ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – အသံဟာ … အဝေးကြီးက လာခဲ့ရတယ်

အသံဟာ..အဝေးကြီးက လာခဲ့ရတယ်
ဆောင်းယွန်းလ
မတ်လ ၂၆၊ ၂၀၁၄

Photo@AungHtet

အထူအပါး နားလည်ဖို့ မလွယ်လောက်အောင်
ခေတ်က မထူမပါးမျက်နှာဖုံးကို စွပ်လို့ပေါ့
လိုက်ရှာမနေနဲ့
လူတယောက်ကျပျောက်သွားတဲ့
စက္ကူစုတ်တရွက်ကို လိုက်ရှာနေသလိုများ
ကံတရားကို လမ်းဘေးမှာရှာဖွေတွေ့ရှိခဲ့သလား
ခင်ဗျားဆိုနေတဲ့ သီချင်းမှာ ဘာမှမပါဘူး
ထင်ထင်ရှားရှားဆိုလို့
အိပ်ကပ်ထဲက အိပ်မက်တွေပါးသွားတာတော့ သေချာခဲ့တယ်
သေဖို့အကြောင်းထက်
နေဖို့ အခေါင်းတလုံးလောက်သာ စပ်ထားလိုက်ပါ
ကမ္ဘာဟာ အညောင်းဆန့်လို့မပြန့်အောင် ကျဉ်းလာခဲ့ပြီ
စည်းတွေကို မျဉ်းပေါ်မှာ မင်နီတွေထပ်ပြီးတားထားလည်း
ဘာဆိုဘာမှ သဲသဲကွဲကွဲမရှိသေးဘူး
စာအုပ်တွေထူလာသလောက် ငွေစက္ကူတွေလည်းထူလာတယ်
မရှိမရှား ရှိမရှားတာ ပြဿနာတခုတဲ့လား
ပါးပါးလေးပုတ်လိုက်ရုံနဲ့ လှုပ်သွားတာပဲလေ
လှုပ်ရုံလေးလှုပ်လိုက်ရုံနဲ့ မြုပ်သွားတော့တာပဲလေ
ပြန်ကိုပေါ်မလာတော့ဘူး
မျှော်နေတဲ့ ရထားဟာ
ပျော်ပျော်ဆိုက်ပြီး ပျက်ပျက်ထွက်သွားတာတောင် ကြာခဲ့ပြီ
သတိမထားမိလိုက်ကြတာကတော့
ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလို့ ရိုးမယ်ဖွဲ့လိုက်ကြရုံပေါ့
ရွာမှာ အထာပျောက်နေတာ ဘာထူးလို့လဲ
ရွာမှာ ကမ္ဘာပျက်နေတာကကော ဘာဆန်းလို့လဲ
ကမ္ဘာမှာ ကမ္ဘာပျောက်ပြီး
ကမ္ဘာမှာ ကမ္ဘာပျက်နေတာတောင် ထူးပြီးဆန်းနေတာမှမဟုတ်တာကို
ကြာလို့ပေါ့ ကြာတာမှ ကြာတောင်ကြာနေခဲ့ပြီ
လျှာအရိုးမရှိတိုင်း ကြာတွေလိုက်ချိုးမနေနဲ့ဦး
ရေမြင့်ပြီး ကြာတင့်ဖို့ မိုးတွေမရွာတာလည်း ကြာနေခဲ့ပြီ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts