ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) – ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃၁)


ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃၁)
အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
မတ်လ ၂၃၊ ၂၀၁၄

 

အက်စစ်ဖြင့် အစားခံလိုက်သောအခါ ရွှေအစစ်တို့သာကျန်ပြီး ရွှေအသွင်ယူထားသည့် အရာများ တိုက်စားခြင်း ခံရလေသည်။ အချိန်ကာလဟူသော မီးပြင်း  ၊နှိပ်စက်မှု ယန္တရားဟူသော အက်စစ်တိုဖြင့် တိုက်စားလိုက်သော အခါ နိုင်ငံရေး သမားတို့အထဲ လဲသူလဲ ကွဲသူကွဲ ကျန်သူကျန် ပြန်သူပြန် စသော မြင်ကွင်းတွေကိုတွေ့ကြရမည်ဖြစ်သည်။ ထောင်ကျတွေအထဲ အားမောင်းသန် ပြောနေကြ သော်လည်း ထောင်ထဲအရောက် ပျော့သွားသူ ညည်းညူသူတွေရှိသလို ကြံ့ကြံ့ခံ ရင်ဆိုင်ကြသူတွေလည်းရှိသည်။

 

ဘဝ တလျှောက် တော်လှန်ရေးထဲ ပါဝင်ခဲ့သူ တယောက်ကိုတွေ့မြင်ရစဉ် သူဖြတ်သန်းခဲ့ရာ တလျှောက်လုံး နိုင်ငံအခြေနေ အနိမ့် အမြင့် ပေါ်မူတည်ပြီး သူလည်း ဘဝစုံကို ကိုဖြတ်သန်းခဲ့သည်။ လွတ်လပ်ရေးရစ မြန်မာပြည် လွတ်လပ်ရေး နှင့်အတူမွေးဖွား လာတာက ပြည်တွင်းစစ်။ ထိုပြည်တွင်စစ်ထဲ အဘ ဦးအောင်မင်း၏ လူငယ်ဘဝကို ပြည်တွင်းစစ်ကြီးထဲ မြှုပ်နှံလိုက်ရလေသည်။ သူဖြတ်သန်း ခဲ့ သော ခေတ်ကြီး၏ တောင်းဆိုမှုထဲ အဘပါဝင်ခဲ့သည်။ အဘရွေးချယ်ခဲ့သည်က ဗမာပြည်ကွန်မြူနစ်ပါတီ ။ အဘကို ဘာကြောင့် ကွန်မြူနစ်ပါတီထဲဝင်ခဲ့ရတာလဲ မေးတော့ …

 

“တပည့်တော်အတွက်က ဒီလို ဆုံးဖြတ်ပြီး လုပ်ခဲ့တာ လွတ်လပ်ရေးမရခင် နိုင်ငံရေး လှုပ်ရှားမှု တော်လှန်ရေး လှုပ်ရှားမှုတွေကို မျက်စေ့ရှေ့တင် မြင်ခဲ့ရတယ်လေ လွတ်လပ်ရေးပြီးလို့ အာဏာတွေလဲရလာရော ဂျပန်ခေတ်က ဂျပန်အလိုတော်ရိ လိုလူတွေက ရပ်ထဲရွာထဲတွင်ကျယ်လာတယ် လွတ်လပ်ရေးရရချင်း ပြည်တွင်းစစ်စတော့ တကယ် လုပ်ခဲ့တဲ့သူတွေက တောထဲ ရောက် ဒီတော့ လူငယ်ပီပီ ဘယ်သူက တကယ်လုပ်ခဲ့သူဆိုတာ ကိုယ့်ရှေ့တင်ဆိုတော့ ပါမည့်ပါ တကယ်လုပ်ခဲ့သူတွေရှိတဲ့ တောထဲကိုပဲ သွားမယ်ဆုံးဖြတ်ခဲ့တာ”

 

တောထဲ သူပုန်ဘဝနေ့ရက်များစွာ အကြောင်းတွေကိုပြောပြသည်။ သူကျင်လည်ခဲ့ရာ ဒေသက ကိုယ့်မွေးရပ်မြေ။ ဒီတော့ ကိုယ့်ဇာတိ ကအရပ်ဒေသတွေ၏နာမည်ကိုပါ သူကျကျနန ပြောပြသည်။

 

“စစ်တောင်းမြစ် ကမ်းကနေ ပဲခူးရိုးမထဲအရောက် တညခရီးပဲ ကောလိယ-ဒရယ်မီး ဗိုင်ဒါး -ရဲနွယ် ချောင်းရိုးတလျှောက် ခေါက်တုန့်ခေါက်ပြန် ပေါ့ ဦးဇင်းတို့ နားက ရေလွှဲ ညောင်ပင်ဆိပ် တို့ဆိုတာ တပည့်တော်တို့ခြေရာချည်းပဲ ”

 

ကိုယ်တွေငယ်စဉ်က ရွာပတ်ချာ တည်ရှိနေသောကိုင်းတော အထဲ ကွန်မြူနစ် လက်နက်ကိုင် များ ရှိနေသည်။ ယခုနောက်ပိုင်းခေတ် လူငယ်လူရွယ်များ အိမ်နှင့်စိတ်ဆိုး ပြီးဆင်းလျှင် စစ်တပ်ထဲဝင်သလိုမျိုး ငယ်စဉ်အခါက လူငယ်လူရွယ်များ အိမ်မှပျောက်သွားလျှင် တောခိုသည် ဆိုသော စကားသံကို တွင်တွင်ကြားခဲ့ရဖူးသည်။

 

“ဦးဇင်းတိုရွာက ဟို ကျောင်းဆရာလေ သိလား ကိုအေးထွန်းထင်တယ်သူတို့ လင်မယားကို ပါတီကလက်ထပ်ပေးလိုက်တာ-နောက် ချစ်လှိုင် ပါတီမှာတော်တော်ကြာတယ်  နောက် ဗိုလ်ခန့်ကြီး တို့ ဆိုတာရှိသေးတယ် ”

 

သူပြောပြသည့်နာမည်များက ကိုယ်နှင့်ပါ တရင်းတနှီးရှိသူ ။ ဒီအကြောင့်း ထောင်ဝင်စာလာတွေ့သူ အဖေ့ကိုတော့ ပြောပြ -ဟုတ်မှန် ကြောင်း နောက်ထောင်ဝင်စာလာတိုင်း ဗိုလ်အောင်မင်းနေကောင်းလားဆိုတာကို မေးတတ်သည်။ မိမိဖခင်တို့ အရွယ်ကောင်း စဉ်က ဗိုလ်အောင်မင်းဆိုတာ တနယ်လုံးမသိသူမရှိခဲ့ဟု အဖေက ပြောသည်။ အဘ ပါတီဥက္ကဌ၏ ဗဟိုကင်းတပ် တပ်မှူး အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

 

“အဘ ဘယ်လိုကနေဘယ်လို မြေပေါ်ပြန်ရောက်လာတာလဲ ”

 

ထောင်ထဲမှာ လူတိုင်းကို သူပြောပြနေကြ သူ့ အကြောင်းကိုအဘက ပြောပြသည်။

 

“ပဲခူးရိုးမထဲကနေ ဖောက်ထွက်ဖို့ တပည့်တော် ကလိုင်းတင်တယ် ဒီ အစီစဉ်ကနေ အရှေ့ဘက်ကို ဖောက်အထွက်မှာ ပြွန်တန်ဆာ ငါးပြေမစာကျက်မှာတိုက်ပွဲဖြစ်တယ် ဒီမှာအဝိုင်းခံရပြီး အဖမ်းခံရတာ ”

 

အရပ် ခြောက်ပေကျော် ထောင်ထောင်မောင်းမောင်း အဘကို စစ်တပ်က ချက်ခြင်းမှတ်မိသည်။ သူ့ကိုဖမ်းမိပြီး ထောက်လှမ်းရေး မှာ ထားစဉ်က အဖြစ်အပျက်ကို အဘပြောပြသည်။

 

“ထောက်လှမ်းရေး တင်ဦးကို သူတို့အထဲ လံဘား တင်ဦး လို့ခေါ်ကြတာ တပည့်တော်ကို ဖမ်းထားတဲ့ဆီကို လာတဲ့တင်ဦးက ဝင်ဝင်လာချင်း ဘယ်မှာလဲကွ ငါ့ထက်အရပ်ရှည်တဲ့ ဗိုလ်အောင်မင်းဆိုတာ ပြောပြီး ဝင်လာတာ ရောက်ရောက်ချင်း အရပ်ကိုလာ တိုင်းတာ  သူတောင်အံ့သြသွားတယ် တပည့်တော် အရပ်က သူ့ထက်ရှည်နေတာကို ”

 

အဖမ်းခံရပြီးနောက် ကွန်မြူနစ်ပါတီ မှ ဖမ်းလာသူများရှိက အဘကို လာလာခေါ်ပြီး အတည်ပြုချက်ယူတာတချို့ရှိခဲ့သည်ဟု အဘကပြောသည်။ နောက်ပိုင်း  မဆလ စစ်တပ်၏ ဝါဒဖြန့် အသုံးချခံအဖြစ်အဘနာမည်ကိုသုံး ပြီး သတင်းတွေဖြန့်ခဲ့သည်။ သွေခင်းသော လမ်းကို မလျှောက်လိုသော ဗိုလ်အောင်မင်း ဆိုသော ခေါင်းစီးဖြင့် အဘနှင့် သူ့ပါတီကို ရန်တိုက်ပေးခဲ့သည်။ ဒီကိစ္စ ကပင် အဘကို ပါတီက သေဒဏ်ပေးခဲ့သည်ဟုဆိုသည်။ တော်လှန်ရေးထဲ အနှစ် ၂၀ -သာမန် လူတယောက်အဖြစ် အနှစ်၂၀ နေအပြီး ၁၉၈၈ အရေးတော်ပုံကာလ နှင့်အဘ ရင်ဆိုင်တိုးတော့သည်။

 

၈၈ အာဏာသိမ်းအပြီး လူထုလိုအပ်ချက် အတွက် တောင်းယူလို့မရနှိုင်ဟု အဘကယုံကြည်သည်။ ဒီတော့ သူစွမ်းရာ ဖြင့် စတင်ရန် လူစုဆောင်းသည်။ တော်လှန်ရေး ကာလက ဝှက်ထားခဲ့သော လက်နက်တို့ကို ပြန်လည်တူးဖော်သည်။ သုံးလို့ရတာ တချို့ပါသည်ဟု အဘပြောသည်။ စုမိသောလူတွေဖြင့် အဘစစ်သင်တန်းပေးသည်။ အဘ ပြောပြသော အရေးအခင်းကာလအပြီး အဘသတင်းကို ကောင်းကောင်းကြားသိထားဖူးသည်။ ဒိုက်ဦး သပိတ်စခန်းမှ တချို့( နောင် အေဘီ ၆၀၁ သို့ရောက်ရှိသွားသော တိုက်မောင်းတို့ပါ )အဘဆီရောက်ခဲ့သေးသည်။ အဘ၏လှုပ်ရှားမှု သတင်းကိုကြားသိသော ကွန်မြူနစ်ပါတီ မှ အဖွဲ့ဝင်ဟောင်း ဒေါ်ကြည် အဘဆီ စာတစောင်ရေး သည် ။ ထိုစာကိုထောက်လှမ်းရေးကရရှိပြီး ဒိုက်ဦးမှ ဒေါ်ကြည်ပါ အဘနှင့်အတူ အဖမ်းခံရသည်။ ဒီတော့ အဘသတင်းကို အဘနှင့် မတွေ့မှီကပင် ကြားဖူးပြီးသား ဖြစ်သည်။

 

အဘ ပဲခူးထောင် အင်းစိန်ထောင် တို့မှ ယခု သာယာဝတီထောင်ကို ရောက်လာခြင်းဖြစ်သည်။ နေ့ခင်းတန်းဖွင့်တိုင်း နှစ်တိုက်ကြားရှိ ခြံစည်းရိုးနား အဘလာသည် ။ ပြီးလျှင် ဒေသအကြောင်း သူတော်လှန်ရေးထဲ နေခဲ့စဉ်အကြောင်းတို့ကို ပြောပြသည်။ သူက လက်နက်ကိုင်တော်လှန်ရေးကို အားသန်သည်။ သူ့အသက်အရွယ်ကိုသူအမှတ်ရပုံမပေါ်။ သူ့ကိုယ်သူ လူငယ်လေးဟုပင် ထင်နေပုံ ရသည်။ ဘယ်အချိန်မေးမေး သူက ကျောင်းသားဟုဆိုသည်။ အဘနှင့်ပတ်သက်ပြီး သာယာဝတီထောင်မှာပြောစရာ တခုကျန်ခဲ့သည်။ ထောင်ပိုင် တန်စီသောနေ့ကအဖြစ်အပျက် ။ ထောင်ပိုင်က တခန်းချင်း လူတွေကိုလိုက်မေးသည် ။ ဘာမှုလဲ ဘယ်မှာနေလဲ စသည်။ အဘအခန်းအရောက် ထောင်ပိုင်က အဘကိုကြည့်သည်။ ဘာအလုပ်လုပ်လဲ ဟုမေးလိုက်သောအခါ -အဘက မဆိုင်းမတွ -ကျောင်းသားဟုဖြေသည် ။ ပါလာသူဝန်ထမ်းတွေပါမက တတိုက်လုံးပြုံးစိစိဖြစ်ကုန်သည်။ ထောင်ပိုင်က အခြား အခန်းအရောက် ကျောင်းသားလူငယ်တွေကို

 

“ဟိုအခန်းက အဖိုးကြီးက ကျောင်းသားဆိုတော့ မင်းတို့က မူကြို ပေါ့ကွာ ”

 

ထောင်ဆိုတာဖြင့် စစ်အစိုးရက နိုင်ငံရေးသမားတွေကိုကြောက်ရွံ့အောင် နောက် မလုပ်ရဲတော့အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ တကယ်တော့ ထောင်ထဲရောက်လာသူတိုင်း ထောင်မကျခင် ဘဝထက် နိုင်ငံရေး အသိအမြင်ပိုလာကြတာချည်းဖြစ်သည်။ ဆက်လုပ်တာမလုပ်တာတကဏ္ဍ။အသိကတော့ သာမန် ထောင်မကျသူတွေထက် ပိုသိနေတာကတော့ သေချာသည်။ စစ်အစိုးရ၏ထောင် စနစ်က သူ့ရည်ရွယ်ချက် မအောင်ဟုဆိုရမည်။

 

၅(ည) တွေနှင့်အတူနေ သာမန်အကျဉ်းသားများသည်ပင် နိုင်ငံရေးသမားများကို အားကျ လေးစားတာခဲကြသည်။ ၅(ည)တိုင်းစိတ်ထဲတွင်  သာမန်ရာဇဝတ်သားတို့နှင့်မတူသောစိတ် ခံယူချက်မှာ -ငါတို့အပြစ်မရှိ လုပ်သင့်လုပ်ထိုက်သော ကိစ္စအတွက်  ကိုယ်ကျိုးစွန့် လုပ်ခဲ့ကြခြင်း ဟုခံယူထားသူတွေကျားသည်။

 

ခံယူချက်တွေ ပီပီပြင်ပြင် ရှိသူများသည် နှစ်ရှည်လများ ဘဝနှင့် လူခန္ဓာတို့အတိုက်စားခံကြရသော်လည်း တရိရိ တိုက်စားနေသော ထိုအဖြစ်ထက် တရိပ်ရိပ်မြင့်တက်လာသော နိုင်ငံရေး အမြင်တို့ဖြင့် နေထိုင်ကြသည်။ တယောက်ဖြတ်သန်းမှုသည် နောက်တယောက်အတွက်လည်းမှတ်သား သင်ယူစရာများသာ ဖြစ်နေတော့သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts