သတင်းဆောင်းပါး

သီရိလင်္ကာနိုင်ငံမှ PhD သာသနာ့အာဇာနည်တပါး ထပ်မံပေါ်ထွက်

အရှင်ပညာစက္က (YEEBS – ဘန်ကောက်)
မတ်လ ၁၀၊ ၂၀၁၄

 

ဒုတိယအကြိမ်မြောက် သီရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ရယူခဲ့သော ရဟန်းတော်မှာ အရှင်ဣန္ဒသာရဖြစ်သည်။ အရှင်ဣန္ဒသာရသည် သီရီလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်၊ ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌာနသို့ “ A Critical Study of Historical Development of Subject-matter Related to Dhammanupassana in Theravada Buddhist Tradition- ထေရ၀ါဒဗုဒ္ဓဘာသာဓလေ့ရှုထောင့်မှ ဓမ္မာနုပဿနာဆိုင်ရာအကြောင်းအရာ၏တိုးတက်မှုကို သမိုင်းကြောင်းအားဖြင့် ဆန်းစစ်လေ့လာခြင်း” အမည်ရှိသော “ Dissertation- ပါရဂူစာတမ်း” ကိုတင်သွင်းခဲ့ပြီး အရှင်ဣန္ဒသာရသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ပါရဂူဘွဲ့ယူစာတမ်း၏ Final Defense ကို အောင်မြင်ခဲ့ပါသဖြင့် ပါရဂူဘွဲ့ကိုရရှိခဲ့ခြင်းဖြစ်သည်။  

 

အရှင်ဣန္ဒသာရသည် “ An Analytical Study of Theory of Kamma according to Buddhism- ဗုဒ္ဓဘာသာအဆိုအရ ကမ္မအယူအဆကိုခွဲခြမ်းစိပ်ဖြာလေ့လာခြင်း” ဟူသော စာတမ်းဖြင့် “ မဟာဝိဇ္ဇာ (MA)” ဘွဲ့ကိုရယူခဲ့သည်။

 

အရှင်ဣန္ဒသာရသည် သီရီလင်္ကာနိုင်ငံတွင် ပါရဂူတန်းကိုတက်ရောက်သင်ယူနေစဉ်အတွင်း တခြားသော ပညာရေးနှင့် သာသနာရေးဆိုင် ရာကိစ္စများကိုပါ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သေးသည်။ အရှင်ဣန္ဒသာရသည် ပါရဂူဘွဲ့ယူစာတမ်းရေးသားရင်း တဘက်မှာည်း သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုရှိ Sunday School ကျောင်းများနှင့် Universal School of English သင်တန်းကျောင်းတွင် ဒါရိုက်တာ(Director) အဖြစ်ဆောင်ရွက်ပေးခဲ့သည်။ ၄င်းအပြင် အရှင်ဣန္ဒသာရသည် မြန်မာနိုင်ငံမှရောက်ရှိလာသော တချို့သော MA ဘွဲ့ယူမည့် ရဟန်းတော်များအား Academic English များကို ပညာဒါန ပြသပေးခဲ့သည်။ အရှင်ဣန္ဒသာရသည် ပါရဂူဘွဲ့ယူစာတမ်းကို တင်သွင်းပြီး သည့်တိုင်အောင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် MA, M.Phill, PhD ကျောင်းသား ရဟန်းတော်များအား သုတေသန စာတမ်း ရေးသားပုံများကို guide လုပ်ပေးလျှက် တနှစ်ကျော်ခန့်ဆက်ဆက်သီတင်းသုံးနေခဲ့သေးသည်။  လာအို၊ ကမ္ဘောဒီယား၊ တရုတ်၊ ထိုင်းနှင့် ကိုးရီးယာနိင်ငံများမှ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်တွင် ဗုဒ္ဓဘာသာဖြင့် M.Phill နှင့် PhD ဘွဲ့အတွက် စာတမ်းများပြုစုနေကြ သော ကျောင်းသူ၊ သားများအားလည်း အဘိဓမ္မာသင်တန်း များကိုဖွင့်လှစ်လျှက် ပို့ချပေးခဲ့သည်။ အရှင်ဣန္ဒသာရသည် MA (မဟာဝိဇ္ဇာဘွဲ့) နှင့် PhD (ဒေါက်တာဘွဲ့) အပြင် ၀ိနယာဓိကဓမ္မာစရိယဘွဲ့၊ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့၊ ၀ိနယပိဋကတစ်ပုံပါဠိ တော်သက်သက်ကို ရေးဖြေအောင်မြင်ခဲ့သဖြင့် ၀ိနယ၀ိဒူဘွဲ့များကိုပါ ရရှိထားသော ရဟန်းတော်တစ်ပါးဖြစ်သည်။ အရှင်ဣန္ဒသာရသည် ပရိယတ္တိဘက်တွင်သာ ထူးချွန်သည်မဟုတ် အကျင့်ပဋိပတ္တိဘက်တွင်လည်း အလေ့အလာရှိသူတဦးဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ ပါရဂူဘွဲ့အတွက် စာတမ်းရေးနေစဉ် ကိုလံဘိုမြို့ရှိ သုဿာန်များသို့သွားရောက်ပြီး ကမ္မဋ္ဌာန်းတရားကိုလက်တွေ့အားထုတ်ခြင်း၊ လက်တွေ့နဲ့ဆက်စပ်ပြီးသိလာသည့်အတိုင်း အထောက်အထားများဖြင့် စာတမ်းတွင်ထည့်ရေးခြင်း စသည်ဖြင့် လက်တွေ့နဲ့စာတွေ့ကိုညှိ လျှက်သူ၏ ပါရဂူစာတမ်းကိုပြုစုခဲ့ခြင်းဖြစ်သည်။ အရှင်ဣန္ဒသာရသည် စာရေးရာ တွင်လည်း ၀ါသနာကြီးသူဖြစ်သည်။ သူသည် စကြာဝဠာ ဟူသော ကလောင်နာမည်ဖြင့် ဆောင်းပါး များရေးသားပြီး ၂၀၀၆ ခုနှစ်တွင် စာပေလောကကို စတင်ဝင်ရောက်ခဲ့သည်။ ကေလနိ ယတက္ကသိုလ်မှကျင်းပသော ဒုတိယအကြိမ်မြောက် နိုင်ငံတကာလူမှုရေးသိပ္ပံကွန်ဖရင့် (conference) သို့ “ ပါပနိကသုတ္တနှင့် ဓမ္မစွမ်းရည် များအားလျှောက်စွာ ဈေးကွက်စီးပွားရေးစနစ်ကိုနားလည်ခြင်း” သူသော သုတေသနစာတမ်းကိုလည်းတင်သွင်းခဲ့သည်။ ထို့အပြင် တခြား သော မဂ္ဂဇင်းများတွင်လည်း ဆောင်းပါးများရေးသားခဲ့သေးသည်။

 

အရှင်ဣန္ဒသာရကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ခမည်းတော် ဦးရဲသိန်းအောင်+ မေတော်ဒေါ်မဖြူတို့မှ ၁၉၈၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။ အရှင်ဣန္ဒသာရသည် သိရိလင်္ကာနိုင်ငံမှ ပါရဂူဘွဲ့ယူခဲ့ကြသော မြန်မာနို်င်ငံမှ ရဟန်းတော်များတွင် အသက်အငယ်ဆုံးဖြစ်သည်။ ဒေါက်တာဘွဲ့ရချိန်တွင် သူ့အသက်သည် ၂၈ နှစ်ပြည့်ပြီဖြစ်သည်။ ယခုအခါ အရှင်ဣန္ဒသာရသည် စင်ကာပူုနိုင်ငံ မဟာမုနိဗုဒ္ဓဘာသာအသင်း- Mahamuni Buddhist Society တွင် ဒေါက်တာဦးဇဝနနှင့် ဒေါက်တာဦးသုပီယတို့၏သြဝါဒကိုခံယူလျှက် သာသနာရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်။ သူသည် ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံများမှ ရဟန်းတော်များ၊ ကျောင်းသူ၊ သား များဖြင့်ဖွဲ့စည်းထားသော ဗုဒ္ဓဘာသာလူငယ်ပညာရေးအသင်း- Youth Education Enhancement Buddhist Society (YEEBS) တွင် လည်း အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတဦးဖြစ်သည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts