ရသဆောင်းပါးစုံ အုန်းနိုင်

စစ်အုပ်ချုပ်ရေးအောက်က ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၅)

အုန်းနိုင်
မတ်လ ၈၊ ၂၀၁၄

 

● ကျနော်တို့ ရုံးမှားနေလေသလား 

ကျနော်တို့  ရွှေဂုံတိုင်လမ်းအဖွဲ့ ချုပ်ရုံးကိုရောက်တော့ ပဲခူးတိုင်းကို ခေတ္တတွဲကိုင်နေတဲ့ ဦးလှဖေ (မော်ကျွန်း) ရဲ့စားပွဲမှာ ထိုင်ကြပါတယ်။ ကျနော်တို့ရဲ့  စည်းကော်မတီ ဆုံးဖြတ်ချက်များပါတဲ့ စာရွက်နဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ဦးလှဖေကိုပေးလိုက်လို့ ဦးလှဖေက ဖတ် ကြည့်ပြီးတော့မှ တဖြည်းဖြည်းမော့ကြည့်ပြီး အံ့သြတဲ့အမူအရာနဲ့ “ဗိုလ်မှူးမောင်အေးက  ပေါင်းတည်ကိစ္စပြေလည်တယ်လို့ပြောတာ.. အခု ဆရာကြီးတို့ ဘယ်လိုဖြစ်တာလဲ ..” လို့ တအံ့တသြ မေးပါတယ်။

 

ဦးမြမောင်က ကျနော်တို့မြို့နယ်စည်းရုံးရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ထပ်ပြီးရှင်းပြပါတယ်။ ပြီးတော့မှ ကျနော်က ဦးလှဖေကို …

 

“ဗိုလ်မှူးမောင်အေးက ဘာကိုပြေလည်တယ်လို့ပြောတာလဲ။ ပေါင်းတည်မှာ ကျနော် နဲ့တွေ့တော့ သူ့ကိုတာဝန်ပေးလိုက်တဲ့   ဦးစံဝင်းကိစ္စကို တခွန်းမှမပြောပဲ ..အင်းမဦးအေးကိုလွှတ်ပြီးပြောခိုင်းတာ ပြေလည်တာလား။ စည်းရုံးရေး စည်းကမ်းဖောက်ဖျက်ရာမကျဘူးလား။ တိုင်း တာဝန်ခံဆိုပြီး ယူလာတဲ့တာဝန်ကို ကျေအောင်မလုပ်ဘူး။ သူပြောရမယ့်ဟာကိုပြောလို့ ကျနော်က ဓားနဲ့ပဲ ထထိုးထိုး။ သူ့တာဝန်အရ သူ ပြောရမှာပေါ့။ ကျွန်တော်တို့က  တာဝန်ဆိုရင် ဒီလိုသဘောထားတယ်..” လို့ ပြောနေတုန်း ရုံးပေါက်ဝက ဗိုလ်မှူးမောင်အေးဝင်လာပါတယ်။ ဦးလှဖေက “ဟိုမှာ လာပြီဆိုပြီး ဗိုလ်မှူးမောင်အေး  ဒီကိုလာပါဦး” လို့ လှမ်းခေါ်ပါတယ်။ မလာပါ။ လက်ပြပြီး အပေါ်ထပ်တက်သွားပါတယ်။

 

ဒီတော့ ဦးလှဖေက ပြောပြန်ပါတယ်။ “ဆရာကြီးတို့ ပေါင်းတည်က ဗိုလ်သိန်းလှိုင် ကျွန်တော့်ဆီလာတယ်။ သူတို့ ယူအင်ဒီပီ (ဦးအောင် ကြီးအဖွဲ့) က ပေါင်းတည်မှာ ဦးအောင်ကြီးကို အရွေးခံစေချင်တယ်။ သူနဲ့အဆင့်တူ ကျွန်တော်တို့ဘက်ကလည်း ဦးစံဝင်းကို ချပေးစေချင် တယ်။  ရန်ကုန်မှာရှိတဲ့ ပေါင်းတည်အသင်းကလည်း အဲဒါကိုသဘောတူတယ်လို့ ပြောသွားပါတယ်” လို့ ဆိုပါတယ်။

 

ဦးလှဖေလိုလူမျိုးပါးစပ်က ရွှေဂုံတိုင် အဲန်အယ်ဒီရုံးချုပ်မှာထိုင်ပြီး ဒီစကားမျိုးပြောတာကို နားရှိလို့သာ  ကြားလိုက်ရတယ်။ ဘယ်လိုဖြစ်တာ ပါလိမ့်လို့ ချက်ခြင်းစကားတောင် ပြန်မပြောဖြစ်ဘူး။

 

ကျနော်နဲ့ပါလာတဲ့  ဦးမြမောင်ဆိုတာက ဦးအောင်ကြီးနဲ့ ညီအစ်ကို ဝမ်းကွဲတော်ပါတယ်။   သူကပဲ “ဦးအောင်ကြီး  ပေါင်းတည်ကအရွေးခံတာ မခံတာက  သူ့ပါတီရဲ့ သဘောထားပါ။ သူနဲ့တန်းတူပြိုင်ဘက်တင်ပေးဖို့ ကျနော်တို့ပါတီကို  သူတို့ ဘာမှ လာသြဇာပေးခွင့်မရှိပါဘူး။ ဦး အောင်ကြီးက ကျနော်တို့မြို့ကဒေသခံတွေနဲ့ယှဉ်ရမှာကို  သူ့ညီ  ဦးအောင်လေးကတောင် ကန့်ကွက်နေတာ။ သူ့အတွက်ကျနော်တို့ ပါတီ က ဘာမှလိုက်လုပ်ပေးစရာ မလိုပါဘူး။ ကျနော်တို့ မြို့နယ်ကတော့ ..ဒါမျိုးမလုပ်ဘူး။ ကျနော်တို့သဘောထားကလည်း ဒီစာတွေထဲမှာ  ရှင်းနေပါတယ်..”  လို့ ပြောပါတယ်။

 

ဒီတော့ ကျနော်လည်း စိတ်မထိန်းနိုင်တော့ပဲ ကိုယ့်လူကိုယ်ပြောတဲ့သဘောမျိုးနဲ့ “ဦးမြမောင်ရေ…ကျနော်တို့ ရုံးမှားနေပြီထင်တယ်။ ကျနော်တို့ ယူအင်ဒီပီ  (ဦးအောင်ကြီးအဖွဲ့) ရုံးများ လာမိနေသလား။ ဒါမှမဟုတ်လည်း   ကျနော်တို့ အန်အယ်ဒီဌာနချုပ်  ခေါင်းဆောင်တွေ ဒေါ်စုအဖမ်းခံနေရတုန်း ဦးအောင်ကြီးနဲ့များ ပြန်ပေါင်းမိသွားပြီလား  မသိဘူး..” လို့ ပြောလိုက်မိပါတယ်။

 

ဦးလှဖေလည်း   ဒီတော့မှ  မျက်နှာပျက်သွားပြီး ..

 

“ကျွန်တော်က ဗိုလ်သိန်းလှိုင်ပြောတာကို စကားအဖြစ်ပြောတာပါ။ သူကပြောလို့ ကျွန်တော်တို့က ဦးစံဝင်းကို  နော်မနိတ် (လျာထား)လုပ် တာ မဟုတ်ပါဘူး။ သူက  ကျွန်တော်တို့လက်အောက်ခံ မျိုးချစ်ရဲဘော်ဟောင်းရဲ့ အီးစီ (အမှုဆောင်) လည်းဖြစ်။ ပေါင်းတည်မြို့သားလည်း ဖြစ်လို့ပါ..”  လို့  တောက်တဲ့လှည်းနင်း ပြောပါတယ်။ ဒီလိုဗဟိုမျိုးနဲ့ တိုင်းစည်းလိုလူမျိုးတွေကို ကျနော် ဆက်ရှင်းပြဖို့ စိတ်မဝင်စား  တော့ ပါ။ ဦးမြမောင်နဲ့ စိုင်းနေညွန့်တို့ကပဲ ကျနော်တို့ မြို့အခြေအနေနဲ့ ကျနော်တို့လျာထားတဲ့ ကိုယ်စားလှယ်လောင်းများဟာ မြို့နယ်နဲ့ မြို့နယ် အတွင်း ဘယ်လိုထောက်ခံမှုတွေ ရနေတယ်ဆိုတာတွေနဲ့ အရင်က ဗဟိုကလာတဲ့သူတိုင်းက မြို့နယ်က ဒေသခံကိုဦးစားပေးမယ်။ လို အပ်မှသာ ဗဟိုကချပေးမယ်လို့ ပြောခဲ့လို့ ကျနော်တို့ မြို့နယ်မှာ  ဒေသခံရွေးချယ်ရေးကို ဦးစားပေးစည်းရုံးထားပြီးဖြစ်တဲ့အကြောင်းတွေ ပြောပြ ရှင်းလင်းကြပါတယ်။

 

ကျနော်ကတော့ စိတ်နည်းနည်းတိုချင်လာပြီ။ ဒါပေမယ့် စိတ်ထိန်းပြီး  ဦးမြမောင်နဲ့စိုင်းနေညွန့်ကို “ဒီမှာ ကျနော်တို့ဆုံးဖြတ်ချက်နဲ့ ကျနော် တို့မြို့နယ်ရဲ့ သဘောထားအစီရင်ခံစာ ပါပြီးသားပဲ။ ဒါပဲ ပေးပစ်ခဲ့။ ထပ်ရှင်းရင် သူတို့အမှားဟာ   ကျနော်တို့အမှားဖြစ်ကုန်မယ်။ အဲ-အစီရင် ခံစာထဲမပါတဲ့ အချက်တစ်ချက်တော့ ထပ်ပြောလိုက်မယ်။ ခင်ဗျားတို့ ဗဟိုကပို့မယ်ဆိုရင် ပို့ပါ။ တယောက်တည်းတော့ မပို့ပါနဲ့။ နှစ်ယောက် သာပို့ပါ။ ကျနော့်အတွက်နေရာကိုပါယူပါ။ ဒါမှ မြို့နယ်က  ကျနော် ဘာပြုလို့အရွေးမခံတာလဲ  ဆိုတာမေးလာရင်   ဗဟိုက  အမတ်နေရာလုလို့  ပါလို့ ရှင်းပြလို့ ကောင်းတာပေါ့။ ရန်ကုန်ရောက်နေတဲ့  ပေါင်းတည်သားတွေလည်း ဒီတော့မှ ပေါင်းတည်မြို့ခံတွေကို   ပြန်ရှင်းပြကြပေါ့..” လို့  ပြောလိုက်ပါတယ်။

 

ဒါကို ကျနော့်ရဲ့ သူရဲကောင်းဝါဒလို့ ပြောရမလား။ အတ္တဝါဒလို့ ပြောရမလား။ ပေါင်းတည်မှာက ရှစ်လေးလုံးကာလကတည်းက ကျနော့်ရဲ့  ပါဝင်လှုပ်ရှားခဲ့မှုအခန်းကဏ္ဍကို ဒေသခံရော၊ ရန်ကုန်ရောက် ပေါင်းတည်သားတွေရော၊ အနီးပတ်ဝန်းကျင်မြို့နယ်တွေရောရဲ့ အသိအမှတ်ပြု

မှုကို (အလောင်းအစားစကားနဲ့ ပြောရရင်)  ပုံအောလိုက်တာပါပဲ။

 

ကျနော်တို့ ဦးလှဖေဆီကထွက်လာပြီး ဦးတင်ထွဋ်ကို ရှာပါတယ်။ အဖွဲ့ ချုပ်ရုံးရှေ့နားက လက်ဖက်ရည်ဆိုင်မှာတွေ့လို့ သူ့ကို ကျနော်တို့  အကျိုးအကြောင်းပြောပြတော့ … သူက  ကျနော်တို့မြို့နယ်ရဲ့   ကိုယ်စားလှယ်လောင်း  နောက်တယောက်ရဲ့ အမည်နဲ့ ပညာအရည်အချင်း မေးပါတယ်။ သူက  ဘွဲ့ ရပညာတတ်တဦးဖြစ်ပြီး ကျွန်းဆွယ်အရေးအခင်းကျောင်းသားလှုပ်ရှားမှုမှာ ပါခဲ့ဖူးသူဆိုတာပြောလိုက်ရင်ပဲ …

 

“ကိုအုန်းနိုင် လျှော့မပေးနဲ့။ ခင်ဗျားအခုပြောတဲ့အတိုင်းသာ တင်းထား။ ကျနော်လည်း ဗဟိုစိစစ်ရေးအဖွဲ့ထဲမှာပါတယ်။ ဒီဘက်က ကျနော်  လှုပ်ရှားပေးမယ်။ သူတို့မျိုးချစ်တွေ ဒီလိုပဲ နေရာတွေဝင်တိုးနေတယ်” လို့ ပြောပါတယ်။

 

ကျနော်က ဦးအောင်ကြီးအဖွဲ့က ဗိုလ်သိန်းလှိုင်နဲ့ ဦးလှဖေ (မော်ကျွန်း) တို့  အဆက်အသွယ်၊ ဗိုလ်သိန်းလှိုင်တို့ ဗိုလ်မှူးမောင်အေးတို့နဲ့ ရန်ကုန်ရောက် ပေါင်းတည်အသင်းရဲ့ အဆက်အသွယ်တွေကိုပါ ဦးလှဖေပြောပြတဲ့အတိုင်း ပြန်ပြောလိုက်ပါတယ်။ ကိုတင်ထွဋ်က

 

“ကိုအုန်းနိုင်က မသိလို့ဗျ။ ဒီမော်ကျွန်းဦးလှဖေဆိုတာ တည်မြဲဖဆပလဟောင်းပဲ။ ခင်ဗျားတို့ ဗိုလ်သိန်းလှိုင်ကလည်း တည်မြဲဟောင်းမဟုတ် လား။ ဗိုလ်အောင်ကြီးကလည်း ဒီတုန်းက တည်မြဲအားပေးခဲ့တာပဲ။ သူတို့ချင်းတွေက သံယောဇဉ်မပြတ်ဘူးပေါ့ဗျာ..”  လို့ ပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts