ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ကျွန်တော် အရောင်မဲ့သောအခါ

ကျွန်တော် အရောင်မဲ့သောအခါ
ဖိုးထက်
မတ်လ ၂၄၊ ၂၀၁၃
Photo by Aung Htet

အခု ကျွန်တော်ရေးသည့် အက်ဆေးမဟုတ်၊ အစမ်းစာမဟုတ်၊ ဗုံမဟုတ်၊ ပတ်မဟုတ် ဘာခေါ်လို့ ခေါ်ရမှန်း မသိသည့် စာကို အဆင်ပြေသလို ဖတ်သွားပြီး “သြော်..သူ့ခမျာ တတ်သလောက် မှတ်သလောက်လေးနဲ့  ရေးသွားရှာတယ်” လို့ စိတ်ကို နေရာချထား ဖတ်သွားပါလို့ ခြေဆင်းခံထားပါရစေ။

 

ဒီလောက်စကားခံထားကတည်းက ဒီအကောင် ကိုယ်မပိုင် မနိုင်ရာကို ၀င်ရှုပ်တော့မယ်ဆိုတာ သိလောက်ရောပေါ့။ ဟုတ်သည်။ ကျွန်တော် မကျွမ်းကျင်သော (၀ါ) အလုံးစုံ မသိနားမလည်သော အရောင်တွေ အကြောင်း ပြောချင် ခြင်းဖြစ်သည်။

 

လက်ရှိ ကျွန်တော့်မှာ ဖတ်လက်စ စာအုပ် တစ်အုပ်ရှိသည်။ စာအုပ်နာမည်က “အရောင်တွေ အကြောင်း၊ ပန်းချီကားတွေ အကြောင်း”။ စာအုပ်ကို ရေးသူ၊ ဖန်တီးသူက ဆရာဝင်းဖေမြင့်တဲ့။ မှန်ရာကို ၀န်ခံရမည်။ ဆရာ့ကို ကျွန်တော်မသိ။ သို့သော် ပန်းချီကားတွေ၊ အရောင်တွေကို စိတ်ဝင်စားသော ကျွန်တော့်အတွက် ဆရာ့ စာအုပ်ခေါင်းစဉ်က အပိုင်ဝယ်ပြီး ဖတ်ဖို့ ဆွဲဆောင်ခဲ့သည်။

 

မြန်မာနိုင်ငံမှာ အလွန် တွေ့ရခဲလှသည့် စာရွက်သားကောင်းကောင်း၊ ဆေးရောင်စုံစုံ၊ စာအုပ် ချုပ်ပုံ ချုပ်သား သပ်သပ်ရပ်ရပ်ဖြင့် ပုံနှိပ်ထုတ်ဝေသော ဆရာ့စာအုပ်ထဲမှာ ကျွန်တော် စိတ်ဝင်စားသော အရောင်တွေ အကြောင်းကို ဆရာက သေသေချာချာ ခွဲခြမ်း စိတ်ဖြာ ရှင်းပြပေးသည်။ ပန်းချီကားတွေကို ကြည့်တတ်အောင် သင်ပေးသည်။

 

တကယ်တော့ သီချင်းတပုဒ်၊ စာတပုဒ်၊ ကဗျာတစ်ပုဒ် နဲ့ ပန်းချီ ကားတစ်ချပ်ကို ခံစားဖို့ ဘယ်အရာက လူအများစု နားလည်ဖို့ လွယ်သလဲဆိုတာ နှိုင်းယှဉ်ကြမယ်ဆိုရင် ပန်းချီပညာရပ်က ခက်ခဲမည် ထင်သည်။ ကျွန်တော့်အတွက်ကတော့ ပန်းချီပညာသည် ငါးတန်းကျောင်းသားက အိုင်းစတိုင်း၏ နှိုင်းရသဘောတရားကို နားလည်ဖို့ ကြိုးစားသလို ဘဲ ဖြစ်သည်။ သို့သော်လည်း ကိုယ်နားမလည်တာ၊ မခံစားတတ်တာနဲ့ ပန်းချီပညာကို မျက်ကွယ်ပြုနေကြသော သူများထဲမှာ ကျွန်တော် မပါပြန်။ ကျွန်တော်က ပန်းချီကားတွေကို ချစ်သည်။ ဒါကြောင့်လဲ ဆရာ့စာအုပ်ကို လေးလေးစားစား ဖတ်လိုက်၊ စဉ်းစားလိုက်၊ လေ့လာလိုက် လုပ်ဖြစ်သည်။

 

ဆရာက သူ့စာအုပ်နောက်ကျောမှာ ပန်းချီဆရာကြီး ခင်မောင်ရင်၏ “အရောင်ဟာ ပန်းချီ၊ ပန်းချီဟာ အရောင်” ဆိုတာလေးကို ကိုးကားထားခဲ့သည်။ ဆရာကြီး ခင်မောင်ရင်ကိုတော့ ကျွန်တော်သိသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကားတွေကို အရောင်တွေ အဓိကားထားပြီး ရေးဆွဲခဲ့တာ ကျွန်တော် မကြာခဏ သတိထားမိသည်။ ဆရာ့ပန်းချီကားတွေက အရောင်တွေကို အခုတော့ ပိုပြီး ခံစားကြည့်ဖို့၊ ကြိုးစားပြီး ကြည့်ဖို့ ကိုယ့် ဘာသာ တိုက်တွန်းမိသည်။

 

ဆရာဝင်းဖေမြင့်က သူ့စာအုပ်ထဲမှာ အရောင်တွေနဲ့ ပါတ်သက်ပြီး အတော်ကြီး ရဲရဲတင်းတင်း ဖိဖိစီးစီး ပြောတာ သတိထားမိသည်။ ပန်းချီဆရာ အချင်းချင်း မည်သို့ မြင်ကြ၊ ဝေဖန်ကြမလဲ ကျွန်တော် မသိပေမယ့် ကျွန်တော်လို အရောင်တွေကို ပိုမို သိချင်သော သူအတွက်တော့ ၀ါကျတိုင်း၊ စာလုံးတိုင်းက စဉ်းစားစရာ၊ လေ့ကျင့်စရာတွေ ချည်းပါဘဲ။ နောက်ပြီး ဆရာက ပန်းချီကားတွေကို ကြည့်တတ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်းဆယ်ပိုင်းခွဲပြီး ပန်းချီကားတွေကို ကြည့်တတ်၊ ခံစားတတ်ဖို့ သင်ပေးသည်။ ၀တ္ထုတစ်ပုဒ်လို၊ ဆောင်းပါးတစ်ပုဒ်လို၊ အက်ဆေးတစ်ပုဒ်လို မြန်မြန် သွက်သွက် ဖတ်သွားလို့ မရတဲ့ စာအုပ် တစ်အုပ်ဖြစ်သည်။

 

တစ်လောက social network တစ်ခုမှာ ဗင်းဆင့် ဗင်ဂိုးရဲ့ နာမည်ကျော် အာလူးစားသူများ ပန်းချီကားကို တစ်စုံတစ်ဦးက မှတ်ချက်ပေးတာ ကျွန်တော် ဖတ်လိုက်ရသည်။ “ဒါလေးများ ငါ့တူကို ဆွဲခိုင်းတောင် ဖြစ်တယ်” တဲ့။ ပြောသူက စနောက် ပြောသလား၊ အတည်ပြောသလား၊ ဘယ်လို ခံစားချက်နဲ့ ပြောသလဲ ကျွန်တော်မသိ။ အဲဒီ အားလူးစားသူများ ပန်းချီကားထဲက အရောင်တွေ အစပ်အဟပ်မိသလား၊ ရေးဆွဲသူ ဗင်ဂိုးရဲ့ ရင်တွင်းက ခံစားချက်ကို သူ့ပန်းချီကားထဲက အရောင်တွေက ပြနေသလား ကျွန်တော် မဖတ်တတ်ပေမယ့် ဆာလောင်ငတ်မွတ်နေသူများရဲ့ မျက်နှာတွေကိုတော့ဖြင့် ကြည့်တတ်ပါသေးသည်။

 

ပြီးတော့ ဆရာကြီး ဦးငွေကိုင်တို့ အဖွဲ့ ရေးဆွဲခဲ့သော နာမည်ကျော် “ရွှေတောင် တိုက်ပွဲ” ပန်းချီကားကြီးကို ကျွန်တော် စိမ်ပြေနပြေထိုင်ကြည့် ခဲ့ဘူးသည်။ ဒီလောက် ကြီးမား ခမ်းနားသော ပန်းချီကားကြီးထဲက အရောင်တွေ ကျွန်တော် မခံစားနိုင်ခဲ့။ တိုက်ပွဲ မြင်ကွင်းကိုသာ မြင်တတ်ခဲ့သည်။ အကြောင်းအရာကိုသာ ဦးစားပေး ကြည့်ချင်သော ပန်းချီအနုပညာ အားနည်းသော သူရဲ့ အမြင်မျိုးနဲ့ ကြည့်ခဲ့သည်။ နောက်..ဆရာပေါ်ဦးသက်ရဲ့ ပန်းချီကားတွေထဲက ကောက်ကြောင်းတွေကို နည်းနည်း မြင်တတ်သည်။ အားရှိ၊ အားပါသော အရောင်တွေကို ကြည့်ခဲ့ရကောင်းမှန်း မသိ။ ဒီလောက်ပါဘဲ။ ပန်းချီကားတွေကို အချိန်ပေးပြီး မရမနေ သွားကြည့်ရမယ်ဆိုတဲ့ စိတ်မျိုး မရှိသေးတာတော့ အမှန်။

 

ဒီစာအုပ်ကို ဖတ်နေစဉ်မှာ တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်ဇာတ်လမ်း တစ်ခု ကျွန်တော် ကြည့်မိသည်။ ဇာတ်လမ်းနာမည်က “ The Monuments Men” ။ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပ ယဉ်ကျေးမှု အမွေ အနှစ်တွေကို စစ်ဘေးကြောင့် ပျက်စီး၊ ပျောက်ဆုံးတာတွေရှိခဲ့သည်။ နာဇီတို့ လက်ထဲက ရသလောက် ပြန်ကယ်ယူထုတ်ရတာကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားခဲ့သော ဇာတ်လမ်း။ ဥရောပရဲ့ နာမည်ကြီး ရုပ်ထုတွေ၊ ပန်းချီတွေ၊ အနုပညာ လက်ရာမြောက် ပစ္စည်းတွေကို နာဇီတွေကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရတာတွေ အများကြီး ရှိခဲ့တယ်လို့ ဆိုတယ်။ နာဇီတွေက ဒီပစ္စည်းတွေကို တန်ဖိုးထားရကောင်းမှန်းတော့ သိခဲ့သည်။ သို့သော် စစ်အရှုံးမှာ မလုပ်သင့် မလုပ်ထိုက်ဘဲ ဖျက်ဆီးပြစ်ဖို့ ကြိုးစားခဲ့ကြတာကို မင်းသားဂျော့ကလိုနီ ဦးဆောင်တဲ့ အဖွဲ့က လိုက်လံ ကယ်ထုတ်တာကို ရိုက်ပြထားခြင်း ဖြစ်သည်။

 

အစွန်းရောက် ဟစ်တလာတို့ နာဇီခေါင်းဆောင်တွေပင်လျှင် အနုပညာကို ခံစားတတ်ခဲ့တယ်။ အနုပညာတစ်ရပ်ကို ခံစားဖို့ လူတစ်ယောက်မှာ ဘာတွေ လိုအပ်တယ်ဆိုတဲ့ ပြဌာန်းချက် မရှိတာတော့ သေချာသည်။ သို့သော် သေချာတာကတော့ အရောင်တွေကို ခံစားတတ်ဖို့ လိုသည်။

 

ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အရောင်တွေ ရှိသည်။ သစ်ပင်တွေ စိမ်းသည်။ ၀ါသည်။ ညိုသည်။ ရေတွေ ပြာသည်။ ကောင်းကင်ကြီး ဖြူသည်။ အပြာရောင်သမ်းသည်။ မဲမှောင်ညိုပုပ်သည်။ ယုတ်စွအဆုံး နေရောင်ထဲမှာ ဘယ်သူမှ အတိအကျ မသိသော အရောင်တစ်ခု ရှိသည်။ လေထုကြီးမှာ အရောင်ရှိသည်။ နောက်ပြီး လူတွေမှာ အရောင်ရှိသည်။ တစ်ချို့က ရဲရဲနီသည်။  တစ်ချို့က မဲမဲမှောင်သည်။ တစ်ချို့က ဖြူဖြူဖွေးသည်။ တစ်ချို့က မော်ဒယ်လ်အရောင်တွေလို့ ပြောလို့ရသည့် လူတွေသတိ မထားမိဘဲ မနေစေသည့် အရောင်တွေ ရှိကြသည်။ ဆင်မြန်းချင်ကြသည်။ အလှချယ်သည်။

 

ကျွန်တော်တို့ သတ္တလောကကြီး တစ်ခုလုံးကို အဖြူအမဲအဖြစ် ပြောင်းပြီး မြင်ကြည့်လိုက်ရင် ဆရာဝင်းဖေမြင့် ပြောသလို ကိုယ့်ကိုယ် ကိုယ် သတ်သေသူတွေပင် ရှိနိုင်သည်။ ဆရာ ညွှန်းတာ မလွန်။ ကျွန်တော်တို့က ကိုယ်တိုင် သတိမထားမိဘဲ အရောင်တွေကို ဖန်တီးသည်။ အရောင်တွေကို ချစ်သည်။ အရောင်တွေကို ရွေးချယ်သည်။ အရောင် မရှိဘဲ နေကြဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့သော ခေတ်ကြီးထဲကို ရောက်လာနေပြီ။

 

ကျွန်တော် ငယ်ငယ်က မြန်မာ့ ရုပ်မြင်သံကြားက လာသော ဇာတ်လမ်းတွေ ကြည့်ရသည်။ အဖြူအမဲ ဇာတ်လမ်းတွေ။ ဦးဝင်းဦး၊ ဦးညွှန့်ဝင်း၊ ဦးသုမောင် တို့ရဲ့ အဖြူ အမဲ ဇာတ်လမ်းတွေ။ အရောင်တွေကို အာရုံစိုက်စရာမလို။ သူတို့ရဲ့ ပြောင်မြောက်တဲ့ အနုပညာ သရုပ်ဆောင်မှုတွေကိုဘဲ ခံစားရုံ။ နောက်တော့ ကျွန်တော့်အတွက် “သင်္ကြန်မိုး” ဇာတ်လမ်းကို ဆေးရောင်စုံကြည့်ရသည်။ ဒီလိုနဲ့ အရောင်တွေကို ဂရုစိုက်ကြည့်ရင်း တစ်ခါတစ်ရံ ဇာတ်လမ်းကို မေ့နေမိသည်။ သရုပ်ဆောင်သူတို့၏ အတတ်ပညာကို မေ့နေမိသည်။

 

တစ်ချိန်တည်းမှာဘဲ ကျွန်တော်တို့က ပြင်ပရုပ်ဝတ္ထု၊ အကြောင်းအရာတွေရဲ့ အရောင်တွေကိုဘဲ ဦးစားပေးမှန်း မသိ ပေးနေမိကြသည်။ တစ်ချိန်တည်းမှာဘဲ လူတွေရဲ့ အစစ်အမှန် အရောင်ကို ဖတ်ဖို့ ကြည့်ဖို့ မေ့နေတတ်ကြသည်။

 

အသားအရောင်ထက် စိတ်အရောင်ကို မရ၊ အရ လိုက်ကြည့်ဖို့ ကျွန်တော် မေ့နေတတ်။ ကျွန်တော် ချစ်ရ ခင်ရသော သူများကလဲ မေ့နေတတ်သည်။ ဆရာခင်မောင်ရင်ရဲ့ အထက်က ဆိုခဲ့သော “အရောင်သည် ပန်းချီ။ ပန်းချီသည် အရောင်” ဆိုသည့် စကားကို ဆက်ပြီး တွေးရလျှင် “အရောင်သည် အနုပညာ” ဘဲပေါ့။

 

“အနုပညာဆိုတာ နားလည်ခံစား နိုင်စွမ်း ရှိလေ၊ ပိုပြီး ကြည်နူးရလေ” လို့ ဆရာဝင်းဖေမြင့်က သူ့စာအုပ်ထဲမှာ ပြောထားသည်။ လူတွေရဲ့ အရောင်အစစ်အမှန်ကို မလေးစား၊ မကြည့်တတ်ကြသေးသော ကျွန်တော်တို့အတွက် ကြည်နူးစရာတွေ ဖြစ်မလာဘဲ ၀မ်းနည်းစရာတွေ ဖြစ်ဖြစ်သွားတတ်သည်။

 

နောက်ပြီး…ဆရာ ရှင်းပြထားသော အရောင်တွေထဲမှာ အရောင်တွေ အကုန်စုံပြီး စပ်တာ များသွားရင် ဘာအရောင်လို့ ပြောလို့ ပြောရမှန်း မသိသော အရောင်မဲ့ သော အရောင်ဖြစ်သွားသည်တဲ့။ ဒါဆိုရင် ကျွန်တော်က အရောင်မဲ့ပေါ့။ အရောင်မဲ့ဆိုတာ ကလေးလေးတွေလို အရောင်မဲ့တာမျိုး မဟုတ်။ အရောင်တွေ စပ်ဟပ်တာတွေ များပြီး ဘာရောင်ကြီးမှန်း မသိဘူးလို့ ပြောရမယ့် အရောင်မဲ့တာမျိုး။

 

ခင်ဗျားမှာရော… ဘာရောင်ရှိမလဲ။ စဉ်းစားကြည့်ဖို့ ကောင်းသည်။ လူတွေ စိတ်ဝင်စားစေမယ့် မော်ဒယ်လ် ရောင် ခပ်တောက်တောက်တွေများနေရင်တော့ လူတွေက ခဏတဖြုတ်တော့ လှည့်ကြည့်ကောင်း ကြည့်ပါလိမ့်မည်။ ဒါပေမယ့် အဲဒီအရောင်တွေက နေရာ တကာ ဆင်မြန်းထားသင့်သော အရောင်တွေ မဟုတ်။ အဲဒီအရောင် ခပ်တောက်တောက် ကြောင်ကြောင် ကျားကျားတွေက မျက်စိစူးသည်။ လူ့မျက်စိနဲ့ မတည့်။ ပါတီတက်ဖို့ လောက်သာ ကောင်းသော အရောင်တွေ။ အပေါ်ယံကိစ္စတွေလောက်မှာသာ ပွဲတိုးသော အရောင်တွေ။

 

ဟုတ်ကဲ့…ထပ်ပြီး ကောက်ချက် ချပါရစေ။ ကျွန်တော်က အရောင်မဲ့ပါ။ ဘာအရောင်မှန်းကြီးမှန်း မသိရသော အရောင်မဲ့ကြီးပါ။ စုတ်ချက်ကြမ်းကြမ်းအရောင်စုံတွေနဲ့ ချယ်ထားခြင်းခံရတဲ့ အရောင်မဲ့ လူသတ္တ၀ါ တစ်ကောင်ပါလေ။ ဟစ်တလာတို့လို နာဇီ အစွန်းရောက်လူတွေပင်လျှင် မဲမဲမှောင်သော အရောင်တွေ ရှိနေသေးလျှင် ကျွန်တော့်မှာ အရောင်မဲ့ကြီး ဖြစ်နေတာ ၀မ်းနည်းစရာ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော့်မှာ ပေါ်ပင်၊ လူကြိုက်များ၊ လှည့်မကြည့်ဘဲ မနေနိုင်သော မော်ဒယ်လ် အရောင်တွေ မရှိတာဘဲ ကျေးဇူးတင်ရသေးသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – ကျွန်တော် အရောင်မဲ့သောအခါ
  1. ကျမလည်း ပန်းချီပညာ ကို ခံစားနားလည်နိုင်မှု အားနည်းသူပါ။ အခုမှစပြီး စိတ်ဝင်စားကာစပါ။ ‌ရေးထားတဲ့ အ‌ကြောင်းအရာက စာ‌ရေးသူ ‌ပြောသလို ဗုံမဟုတ် ပတ်မဟုတ်‌ပေမဲ့ စိတ်ဝင်စားဘို့ ‌ကောင်းပါတယ်။ ကျမအထင် ‌ပြောရရင် Colourless က တန်ဖိုးအရှိဆုံးပါ။

Comments are closed.