ရသဆောင်းပါးစုံ

သက်ခိုင် – ဘာလဲဟဲ့ အိမ်အကူ

ဘာလဲဟဲ့ အိမ်အကူ
သက်ခိုင်
မတ်လ ၂၆၊ ၂၀၁၄

 

photo@AungHtet

မပြောမဖြစ်လို့ ပြောရတော့မည်။ မြန်မာအစိုးရ၏ စင်ကာပူနဲ့ ဟောင်ကောင်ကို စေလွှတ်မယ့် အိမ်အကူ အလုပ်သမတွေနဲ့ ပတ်သက်လို့ပဲ ဖြစ်ပါတယ်။ တချို့ကတော့ ဂုဏ်နှိမ်ခေါ်ကြတာ အိမ်ဖော်တဲ့ (ဆင်ခြေ ဆင်လက်ကတော့ အစဉ်အလာအရ ခေါ်လာခဲ့ကြတာပဲလို့ ဆိုကြမည်၊ ဒါဆိုရင်လည်း ပြည့်တန်ဆာမခေါ်ဘဲ -ာ လို့ ဘာလို့ဆက်မခေါ်ကြပါသလဲဟု မေးရမလိုသာ ရှိတော့မည်) အလုပ်သမားရေး နားလည် လှုပ်ရှား နေသူတွေကတော့ သူတို့လုပ်အားကို လေးစားအသိအမှတ်ပြုတဲ့ အနေနဲ့၊ သူတို့ရဲ့ အလုပ်ရှင် မိသားစုတွေကို ကူညီနေမှုကို တန်ဖိုးထားတဲ့အနေနဲ့ “အိမ်အကူ” domestic worker လို့သာ ခေါ်ကြပါတော့တယ်။ ရွဲ့ပြီး ဆက်လက်သုံးစွဲနေတဲ့ မီဒီယာများလည်း ရှိနေနိုင်သေးတာပါပဲ။

ဆက်စပ် ပြောရမည်ဆိုလျှင် စီးပွားရေးပညာအရ Demand (လိုအပ်ချက်) နှင့် Supply (ဖြည့်ဆည်းမှု) လို့ပဲ ဆိုကြပါစို့၊ ယနေ့ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာဟာ နေရာရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြပါတယ်။ ဒါဟာ Demand နဲ့ Supply သဘောတရားတွေကြောင့် ဖြစ်လာတာပါပဲ၊ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့မှာ International Organization of Migration (IOM) ဆိုတဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ အဖွဲ့ကြီးကနေပြီးတော့ ၂၀၁၃ခုနှစ် ကမ္ဘာ့ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအစီရင်ခံစာတွေကို နိုင်ငံတကာအဆင့်မီ သုတေသီတွေကိုဌားရမ်းပြီးတော့ အသေအချာ စစ်တမ်းကောက် ထုတ်နုတ်မှတ်သား မေးမြန်းပြီးတော့မှ ထုတ်ပြန်ကြရတာ ဖြစ်ပါတယ်။ အခုပြောတဲ့ အစီရင်ခံစာကတော့ ၂၀၀၉ခုနှစ်ကနေ ၂၀၁၁ခုနှစ် ကာလ ၃နှစ်တာအတွင်း လေ့လာသုတေသနပြုထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်က လူပေါင်း ၄သိန်းကျော်ကို မေးမြန်းခဲ့ပြီး ရွှေ့ပြောင်းနေထိုင်ကြရတဲ့ အဓိကပုံစံ (၄)မျိုးကို ထုတ်နုတ် အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို မြောက်ပိုင်းနိုင်ငံတွေလို့ သတ်မှတ်ခဲ့ပြီး မဖွံ့ဖြိုးသေးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကိုတော့ တောင်ပိုင်း နိုင်ငံတွေလို့ သတ်မှတ်ခဲ့ပါတယ်၊ အဲဒီအစီရင်ခံစာအရဆိုရင် တောင်မှမြောက်၊ မြောက်မှတောင်၊ မြောက်မှမြောက်၊ တောင်မှတောင်ဆိုပြီး အဲဒီလို ပုံစံ(၄)မျိုး သတ်မှတ်ခွဲခြားပြီး အစီရင်ခံစာကို ပြုစုခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ တောင်ပိုင်းနိုင်ငံတွေက မိမိနေရပ်ရင်း တိုင်းနိုင်ငံကအိမ်ကို ငွေပြန်ပို့ရသူတွေဖြစ်ပြီး၊ သူတို့ဟာ တကမ္ဘာလုံး ရွှေ့ပြောင်း နေထိုင်သူအားလုံးရဲ့ (၆၉%) ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီရာခိုင်နူန်းဟာ သူတို့မူရင်း တိုင်းနိုင်ငံတွေက လူဦးရေအားလုံးပေါင်းရဲ့ (၃%)ပဲ ရှိပါတယ်။ ဒါပေမယ့် မြောက်ပိုင်းနိုင်ငံတွေက ပိုမိုရွှေ့ပြောင်း နေထိုင်လိုကြပြီး သူတို့မူရင်း တိုင်းနိုင်ငံတွေက လူဦးရေရဲ့ (၅.၂%) အထိရှိကြတယ်လို့ ပါပါတယ်။ တောင်ပိုင်းနိုင်ငံအများစုကတော့ အခြေခံအလုပ်သမား (ကော်လာပြာ) များပြီး မြောက်ပိုင်းနိုင်ငံတွေကတော့ ပညာရှင်သဘော (ကော်လာဖြူ) တွေများပါတယ်။

ဒါကတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူတွေပြောင်းရွှေ့နေထိုင်မှုကို ခြုံငုံတင်ပြတာပါ၊ တကယ်တမ်းတော့ ကျနော်တို့ အာရှနိုင်ငံတွေဟာ တောင်ပိုင်းနိုင်ငံများ စာရင်းမှာသာ ပါဝင်ကြပြီး Sender (စေလွှတ်သူ) နိုင်ငံတွေ ဖြစ်ပါတယ်။ ဖွံဖြိုးတဲ့ နိုင်ငံတွေကတော့ အလုပ်သမား လိုအပ်ချက်အရ Receiver (လက်ခံသူ) တွေအဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံဟာ အထူးသဖြင့် အာရှစီးပွားရေး ဈေးကွက်မှာ Demand အရ သူ့နိုင်ငံသားတွေကို စေလွှတ်ခဲ့ရာမှာ တရားဝင်ကော တရားမဝင်ကော ခန့်မှန်းချေ (၄)သန်းခန့်ရှိနိုင်ပါတယ်၊ နိုင်ငံတွေကတော့ အထူးသဖြင့် ထိုင်း၊ မလေး၊ တရုပ်၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန် စတဲ့နိုင်ငံတွေ အထူးသဖြင့်ပါဝင်ပါတယ်။

ထိုင်းနိုင်ငံ တခုတည်းကို တွက်ချက်ကြည့်မယ်ဆိုရင် တရားဝင်ကော တရားမဝင်ကော မြန်မာလုပ်သား (၂) သန်း ဝန်းကျင်ရှိပါတယ်၊ ဒီလုပ်သားတွေဟာ သူတို့ရဲ့ လုပ်အားခကနေ မိမိနိုင်ငံရင်းက မိဘဆွေမျိုး ဘိုးဘွားတွေကို သူတို့နှဖူးကချွေး ခြေမကျအောင် လုပ်ခဲ့ရတဲ့ ဝင်ငွေအထဲကနေ မြန်မာငွေ ကျပ်ဘီလီယျံ(၃၀)ခန့်ကို မြန်မာပြည်ကို လစဉ်ပြန်ပို့နေသူတွေ ဖြစ်ပါတယ်၊ ဒါဟာ ဒီလူဦးရေ ၂သန်းထဲက တဝက်ကိုသာ အနည်းဆုံး ပြန်ပို့ငွေ (တလ ဘတ် ၁၀၀၀) နဲ့သာ တွက်ချက်ပြတာသာ ရှိပါသေးတယ်၊ အမှန်တော့ ဒီထက်ပိုပါတယ်။

ဆိုတော့ ဒီလုပ်သားတွေရဲ့ လုပ်အားအရ စီးပွားဖွံ့ဖြိုးလာတဲ့ ထိုင်းနိုင်ငံကလည်း ဒီလုပ်သားထုရဲ့ အကျိုးစီးပွားကို ပြန်လှည့်ငဲ့ကွက် ကြည့်ရပါတော့တယ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းခွင် အန္တရယ် ကင်းရှင်းရေး၊ အသက်အာမခံ စသဖြင့် စဉ်းစားပေးအပ် ရပါတော့တယ်၊ ဒီနေရာမှာ အလုပ်သမားမျိုးစုံ အကြောင်းထက်စာရင် ထိုင်းနိုင်ငံရောက် မြန်မာအိမ်အကူတွေရဲ့ ခံစားပိုင်ခွင့်ကိုပဲ အဓိကပြောပြချင်ပါတယ်။ ဆောင်းလူ

မြန်မာအစိုးရက ဟောင်ကောင်နဲ့ စင်ကာပူကို အခုမကြာခင် ပေးပို့စေလွှတ်တော့မယ့် အိမ်အကူ အလုပ်သမတွေအတွက် နားရက်ခွင့်ကို အနည်းဆုံး တလကို တရက်ပေးအပ်ဖို့ တောင်းဆိုမယ် ဘာညာ ကြားရတော့ အလွန်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်၊ ဒါကြောင့် ထိုင်းနိုင်ငံက အိမ်အကူတွေရဲ့ ခံစားခွင့်တွေနဲ့ ယှဉ်ပြချင်တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက အိမ်အကူဆိုတာ ၂မျိုး အကြမ်းဖျင်းရှိပါတယ်၊ အဓိကကတော့ မြို့ပြတွေမှာ လုပ်တဲ့ အလုပ်သမနဲ့ နယ်မြို့ ကျေးရွာတွေမှာ လုပ်တဲ့ အလုပ်သမပေါ့၊ ဒီနေရာမှာ အဓိက တင်ပြချင်တာ မြို့ပြမှာ နေထိုင်လုပ်ကိုင် နေကြတဲ့ အိမ်အကူ အလုပ်သမတွေပဲ ဖြစ်ပါတယ်၊ ဘာလို့ဆို ဟောင်ကောင်ကျွန်းတို့ စင်ကာပူကျွန်းတို့ဆိုတာ ဖွံ့ဖြိုးဆဲမြို့ပြတွေ ဖြစ်လို့ပါပဲ။

အိမ်အကူမှာ ၂မျိုးရှိပါတယ် live in (အလုပ်လုပ်တဲ့ အိမ်မှာပဲနေရ) နဲ့ live out ( မိမိဘာသာ အပြင်မှာ ဌားနေရ) ပေါ့လေ။ live out ဆိုရင် တနေ့ကို အလုပ်ချိန် (၇-၈)နာရီကနေ ပိုခိုင်းလို့ မရပါဘူး၊ ၁၀နာရီလာ ညနေ ၆နာရီပြန် ဒါမျိုးကို ဆိုလိုတာပါ၊ live in ကတော့ တခါတလေ မိသားစု သဘောလို ဘာလိုလိုနဲ့ ညာတာပါတေး အလုပ်ချိန်ပြင်ပမှာ ခိုင်းစေခံရတတ်တာလည်း ရှိတတ်ပါတယ်။ ဒါကတော့ အာရှအလုပ်ရှင်တွေများပြီး အနောက်တိုင်းသား အလုပ်ရှင်ကတော့ စာတတ်ပါတယ် လုံးဝမခိုင်းတတ်ကြပါဘူး။ သူတို့အရှက်ကွဲ မခံကြပါဘူး။

ဒါပေမယ့် ထိုင်းမှာလည်း စာမတတ် ပေမတတ် အလုပ်ရှင်တွေကြောင့် ညသန်းခေါင်မှ နားရပြီး မနက်၎နာရီထရကာ၊ အသက်ဆုံးရှုံးရ၊ အနှိပ်စက်ခံရ၊ ခန္ဓာကိုယ် ဖျက်ဆီးခံရတာတွေလည်း ရှိကြဆဲပါ၊ ဒါကိုလည်း လူမှုကယ်ဆယ်ရေးတွေ NGOs တွေ အလုပ်သမားရေး လုပ်ဆောင်နေသူတွေ အပါအဝင် ပူးပေါင်ပြီး ဆက်လက် တိုက်ပွဲဝင်နေကြပါတယ်၊ ဒါကြောင့် ယခုဆိုရင် အိမ်အကူ အလုပ်သမတွေအတွက် အခြေခံ အခွင့်အရေးတွေ ရရှိလာနေကြပါပြီ။

ဆိုတော့ သူတို့ရဲ့ လုပ်အားခက တလကို ဘတ်ငွေ၁၀၀၀၀ ဝန်းကျင်ရှိပါတယ် (ဒေါ်လာ ၃၅၀)၊ ဒါ့အပြင် ညနေ၆နာရီကျော်လို့ အလုပ်ရှင်ကလေးတွေ တခြားအိမ်မှာ ညစာစားပွဲရှိလို့ လိုက်ပါစောင့်ရှောက် ပေးရရင် အချိန်ပိုအဖြစ် တနာရီ ဘတ် (၁၀၀) ရကြပါတယ်၊ ည၉နာရီမှ ပြန်ရောက်ရင် ဘတ် (၃၀၀)ပေါ့၊ ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး၊ နှစ်ကုန်လို့ ဒီဇင်ဘာလ လုပ်အားခရှင်းရင် ဘောက်ဆူးသဘော တလစာလုပ်အားခ ပေးတတ်ကြပါတယ်၊ တချို့တော့လည်း မရကြပါဘူး။ ဒါကလစာခံစားခွင့်ကို ဆိုလိုတာ ဖြစ်ပါတယ်။

သူတို့အခွင့်အရေးပိုင်းကို ကြည့်မယ်ဆိုရင်တော့ ပုံမှန်တပတ်ကို စနေနေ့တဝက်နဲ့ တနင်္ဂနွေ အနားပေးရပါတယ်၊ ဘာလို့ဆို ဒီအချိန်မှာ အလုပ်ရှင်က သူ့အိမ်သူထိန်းကျောင်းနိုင်တဲ့ အနေအထားမို့ပါ၊ ဒါ့အပြင် အခါကြီး ရက်ကြီးတွေမှာ အိမ်အကူကို အလုပ်စေခိုင်းလို့ မရပါဘူး၊ မဖြစ်မနေ အရေးပေါ်လိုအပ်လို့ ညှိနှိုင်းလို့ ရခဲ့မယ် ဆိုရင်တောင် လုပ်အားခ ၂-၃ဆ ပေးကြရပါတယ်။

ဒီလိုအခွင့်အရေးတွေကို တိုးမြှင့်ထိန်းသိမ်းဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ NGOs တွေ၊ အလုပ်သမားရေး လုပ်ဆောင်သူတွေက အမြဲမပြတ် စောင့်ကြည့်တိုက်ပွဲဝင်နေရတာပါ၊ ဒါတောင် အစိုးရကလည်း လစ်ရင်လစ်သလို အလုပ်သမားအခွင့်အရေးကို မျက်ကွယ်ပြုဖို့ လုပ်တာတွေလည်း ရှိပါတယ်။

ဆိုတော့ ဒီလိုအခွင့်အရေးတွေ ရဖို့အတွက် အခုလိုဆင့်ကဲ ဆင့်ကဲ တိုက်ပွဲဝင် တောင်းယူနေကြရတာမှာ မြန်မာအစိုးရက သူစေလွှတ်မယ့် အိမ်အကူတွေအတွက် အခွင့်အရေးကို အခုလိုဈေးအပေါဆုံး မျက်နှာချိုသွေးပြီး Receiver တိုင်းပြည်ကို ထိုးအပ်မယ့် သဘောဖြစ်နေတော့ အလွန်စိတ်မကောင်း ဖြစ်ရပါတယ်။

ဖိလစ်ပိုင်လို အိမ်အကူအများဆုံး စေလွှတ်တဲ့နိုင်ငံတောင် မိမိလူတွေရဲ့ အခွင့်အရေးကို အပြည့်အဝရအောင် တောင်းပေးနေတဲ့အချိန်မှာ မြန်မာအစိုးရက အခုလိုစဉ်းစားတာတော့ အလွန်ရုပ်ပျက်လွန်းလှပါတယ်၊ ကမ္ဘာ့အခင်းအကျင်းကို နားမလည်တာလား၊ စာမဖတ်ကြတာ လား၊ သူများပြောတိုင်း ခေါင်းညိမ့်တတ် နေတော့တာလား ဝေခွဲလို့မရတော့ပါဘူး။

ဒီတော့ အခုလိုမျိုး ပစ်စလက်ခတ် “တလမှာ အနည်းဆုံးတရက်နားခွင့်” ဆိုတဲ့ မမှန်ကန်တဲ့ စေတနာကိုတော့ ကျနော်တို့ လက်ခံ လို့ ရလိမ့်မယ် မဟုတ်ပါဘူး၊ ထိုင်းမှာတောင် ဒေါ်လာ ၃၅၀ ရနေနိုင်သေးတာ ဟောင်ကောင်လို၊ စင်ကာပူလိုဟာမျိုးကနေ ဒေါ်လာ ၄၅၀ တောင်းပေးနိုင်တယ် ဆိုတဲ့ ဆွဲဆောင်မှုကလည်း လွမ်းလောက်စရာလည်း မဟုတ်ပါဘူး။

ဒီတော့ ပြတ်ပြတ်သားသားပဲ ပြောရပါမယ်၊ မြန်မာပြည်တွင်းက အလုပ်သမားရေးအဖွဲ့များ ဒီကိစ္စငြိမ်မခံပါနဲ့ ကိုယ့်အမျိုးကောင်း နှမပျိုတွေအတွက် ခင်ဗျားတို့တောင်းဆိုပါ၊ လိုအပ်ရင် ILO အကူအညီတောင်းပါ၊ ငါအစိုးရ၊ ငါကုမဏီပဲဆိုပြီးငါတို့စီမံတာ နာခံရမယ်ဆိုတဲ့ အစဉ်အလာကို ကျနော်တို့ တိုက်ပွဲဝင်ရပါမယ်။ သူတို့မှ အလုပ်မရှိတာ ရှိတဲ့အလုပ်ရှာပေးတာ မင်းတို့ကော ရှာပေးမလားတော့ မလုပ်ပါနဲ့၊ “ငါတို့ခေတ်မှာ ငါတို့ပြည်သူကို ထမင်းဝဝကျွေးဖို့ ငါတို့လုပ်ပြနိုင်တယ်” ဆိုတာကိုတော့ ရဲရဲကြီး ပြောချင်ပါတယ်။

သက်ခိုင်
(၁၉း၀၄)နာရီ
၂၆.၃.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts