါ့။ ကျွန်တော်က အရင်ကဆိုရင် ဘာသာရေးစာအုပ်တွေ ဖတ်ရင် ဘုရားရှင်ရဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ခေါ်တဲ့ “ချစ်သား” ဆိုတဲ့ စကားကို စိတ်ထဲမှာ နည်းနည်း ထောင့်တယ်။ တစ်ခါတစ်ရံ ဘုရားရှင်က ချစ်သားလို့ အခေါ်ခံရတဲ့ လူတွေထဲမှာ ဘုရားရှင်ထက် အသက်အရွယ် ကြီးသူတွေ ပါတတ်တယ်လေ။ ကိုယ့်စိတ်နဲ့ နှိုင်း ရိုင်းပြီး စိတ်ထဲ ဘ၀င်မကျခဲ့ တာကိုး။ နောင်မှ..မေတ္တာစိတ်နဲ့ အမြဲနေပြီး မမြဲတဲ့ လောကကြီးကို အလုံးစုံနားလည်နေတဲ့ ပုဂ္ဂိုလ်ကြီးဆိုတော့ လူတွေဟာ အလွန်သနားစရာ သတ္တ၀ါတွေဆိုတဲ့ ချစ်ခင်၊ သနား၊ ကြင်နာတဲ့ မေတ္တာတော်ကြီးနဲ့ ခေါ်တာလို့ သဘောကျ နှစ်ခြိုက်သွားတယ်။

ခရစ်ယာန်ဘာသာမှာ ယေရှူသခင်က “သင့်ကို လူတစ်ယောက်က ညာဘက်ပါးကိုရိုက်လျှင် ဘယ်ဘက် ပါးကိုပါ အရိုက်ခံဖို့ ပေးလိုက်ပါ” လို့ မှာခဲ့တယ်တဲ့။ ဒါက “ကိုင်း…ဒီလောက်တောင် သူများကို ရိုက်ချင်တဲ့ အကောင်..ရိုက်စမ်းကွာ..ရိုက်စမ်း..ရိုက်..ရိုက်….တောက်…ငါ..ကွာ…” ဆိုတာမျိုး လုပ်ခိုင်းတာ မဟုတ်ပါဘူး။ မေတ္တာထားပါလို့ ပြောတာပါဘဲ။

မွတ်ဆလင်ဘာသာမှာလဲ သင့်ကို လူတစ်ယောက်က ညာဘက်ပါးကို လာရိုက်လျှင် သင်ကလဲ အဲဒီရိုက်သူရဲ့ ညာဘက်ပါးကို ပြန်ရိုက်ပိုင်ခွင့် (ရိုက်ပိုင်ခွင့်) ရှိတယ် လို့ ကိုရမ်ကျမ်းစာထဲမှာ ရှိသတဲ့။ ဒါပေမယ့် နောက်က ချွန်းချက်အနေနဲ့ ထပ်ပါသေးသတဲ့။ “ခွင့်လွှတ်လိုက်ရင် ပိုကောင်းတယ်” တဲ့။ ဒါကလဲ “သယ်..ငါ..ပြန်လုပ်လိုက်ရ..နာတော့မယ်..တောက်… နေနှင့်အုံးပေါ့ကွာ…ကြုံမှ ပါးရှစ်စိတ်ကွဲအောင် ရိုက်ပြစ်မယ်” လို့ တွေးခိုင်းထားတာ ဟုတ်ပုံမရပါဘူး။ “လျှော်လိုက်ပါကွာ..ခွင့်လွှတ်လိုက်ပါ” လို့လဲ စိတ်ထဲမှာ ဆူးအနည်းငယ်နဲ့ ကျေအေးခိုင်းတာလဲ မဟုတ်ဘူးနေမှာပါ။ (နေမှာပါလို့ ပြောတယ်နော်…ဟယ်…အမှားတွေ့ပြီကွ…အဲဒီကောင် တွယ်..တွယ်..လာလုပ်လို့ကတော့ ဟွန်း… တွေ့ကြသေးတာပေါ့ဗျာလို့ မှတ်ထားမှာဘဲ။)

အခုတစ်လော FB ပေါ်မှာ ခေတ်စားနေတာ ရှိသေးတယ်လေ။ “သင်ကောင်းကောင်း မကောင်း ကောင်း ကျွန်ုပ်ကောင်းပါမည်” တဲ့။ ဒီစကားက ၁၉၉၅၊ ၁၉၉၆ ပါတ်ဝန်းကျင်လောက်က အိမ်တွေမှာ ဆောင်ပုဒ်တွေခေတ်စားခဲ့တာထဲက “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ စကားက ဆင်းသက်လာတာဖြစ်မယ်။ အဲဒီအချိန်ကလဲ အိမ်ထဲ မပြောနဲ့ လမ်းပေါ်မှာတောင် ဆိုင်းပုဒ်ခေတ်စားတဲ့ ခေတ်ကြီး၊ “သင်ကောင်းကောင်း မကောင်းကောင်း ကျွန်ုပ် ဆိုးမည်” ဆိုတဲ့ ခေတ်ကြီး ဆိုတော့ ဆောင်ပုဒ်တွေက အလကားဖြစ်ပြီး စာပုံနှိပ်စက်တွေနဲ့ သဘောင်္ဆေးဆိုင်တွေဘဲ အလုပ်ဖြစ်ခဲ့တာပါ။ ဘာတဲ့ တစ်ချို့ဆောင်ပုဒ်တွေများဆိုရင် မွေးထားတဲ့ ခွေးတောင် စာဖတ်တတ်ရင် မျက်နှာငယ်ရမယ်။ “ထမင်းကျွေးသော လက်ကို မကိုက်ပါနှင့်။” တဲ့။ “လူသာလာပါ ပြဿနာ ယူမလာပါနဲ့” ဆိုတဲ့ ဆိုင်းပုဒ်အကြီးကြီး ကပ်ထားတဲ့ သူငယ်ချင်း အိမ်သွားရင် အိမ်သာသွားချင်တယ်လို့ ပြောချင်တာတောင် ဆိုင်းပုဒ်မူနဲ့ ငြိမှာစိုးလို့ ဆီးချုပ်၊ ၀မ်းချုပ်ဖြစ်အောင် အောင့်ထားခဲ့ရတာ မှတ်မိသေးတော့။

သူများတွေတော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ ကိုယ်ကောင်းဖို့ မပြောနဲ့ သူများကောင်းတာတောင် ကိုယ့်ဘက်က ပြန်မကောင်းခဲ့ရတာတွေ အများကြီး။ ကိုယ်ကောင်းချင်ပါတယ်လို့ ပါးစပ်က ပြောပြီး အလုပ်မပါတော့ လူလိမ်ဖြစ်ဖြစ်သွားရတာလဲ အကြိမ်ပေါင်း မနည်း။ ဒါကလဲ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာဘဲဗျနော့် ။ အခု လက်ရှိ အစိုးရမင်းတစ်ချို့များလဲ “သင်ကောင်းပေမယ့် ကျွန်ုပ်စိတ်ပါရင် ကောင်းမယ်၊ ကျွန်ုပ်စိတ်မပါရင် ပေကတ်ကြီး နေမယ်။”

ဆိုတဲ့ ဆောင်ပုဒ်တွေများ ၀န်ကြီးဌာနတွေမှာ ကပ်များ ထားလေသလား။ သမ္မတရုံးထဲမှာတောင် ဒီဆိုင်းပုဒ် ရှိနိုင်တယ်လို့ သံသယရှိတယ်။ သံသယရှိတယ်လို့ဘဲ ပြောတယ်နော်။ နောင်မှ…. “တပ်နောက်သို့…နောက်လှည့်” ဆိုပြီး ၀မ်းခေါင်းသံကြီးနဲ့ ပြန်လှည့်။ လိုက်ဖမ်းပြီး ပါးကို ဘယ်ပြန်၊ ညာပြန် ရှစ်စိတ်ကွဲအောင် အရိုက်ခံရလို့ကတော့ ယေရှူသခင် နဲ့ တမန်တော် မိုဟာမက်ကတော့ ဖိုးထက် အပြစ်တင်တာနဲ့ စိတ်ညစ်တော် မူကြမှာဘဲ။

လူတစ်ဦးနဲ့ တစ်ဦး မေတ္တာထားဖို့ဆိုတာ အပြောက အလွန်လွယ်သာရယ်။ တကယ်ကိုယ်ခံလိုက်ရပြီဆိုရင် ခက်ကုန်ပြီ။ ကိုယ့်ကို ကလိမ်ကကျစ်နဲ့ စော်ကားသွားတယ်လို့ ထင်ရင် အဲဒီလူကို ဘယ်လိုလုပ် မေတ္တာရှိနိုင်တော့မလဲ။ ဒီစိတ်ထားဟာ ဘာသာရေးလေသံနဲ့ပြောရင် မမှန်ဘူးပေါ့။ ကျွန်တော့်အတွက်ကတော့ မှန်ပါတယ်။ အပြစ်တင်လို့မရတဲ့ စိတ်ထားပါ။ မုန်းမှာဘဲ။ အစိမ်းလိုက် ဂျိုးဂျိုး ဂျွတ်ဂျွတ်ဝါးစားချင်မှာဘဲပေါ့။ လုပ်တုံးက လုပ်ပြီးမှ ကိုယ်ခံရမယ့် အလှည့်ကြမှ မေတ္တာထားကြပါ။ ချစ်ခင်ကြပါ။ သိပ်ပြီး နိမ့်တာဘဲ သွားလုပ်နေလို့ ဘယ်လိုလုပ် တရားမလဲ။ ဒီလိုပြောလို့ ဒီအကောင်ကတော့ ကလဲ့စားခြေခြင်းကို အားပေးချင်တာ မဟုတ်ပါဘူး။ ကလဲ့စား အခြေခံရရင်လဲ ဒါ လုပ်သင့်လို့ လုပ်သွားတယ်ဆိုတဲ့ စိတ်ထားချင်တာကို ပြောချင်သာရယ်။

ကျွန်တော်ငယ်ငယ်က အမေကြီး ပြောပြ နေကြ အဖြစ်အပျက်လေး တစ်ခု ကြားဘူးတာ ရှိတယ်။ အမေကြီးဇာတိက တန်ဆည်။ တန်ဆည်က အမေကြီးတို့ အိမ်ခေါင်းရင်းမှာ ကိုညိုနဲ့ မဘီတို့ လင်မယား နှစ်ယောက်ရှိသတဲ့။ ကိုညိုက အရက်သမား။ သိပ်သောက်တယ်။ ဘာအလုပ် အကိုင်မှ မလုပ်ဘူး။ လူပျင်း။ ဒါပေမယ့် မဘီက သူ့ယောင်္ကျားကို သိပ်ချစ်တယ်။ ရာသီပေါ် မုန့်ပဲ သွားရေစာတွေ အရပ်ထဲ လိုက်ရောင်းပြီး ယောင်္ကျားကို ပြုစုတယ်။ အရက်ဖိုး ပေးတယ်။ တစ်ချက်မှ မငြူစူဘူး။ အလုပ် မလုပ်လို့လဲ တစ်ခွန်းမပြောဘူး။ သူကတောင် ဈေးရောင်းပြီး မောကြီး ပန်းကြီး ပြန်လာရင်တောင် သူ့လင်တော်မောင် အရက်သမား ရေချိုးဖို့ ရေခပ်ပေးသေးသတဲ့။ ကိုညိုကလဲ သူ့မိန်းမက သူ့ကို သိပ်ချစ်တယ်ဆိုတာ သိတယ်။ သူတာဝန်မကျေတာလဲ သူ့ကိုယ်သူ သိတယ်။ အရပ်ကတော့ မဘီလေးကို သနားပြီး ကိုညို့ကို ဘယ်ကြည်မလဲ။ စောင်းချိတ်ပြောကြတာပေါ့။ မိန်းမ ထမီနားခိုစားတဲ့ ယောင်္ကျား၊ သောက်ပျင်း ဘာညာပေါ့။ ကိုညိုကလဲ ဒါကို သိတယ်။  ဒါပေမယ့် ပြင်လားဆိုတော့လဲ ပြင်ဘူး။ ဒီတော့ ရပ်ကွက် တစ်ခုလုံးနဲ့ ကိုညိုနဲ့က စကားပြောမရဘူး။ မတည့်တော့ဘူး။ အရပ်ကလဲ  မဘီလေးကို ချစ်ရှာကြလို့သာ သူ့ယောင်္ကျားကို ချောင်းမရိုက်ကြတာ။

ဒီလိုနဲ့ ….ကိုညိုက ညနေဆိုရင် မဘီဆီကနေ ပိုက်ဆံတောင်းပြီး အရက်ဆိုင် ကြွတော်မူတယ်။ အရက်ဆိုင်မှာ မူးရူးအောင်သောက်။ ပိုက်ဆံကုန်ပြီ၊ မူးပြီဆိုရင် အိမ်ကို သိုင်းကွက်နင်းပြီး ပြန်လာတယ်။ လမ်းမှာလဲ တစ်လမ်းလုံး ဆဲ၊ ဆိုတာ မရှိဘူး။ ဘယ်ခွေးမှ လူမထင်ဘူးတို့၊ ဘယ်လူမှ ခွေးမထင်ဘူးတို့။ မိုက်တဲ့ သူ အိပ်နေ တို့ တွေ ဘာတွေလဲ ဆူဆူညံညံ မလုပ်ရဲဘူး။ ဒါပေသိ သူ့ပါးစပ်က ခပ်ကျယ်ကျယ်ရွတ်တာ တစ်ခုဘဲ ရှိတယ်။ မေတ္တာပို့တာ။ ဘယ်လို မေတ္တာပို့သလဲ ဆိုတော့ “မဘီလေး ကျန်းမာပါစေ။ ကျန်တဲ့ သူတွေအလိုက်အထိုက်။” တဲ့။
“မဘီလေး ကျန်းမာပါစေ။ ကျန်တဲ့ သူတွေ အလိုက်အထိုက်။” ဆိုတဲ့ လမ်းပေါ်က ကိုညိုရဲ့ အသံကြားရင် ရပ်ကွက်ကလဲ သိတယ်။ ကိုညိုမူးလာပြီဆိုပြီး ပြုံးစိစိ အမြဲ ဖြစ်ရသတဲ့။

အခုလဲ ဘဘဦးဝင်းတင် နေမကောင်းဖြစ်တာ ကြားရတော့ ကျွန်တော်လဲ မေတ္တာပို့ချင်မိလာတယ်။ ကျွန်တော့်ဘ၀မှာ အမှောင်မိုက်ဆုံး အကုသိုလ်တစ်ချို့ ရှိခဲ့တယ်ဆိုပေမယ့်လဲ စိတ်ရှင်းရှင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု အနည်းငယ်တော့ ရှိပါတယ်။ NLD မှာ အဖွားကြီးက (ကိုယ့် အမေကို ချစ်လို့ ချစ်စနိုးနဲ့ ခေါ်သလိုပါဗျာ) ခြင်္သေ့ဆိုရင် ဘဘဦးဝင်းတင်က ကျားတဲ့။ မှန်တာပေါ့။ ဒီကျားကြီး ဘယ်လောက် ကြောက်စရာ ကောင်းတယ်ဆိုတာ သိလို့  လှောင်အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့တာ အကြာကြီးဘဲ မို့လား။ ကျွန်တော်တို့ အတွက် ဘဘက ဘယ်လောက် အနစ်နာခံ အလုပ်တွေ လုပ်ပေးခဲ့တယ်ဆိုတာ သူခိုး၊ သူဝှက်မိသားစုတွေနဲ့ ကပ်ဖားယပ်ဖားတွေကလွဲလို့ အားလုံး ဘဲ အသိအမှတ်ပြုကြမှာပါ။ ကျွန်တော့်ရဲ့ ကုသိုလ်ကံ နည်းနည်းလေးကို ယမမင်းရှေ့မှာ “ဟဲ ဟဲ ဒါလေးရှိပါတယ်ဗျ” လို့ အသဲအသန်လိုက်ရှာမနေတော့ဘဲ အကုန်ထုတ်သုံးပြီး ဘဘကို ဝေမျှချင်ပါရဲ့။

ဒါပေမယ့် ကိုညိုရဲ့ နည်းလေးနဲ့ ကျွန်တော် မေတ္တာပို့ချင်တယ်။ နည်းနည်းလေး အတန်းအစားလေး ခွဲပြီး ရိသဲ့သဲ့လေး ပို့လိုက်ချင်တယ်။ ကျွန်တော့် ကုသိုလ်ကံ နည်းနည်းလေးက ဖြစ်လာတဲ့ မေတ္တာတွေ ဘဘခံယူပါ။ ကျွန်တော်ပို့ချင်တဲ့ မေတ္တာပို့လေးက ဒီလိုပါ…
“ဘဘဦးဝင်းတင် ကျန်းမာပါစေ။ ကျန်တဲ့ အဘတွေ အလိုက်အထိုက်။”

ဘဘဦးဝင်းတင်ကို ကျွန်တော်သိပ်ချစ်တယ်။ ကျန်တဲ့ အဘတွေကို မုန်းတော့ မမုန်းပါဘူး။ ဒါပေမယ့် အလိုက်အထိုက်နေကြပါတော့ဗျာ။

“ဘဘဦးဝင်းတင် ကျန်းမာပါစေ။ ကျန်တဲ့ အဘတွေ အလိုက်အထိုက်။”

ဖိုးထက်
(ဘဘ အမြန်ဆုံး ကျန်းမာပါစေကြောင်း..ဒီစာစုလေးနဲ့ ဆုတောင်းပါရဲ့။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – သို့/ ဘဘဦးဝင်းတင်သို့ လိပ်မူသော မေတ္တာ
  1. ကိုဖိုးထက် ရေ- ကျုပ်လဲ ကိုညိုလိုဘဲ မေတ္တာပို့ ချင်တယ်- ကျန်တဲ့ အဘတွေ အလိုက်အထိုက်ဆို အဘ အနွယ်ဝင် မဟာပူရိသတွေဘဲ ပါမယ်- ကျန်တဲ့သူ ဆိုမှ အကုန်ပါမယ်- တော်ကြာ ကျန်တဲ့အဘ တွေ အလိုက်အထိုက်လို့ မေတ္တာပို့ ရင် ကျန်တဲ့ အဖွားတွေ အဒေါ်တွေ မမ တွေက ဒို့ မပါဘူး-ကျားမ ခွဲခြားတယ်ဖြစ်နေဦးမယ်- ဒီတော့ ဘဘ ဦးဝင်းတင် ကျမ္မာပါစေ- ကျန်တဲ့သူတွေ အားလုံး အလိုက်အထိုက်ဘဲဗျာ-

Comments are closed.