သတင်းဆောင်းပါး အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – ၅၈

 

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၈၉၊ မတ်လ ၂၀ ရက်၊ ၂၀၁၄၊ စာမျက်နှာ ၁၈)

 

 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – ၅၈

 

အောင်ဒင်၊ မတ် ၂၈၊ ၂၀၁၄

 

အပိုင်း (၅၈) ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးအစိုးရ

 

၂၀၁၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့မှာ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး၊ (၂၃) ရက်မြောက်နေ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းနဲ့ အဖြေများကို တွေ့ရပါတယ်၊ စိတ်ဝင်စားစရာကောင်းတယ်လို့ ဆိုရတာက လွှတ်တော်ကိုယ်စားလှယ် သုံးဦးရဲ့ မေးခွန်းတွေကို သမ္မတရုံးဝန်ကြီးဋ္ဌာန အမှတ် (၄) မှ ဒုဝန်ကြီး ဦးအောင်သိန်းက ကချင်ပြည်နယ်အစိုးရ၊ မန္တလေးတိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရများကိုယ်စား ဖြေဆိုပါတယ် (သို့မဟုတ်) ဖြေဆိုချက်တွေကို ဖတ်ပြပါတယ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမဟုတ်ကြပါ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များသာ နိုင်ငံတော်သမ္မတရဲ့ ဘဏ္ဏာရေးကော်မရှင်မှာ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပြီး နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံပါတယ် [၂၀၀၈ ဖွဲ့စည်းပုံ၊ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ) (၁)]၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရနဲ့ ပါတ်သက်တဲ့ကိစ္စများကို မေးမြန်းခွင့်၊ ဖြေကြားခွင့် ရှိမရှိ လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်၊

 

# ကချင်ပြည်နယ်မှ မိုးကောင်း-ဖားကန့်လမ်းပြဿနာ

 

ရှမ်းပြည်နယ်၊ သီပေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ကချင်ပြည်နယ်မှ မိုးကောင်း-ဖားကန့်လမ်းပြုပြင်ရေးနဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်ပါတယ်၊ မိုးကောင်း-ဖားကန့်လမ်းဟာ ၅၉ မိုင် ၄ ဖာလုံရှည်လျားပါတယ်၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများက ကျောက်သယ်တဲ့ ကားကြီးတွေ အစင်းပေါင်းများစွာ၊ တန်ချိန်ပေါင်းများစွာ  နေ့စဉ် မောင်းနှင်ဖြတ်သန်းနေရတဲ့ အရေးကြီးတဲ့ ကုန်ထုတ်လမ်းမကြီးဖြစ်ပါတယ်၊ သိပ်ပြီးတော့ မရှည်လျားလှပေမည့် မိုးရာသီရောက်တိုင်း ကားလမ်းပေါ်ရေကျော်ပြီး ကားတွေ မောင်းနှင်ဖို့ခက်ပါတယ်၊ ကားတွေသယ်ဆောင်လာတဲ့ ကုန်တွေရဲ့ ပမာဏကလည်း သတ်မှတ် တန်ချိန်ထက် ကျော်တာမို့ လက်ရှိကားလမ်းက ပျက်စီးနေပါပြီ၊ ကချင်ပြည်နယ်ကို ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရောက်ရှိလာတုံးက ဒေသခံပြည်သူတွေ၊ လုပ်ငန်းရှင်တွေက တင်ပြလို့ လမ်းရဲ့ တစ်ဝက်ကို နိုင်ငံတော်အစိုးရက တာဝန်ယူပြင်ဆင်ဖို့နဲ့ ကျန်တစ်ဝက်ကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုခုကို ရွေးချယ်ပြီး BOT စနစ် (Build, Operate and Transfer) နဲ့ တည်ဆောက်ဖို့ လမ်းညွှန်ခဲ့တယ်လို့ ဆိုပါတယ်၊  ဒေါက်တာစိုင်းမောက်ခမ်းက ဘဏ္ဏာရေးကော်မရှင်ရဲ့ ဒု၊ ဥက္ကဋ္ဌ တစ်ယောက်လည်းဖြစ်ပါတယ်၊

 

ဒါပေမည့် ကချင်ပြည်နယ်အစိုးရက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖားကန့်ဒေသထဲက ကျောက်စိမ်းကုမ္ပဏီပိုင်ရှင်များကို ဖိတ်ခေါ်ပြီး ဒီကားလမ်းမကြီးကို ကချင်ပြည်နယ်အစိုးရက ဦးဆောင်ပြီး ကျောက်စိမ်းကုမ္ပဏီများ ထည့်ဝင်တဲ့ ပိုက်ဆံနဲ့ ပြုပြင်တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြေညာပါတယ်၊ အဲဒီ ဆုံးဖြတ်ချက်အရ ကျောက်စိမ်းလုပ်ငန်းရှင်တွေက လုပ်ကွက်တစ်ကွက်ကို ကျပ် သိန်းတစ်ရာနှုံး ထည့်ဝင်ရမယ်လို့ ဆိုပါတယ်၊ ဖားကန့်ဒေသမှာ ကုမ္ပဏီပေါင်းများစွာရဲ့ ကျောက်စိမ်းလုပ်ကွက်ပေါင်း တစ်သောင်းငါးထောင်လောက်ရှိတာမို့ ကချင်ပြည်နယ်အစိုးရက ကျောက်စိမ်းလုပ်ငန်းရှင်များကို မိုးကောင်း-ဖားကန့်လမ်းကို ပြုပြင်ဖို့ ကျပ်သန်းထောင်ပေါင်း (၁၅၀) ထည့်ဝင်ခိုင်းနေတာဖြစ်ပြီး ဘယ်နေ့/ဘယ်ရက်နောက်ဆုံးထားပြီး ထည့်ဝင်ရမယ်လို့ ဖိအားပေးနေတယ်လို့ သိရပါတယ်၊ ကားလမ်းပြင်ဖို့ ခန့်မှန်းခြေကုန်ကျစားရိတ်က ကျပ် သန်းထောင်ပေါင်း (၃၂) လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်၊ ဦးရဲထွန်းက ကျောက်စိမ်းကုမ္ပဏီတွေဟာ လုပ်ငန်းရပ်တန့်ထားရတဲ့ နှစ်တွေများလွန်းလို့၊ သူတို့ပိုင် အဆောက်အအုံတွေ၊ စက်ယန္တရားတွေ ဖျက်ဆီးခံရလို့ ဒီရန်ပုံငွေကို ထည့်ဝင်ဖို့ အခက်အခဲရှိနေတယ်လို့လည်း ဆိုပါတယ်၊

 

ဦးရဲထွန်းက ဒီပြဿနာနဲပါတ်သက်ပြီး မေးခွန်းနှစ်ခုမေးပါတယ်၊ (၁) ကချင်ပြည်နယ်အစိုးရရဲ့ ကျောက်စိမ်းလုပ်ငန်းရှင်များထံ ကားလမ်းပြုပြင်ရေးအတွက် ငွေထည့်ဝင်ဖို့ တောင်းခံနေခြင်းဟာ ဥပဒေနဲ့ ညီညွတ်ရဲ့လား၊ (၂) တကယ်လို့ ဒီလို ငွေကောက်ခံတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့  ကျောက်စိမ်းလုပ်ငန်းရှင်များက ယူဆပြီး တောင်းခံတဲ့ငွေကို မထည့်ဝင်ရင် သူတို့အပေါ် ဘယ်လိုအရေးယူမှုတွေ ရှိလာနိုင်မလဲ၊

 

# ဦးအောင်သိန်း၏ အဖြေ

 

သမ္မတရုံးဝန်ကြီးဋ္ဌာန (၄) ရဲ့ ဒု-ဝန်ကြီး ဦးအောင်သိန်းက ကချင်ပြည်နယ်အစိုးရကိုယ်စားဆိုပြီး မေးခွန်းကို ဖြေပါတယ်၊ သူဖတ်ပြတဲ့ ပြန်ကြားချက်မှာ ဖားကန့်ဒေသကို ကမ္ဘာကျော်ကျောက်စိမ်းတွေ ထွက်ရှိလို့ ၂၀၀၁ ခုနှစ်ကစပြီး နိုင်ငံတော်ကနေပြီး ရတနာနယ်မြေလို့ သတ်မှတ်ထားတာ၊ မိုးကောင်း-ဖားကန့်လမ်းကြီးပေါ်မှာ ကားတွေဟာ တစ်နာရီကို ၁၀ မိုင်ခွဲနှုံးလောက်ပဲ မောင်းနိုင်လို့ ၅၉ မိုင် ၄ ဖာလုံခရီးကို ၅ နာရီနဲ့ မိနစ် ၄၀ ကြာမြင့်တာ၊ မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်နဲ့ ဖားကန့်မြို့နယ်က ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖရောင်းဂန်တို့က ဒီကားလမ်းမကြီးပြင်ဆင်ရေးအတွက် သူတို့ရဲ့ သက်ဆိုင်ရာလွှတ်တော်တွေမှ တောင်းဆိုထားကြတာ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း နိုင်ငံတော်သမ္မတထံ တင်ပြခဲ့တာ၊ ဒါကြောင့်မို့ မိုးကောင်းမှ မအူပင်အထိ ၂၉ မိုင်ကို ပြည်ထောင်စုအစိုးရရန်ပုံငွေနဲ့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှတာဝန်ယူပြီး ကျန် ၃၀ မိုင် ၄ ဖာလုံကို ကချင်ပြည်နယ်အစိုးရက BOT စနစ်နဲ့ တာဝန်ယူပြင်ဆင်မှာ ဖြစ်ကြောင်းတွေ ပါဝင်ပါတယ်၊ ဦးရဲထွန်းမေးခွန်းများအတွက် အဖြေတွေတော့ မပါဝင်ပါ၊

 

မျှော်လင့်ထားတဲ့ အဖြေမရလို့ မကျေနပ်နိုင်တဲ့ ဦးရဲထွန်းက ထပ်ဆင့်မေးခွန်းမေးပါတယ်၊ သူ့မေးခွန်း နှစ်ခုကို ထပ်မံ ရွတ်ပြပြီး ဦးအောင်သိန်းရဲ့ ပြန်ကြားချက်မှာ အဲဒီမေးခွန်းနှစ်ခုရဲ့ အဖြေမပါလို့ ရှင်းရှင်းလင်းလင်းဖြေကြားပေးဖို့ တောင်းဆိုပါတယ်၊ ဦးအောင်သိန်းက သူဟာ ကချင်ပြည်နယ်အစိုးရက ပြင်ဆင်ပေးပို့လိုက်တဲ့ ပြန်ကြားချက်ကို ကချင်ပြည်နယ်အစိုးရရဲ့ ကိုယ်စား လာရောက်ဖတ်ပြတာဖြစ်ကြောင်း၊ အဖြေမပါဘူးဆိုရင်လည်း ကချင်ပြည်နယ်အစိုးရတာဝန်သာဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ဦးရဲထွန်းရဲ့ မေးခွန်းတွေကို ကချင်ပြည်နယ်အစိုးရထံ ပြန်လည်မေးမြန်းပြီး ဖြေကြားပေးမယ် ဖြစ်ကြောင်း ပြန်ကြားပါတယ်၊

 

သိပ်မကျေနပ်နိုင်တဲ့ ဦးရဲထွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကို တိုင်တည်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့အတွက် သူ့မေးခွန်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပြည်သူ့လွှတ်တော်ကို လာရောက်ဖြေကြားပေးဖို့ လိုအပ်မယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌကြီးက ဖိတ်ကြားပေးစေချင်ကြောင်း ပြောပါတယ်၊ သူရဦးရွှေမန်းက ဦးအောင်သိန်းကို ရည်ရွယ်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မေးခွန်းများကို ဖြေတဲ့အခါမှာ မူလမေးတဲ့အကြောင်းအရာများ တစ်ခါတည်းဖြေဖို့လိုအပ်ကြောင်း ပြောပါတယ်၊ ဦးရဲထွန်းကို ရည်ရွယ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ဖိတ်ခေါ်ဖို့ဆိုတာ သူဆောင်ရွက်ရမည့်ကိစ္စမဟုတ်ပဲ ပြည်ထောင်စုအစိုးရက စီစဉ်ပေးရမည့် ကိစ္စဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်၊

 

# အမေး၊ အဖြေ၊ သက်ဆိုင်မှုနှင့် တာဝန်ယူမှု

 

ဒီဖြစ်စဉ်မှာ ဦးရဲထွန်းရဲ့ မေးခွန်းများကို ပြန်လည် သုံးသပ်ကြည့်မိပါတယ်၊ (၁) ကချင်ပြည်နယ်အစိုးရရဲ့ ကျောက်စိမ်းလုပ်ငန်းရှင်များထံ ကားလမ်းပြုပြင်ရေးအတွက် ငွေထည့်ဝင်ဖို့ တောင်းခံနေခြင်းဟာ ဥပဒေနဲ့ ညီညွတ်ရဲ့လား၊ (၂) တကယ်လို့ ဒီလို ငွေကောက်ခံတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့  ကျောက်စိမ်းလုပ်ငန်းရှင်များက ယူဆပြီး တောင်းခံတဲ့ငွေကို မထည့်ဝင်ရင် သူတို့အပေါ် ဘယ်လိုအရေးယူမှုတွေ ရှိလာနိုင်မလဲ၊ ဒီမေးခွန်း နှစ်ခုစလုံးဟာ ကျနော့်အမြင်မှာ ဦးရဲထွန်းက ကချင်ပြည်နယ်အစိုးရကို မေးတာမဟုတ်ပဲ ပြည်ထောင်စုအစိုးရကို မေးခွန်းထုတ်တာဖြစ်ပါတယ်၊ သူ မသင့်တော်ဘူးထင်တဲ့ ကချင်ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်အချို့နဲ့ပါတ်သက်ပြီး ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ၊ ပိုက်ဆံအတောင်းခံရသူတွေက မတရားဘူးထင်လို့ မပေးရင် ဘာဖြစ်နိုင်မလဲ ဆိုတာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ခံရတဲ့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အပေါ်မှာ တာဝန်ရှိတဲ့ နိုင်ငံတော်သမ္မတကို မေးတာပါ၊

 

နိုင်ငံတော်သမ္မတမှာ ဒီမေးခွန်းတွေကို ဖြေဖို့ တာဝန်ရှိပါtတယ်၊ လမ်းတစ်ပိုင်းကို ပြည်ထောင်စုအစိုးရရဲ့ ရန်ပုံငွေနဲ့၊ ကျန်လမ်းတစ်ပိုင်းကို ကချင်ပြည်နယ်အစိုးရက ဦးဆောင်ပြီး BOT စနစ်နဲ့ ကံထရိုက်ပေးပြီး ပြုပြင်မယ်လို့ ဆုံးဖြတ်ထားပြီးသား၊ သဘောတူပြီးသားဆိုရင် ကချင်ပြည်နယ်အစိုးရက လုပ်ငန်းရှင်တွေဆီက လမ်းတစ်ခုလုံး ပြင်ဆင်ဖို့ လိုအပ်တဲ့ကုန်ကျစားရိတ်ထက် အဆမတန်ပိုများတဲ့ ပိုက်ဆံတွေကို ဘာကြောင့်၊ဘာလို့တောင်းခံနေရတာလည်း၊ ပိုက်ဆံမထည့်တဲ့ လုပ်ငန်းရှင်တွေကို ကချင်ပြည်နယ်အစိုးရက လုပ်ငန်းလိုင်စင်တွေပိတ်ပြီး အရေးယူရင်၊ အနှောက်အယှက်ပေးရင် တရားမျှတမှု ရှိပါ့မလား၊

 

ဒီမေးခွန်းတွေဟာ နိုင်ငံတော်သမ္မတဆီကို လွှတ်တော်အစည်းအဝေးမကျင်းပခင် ရက်ပေါင်းများစွာ ကြိုတင်ရောက်ရှိခဲ့တာပါ၊ နိုင်ငံတော်သမ္မတဟာ ဒီမေးခွန်းတွေကို လွှတ်တော်ရုံးကတဆင့် ရတဲ့ အချိန်ကစပြီး ဒီစွပ်စွဲချက်တွေ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးရမှာပါ၊ ဟုတ်မှန်တယ်ဆိုရင် ကချင်ပြည်နယ်အစိုးရကို မတရားမှုတွေ မလုပ်ဖို့၊ ရပ်တန့်ဖို့ သတိပေးအရေးယူရမှာဖြစ်ပြီး ပိုက်ဆံထည့်ဖို့ သဘောမတူတဲ့ လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးရမှာပါ၊ ပြီးတော့ ဖြေရှင်းဆောင်ရွက်ခဲ့သမျှ၊ ဒါမှမဟုတ်လည်း ဖြေရှင်းဆောင်ရွက်နေတာတွေကို လွှတ်တော်ကိုယ်စားလှယ်ကို အပြည့်အစုံ အသိပေးရမှာပါ၊ တကယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းတွေဟာ မှားနေတယ်၊ နားလည်မှုလွဲတာဖြစ်တယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ်ကို အထောက်အထားအပြည့်အစုံနဲ့ ရှင်းပြနိုင်ရမှာပါ၊

 

ဦးအောင်သိန်းရဲ့ ပြန်ကြားချက်မှာ ဒီမေးခွန်းတွေရဲ့ အဖြေမပါတာလည်း အံ့ဩစရာမရှိပါ၊ ကချင်ပြည်နယ်အစိုးရက ပြင်ဆင်ပေးတဲ့ ပြန်ကြားချက်မှာ ဦးရဲထွန်းရဲ့ မေးခွန်းများကို ဥပေက္ခာပြုတာ သဘာဝကျပါတယ်၊ အံ့ဩစရာကောင်းတာက ပြည်ထောင်စုအစိုးရရဲ့ ဘဏ္ဏာရေးကော်မရှင် (သို့မဟုတ်) ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန (သို့မဟုတ်) နယ်စပ်ဒေသရေးရာဝန်ကြီးဋ္ဌာန စတဲ့ တာဝန်ရှိဋ္ဌာနတွေက တိုက်ရိုက်ပါဝင်ပါတ်သက်ခြင်း၊ ဖြေကြားခြင်းမရှိပဲ ကချင်ပြည်နယ်အစိုးရကို သမ္မတရုံး ဒုဝန်ကြီးက တဆင့် ဖြေကြားခိုင်းတာပါ၊ အဲဒီနေ့အစည်းအဝေးမှာ ဦးအောင်သိန်းက ကချင်ပြည်နယ်အစိုးရကိုယ်စားသာမကပဲ ရမည်းသင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီရဲ့ မေးခွန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရကိုယ်စား၊ သာကေတမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်စိုးရဲ့ မေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်စား ဖြေကြားခဲ့ပါသေးတယ်၊

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ မဟုတ်ကြပါ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ (၆/က) အရ ပြည်ထောင်စုအစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်ပါတယ်၊ ပုဒ်မ (၉) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဏာရေးကော်မရှင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ပါဝင်ပါတယ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်များဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်တဲ့ ဘဏ္ဏာရေးကော်မရှင်ရဲ့ အဖွဲ့ဝင်များဖြစ်ကြလို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလို့ ဆိုနိုင်ပေမည့် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့များကတော့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ မဟုတ်ကြပါ၊ 

 

ဒါကြောင့်မို့ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို တိုက်ရိုက်တာဝန်ယူဖြေကြားခြင်းမပြုပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရများကို သမ္မတရုံး ဒုဝန်ကြီးကတဆင့် ဖြေကြားစေတာ အံ့ဩစရာကောင်းပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ကျနော်ယူဆပါတယ်၊

 

လေးစားစွာ၊

 

အောင်ဒင်
မတ်လ ၁၄၊ ၂၀၁၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts