ရသဆောင်းပါးစုံ အုန်းနိုင်

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ (၆)

အုန်းနိုင်
မတ်လ ၁၁၊ ၂၀၁၄

 

● ကိုယ်စားလှယ် အတည်ဖြစ်ပြီ

ပေါင်းတည်ပြန်ရောက်တော့ ထုံးစံအတိုင်း ကျေးရွာတွေသွားပြီး စည်းရုံးရေးဆင်းတာကို ပုံစံမပျက် ဆက်လုပ်ဖြစ်တယ်။ ကျနော်တို့မြို့နယ် စည်းရုံးရေးကော်မတီနဲ့ ဗဟိုနဲ့ သဟဇာတမဖြစ်ဘူးဆိုတာ သိနေကြတဲ့လူတွေကတော့ … ဆရာကြီးပါနေရင် ဗဟိုကတယောက်ကို လျှော့ ပေးလိုက်ရင်မကောင်းဘူးလားလို့ ပြောကြပါတယ်။ နောက် စည်းရုံးရေးကော်မတီဝင်ထဲက တချို့ကတောင် ဆရာကြီးပါနေရင် ဗဟိုကို  တ ယောက်တော့ပေးလိုက်ပါလားလို့  ပြောလာကြတယ်။ ကျနော် လက်မခံပါ။ တကယ်ပဲ ကျနော် ဆုံးဖြတ်ထားပါတယ်။ သူတို့ဗဟိုက တဦးချ ပေးရင် ကျနော်လည်း အရွေးမခံတော့ဘူးလို့။ ဒီလိုနဲ့ ဒီဇင်ဘာလ  နောက်ဆုံးပတ်ထဲရောက်တော့ အင်းမက ဦးအေး ရောက်လာပြန်ပါတယ်။

 

“ဆရာကြီရေ တယ်လည်းစိတ်မောရပါလား။ ကျွန်တော့်မှာ ဘာမဆိုင် ညာမဆိုင် ဗိုလ်မှူးမောင်အေးဆိုတဲ့သူ  အိမ်ဝင်လာပြီး စကားတခွန်း ပြောတာနဲ့ ကျွန်တော်ကလည်း မနေနိုင် မထိုင်နိုင် ဒီစကားကို ခင်ဗျားဆီပို့မိလိုက်တာ ရာဇဝတ်မှုကျူးလွန်လိုက်သလိုဖြစ်သွားတော့….”

 

ကျနော်က  “ရာဇဝတ်မှုမဟုတ်ဘူး။ စည်းရုံးရေးဆိုင်ရာစည်းကမ်းဖောက်ဖျက်မှု..” လို့  ကြားဖြတ်ပြောလိုက်ပါတယ်။

 

သူကဆက်ပါတယ်။ “အေးပါဗျာ…ဘာပြစ်မှုပဲဖြစ်ဖြစ် ကိုယ်ကဆတ်ဆော့မိတော့ မနေနိုင်ဘူးဗျို့။ ဗိုလ်အောင်ရွှေဆီ တန်းသွားရတာပဲ။  ဒီ ကအခြေအနေနဲ့  ဗိုလ်မှူးမောင်အေးကပြောတာတွေ သွားပြောရတာပေါ့။ ဗိုလ်အောင်ရွှေက ဗိုလ်မှူးမောင်အေးဆိုတာ ရေတပ်ကနေ ပုလဲနဲ့ ငါးလုပ်ငန်းမှာ အမှုဖြစ်ခဲ့တဲ့သူလားလို့တောင် မေးလိုက်သေးတယ်။ အခုတော့ အဆင်ပြေသွားပါပြီ။ ခင်ဗျားတို့မြို့ကနိုင်ဖို့သာ အရေးကြီး တယ်။ ခင်ဗျားရော၊ ဦးအေးသန်းရော သတ်မှတ်လိုက်ပါပြီ”  လို့ ပြောပါတယ်။ သူနဲ့ ဗိုလ်အောင်ရွှေလို့ပြောတဲ့ ဦးအောင်ရွှေက သဲကုန်းသား ချင်းအတူတူမှာ ဂျပန်ခေတ် ဘီဒီအေကိုဝင်တုန်းက ရှေ့ဆင့်နောက်ဆင့် ဝင်ခဲ့လို့ စစ်သားစုဆောင်းရေးမှာ အတူတူနေခဲ့ရဖူးတယ်။ နောက် လည်း ဦးအေးက တပ်ကတည်ထောင်တဲ့ ဘီအီးဒီစီမှာဝင်လုပ်တော့ တပ်ကလူတွေနဲ့ အဆက်မပြတ်လှဘူး။ ဗိုလ်အောင်ကြီး အခြေအ နေလည်း သူသိတယ်။ ဒီပေါင်းတည်က အခြေအနေကိုလည်း အူမချေးခါးမကျန် အကုန်သိနေသူပါ။

 

“ခင်ဗျားတို့သဲကုန်းရော ဘယ့်နှယ်လဲ” လို့ ကျနော်က မေးမိပါတယ်။ သူတို့မြို့နယ်မှာလည်း ဗဟိုကတယောက်ဆိုလို့ ဦးသိန်းထွန်းတို့ မ ကျေမနပ်ဖြစ်ပြီး အင်ဒီပီအမည်နဲ့တောင် ဝင်မလို့လုပ်နေတာ သိထားလို့ပါ။

 

“ဦးသိန်းထွန်းတို့က အင်ဒီပီက ဝင်မယ်လုပ်နေတာ။ ဒေါက်တာစိန်ဝင်းက ပေါက်ခေါင်းက အင်ဒီပီအနေနဲ့ဝင်တာကို အားကျနေတာ..။ ဦး အောင်ရွှေဆဲလို့ အခုတော့ ပြေလည်သွားပါပြီ။ ဆရာမဒေါ်စန်းစန်းနွဲ့ကလည်း ထောင်ထဲကနေပြီး သူရွေးကောက်ပွဲမဝင်လိုဘူးလို့ စာရေး ပေးတယ်။ ဗဟိုကချပေးတာ သာယာဝတီ ဒေါ်စန်းစန်းနွဲ့ဆိုမှ ဦးသိန်းထွန်းက ဆရာမဆိုရင် လက်ခံမယ်ဖြစ်ပါတယ်။ အခုတော့ ဒေါ်စန်း စန်းနွဲ့တို့လည်း မကြာခင် လွတ်မယ်ပြောတယ်။ လွတ်မှ သေချာမယ်။ အခုတော့ ကျွန်တော်က အင်းမနယ်။ ဦးသိန်းထွန်းက သဲကုန်းနယ်။ မြောက်ပိုင်းတောင်ပိုင်းပေါ့” လို့ ဦးအေးကပြောပါတယ်။

 

“ဟာ ဒါဖြင့် ခင်ဗျား ရန်ကုန်ဦးအောင်ရွှေဆီ ဆင်းသွားတာ ကျနော်တို့ကိစ္စတင်မဟုတ်ပါဘူး။ ခင်ဗျားကိစ္စလည်း ပါတာပဲမဟုတ်လား” ဆို တော့ ပြုံးပြုံးကြီး လုပ်နေပါတယ်။ သူ ဒီလိုပြောတာ ကျနော့်အိမ်မှာမဟုတ်ပါဘူး။ ရုံးမှာပြောတာဖြစ်လို့ တခြားလူတွေလည်း ကြားပြီး  အား တက်သွားကြပါတယ်။ ကိစ္စကတော့ ပြီးသလောက်ပေါ့။ ဒါပေမယ့် သူဆက်ပြောပါတယ်။

 

“ခင်ဗျားတို့ဆီ ဖိတ်စာရပြီလား။ ကျွန်တော် ရန်ကုန်ကကြားခဲ့တာကတော့ ပြည်မြို့ နယ်အုပ်စုကို တရက် နှစ်ရက်နေရင် တိုင်းကဆင်းလာပြီး မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်းအတည်ပြုလွှာတွေ ပေးမယ်တဲ့။ ကျွန်တော်လည်း သဲကုန်းမရောက်တော့ သူတို့ဆီ  ဖိတ်စာရောက် နေပြီလားမသိဘူး”

 

“ဒါဖြင့် တိုင်းကအတည်ပြုတဲ့စာရမှ ကျနော်တို့က မြို့နယ်စုကော်မရှင်ကို တင်ရမှာပေါ့။ ကော်မရှင်က ၂၈ ရက်နေ့ကတည်းက လျှောက် လွှာလက်ခံတော့မှာ”

 

“ဟုတ်တယ်။ အဖွဲ့ ချုပ်ရဲ့အတည်ပြုချက်ပါမှ အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ကော်မရှင်က လက်ခံမှာ။ လာမှာပါ။ သူတို့ မှီအောင်လာပါ လိမ့် မယ်။ ခင်ဗျားတို့နှစ်ယောက် သေချာပါတယ်။ စိတ်ချပါ” လို့ ဦးအေးက ပြောပါတယ်။ တခြားထွေရာလေးပါးပြောကြတာမှာတော့ ဦး ကိုယု ကလည်း အဖမ်းခံထားရာက အရွေးမခံလိုဘူးဆိုတာ သိရကြောင်းပြောပြလို့ ဦးကိုယု ဘယ်အချိန်အဖမ်းခံရသလဲ မေးမိပါသေးတယ်။ ဦး ကိုယု ပုန်းနေတဲ့နေရာကို နဝတကသိရက်နဲ့ သွားဖမ်းရင် အဆဲခံရမှာမို့ သူတို့မဖမ်းရဲပဲ အဲဒီအချိန်က အင်အယ်ဒီရဲ့ လက်ရှိဥက္ကဌ ဦးအောင် ရွှေကို အကျပ်ကိုင်တယ်။ ဦးအောင်ရွှေက ဦးကိုယုကိုအကြောင်းကြားပြီး အဖမ်းခံခိုင်းကြောင်း။ ဦးကိုယုက အင်အယ်ဒီရုံးမှာ လာထိုင်ပြီး လိုက်ပို့ပေးဖို့ပြောလို့ လိုက်ပို့တော့ အချုပ်ထဲဝင်ကာနီး ဦးကိုယုက ကျနော့်ကို အန်ကယ်ဖမ်းပို့တာနော်လို့ ဦးအောင်ရွှေကို ထေ့သွားသေး တယ်ဆိုတာတွေ ဦးအေးဆီက သိရပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဗဟန်းမြို့နယ်တနေရာက အရွေးခံဖို့လျာထားပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ ရွေးကောက်ပွဲဝင်ခွင့် လျှောက်လွှာပုံစံတွေ ပို့ထားတဲ့အကြောင်း၊ ဒေါ်မြင့်မြင့်ခင်နဲ့  ဦးဝင်းတင်ကတော့ သူတို့နာယကအဖြစ်  ဆောင်ရွက်ခဲ့တဲ့ မန္တလေးက အမျိုး သား နိုင်ငံရေးတပ်ပေါင်းစုကို  ကော်မရှင်က ပယ်ဖျက်လိုက်လို့ ဝင်ခွင့်မရှိဘူးဆိုပြီး ဘာမှပို့မပေးပဲ ထားတယ် စတဲ့သတင်းတွေကြား ရပါ တယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts