တူမောင်ညို သူတို့အာဘော်

အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး … ဘယ်ဟာ ပထမလဲ

တူမောင်ညို 
မတ်လ ၇၊ ၂၀၁၄

 

ဒီချုပ်နဲ့ ၈၈ ငြိမ်းပွင့်တွေပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်မှာ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ပင်ဖြစ်သည်။ “ပုဒ်မ ၄၃၆”အားပြင်ဆင်ရာ၌ လွှတ်တော်တွင်းနည်းလမ်းသည် အဓိကဖြစ်ပြီး၊ လွှတ်တော်ပြင်ပမှ ငြိမ်းချမ်းစွာ/စည်းကမ်းသေဝပ်စွာ ပံ့ပိုးပေးရေးက လွှတ်တော်တွင်းနည်းလမ်းအတွက် အရံ၊ အထောက်အကူအခန်းကဖြစ်လိမ့်မည်ဟု တွေးထင်မိပါသည်။ 

 

တကယ်တော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် ကြံ့ဖွံ့ပါတီ၏ လက်ခုပ်ထဲကအရာ ဖြစ်သည်။ ဒီအချက်ကို ပိုသေချာ အောင် ကြံ့ဖွံ့သမ္မတ( ဗိုလ်) ဦးသိန်းစိန်က မတ်လ ရေဒီယိုမိန့်ခွန်း၌ အချက် ၂ ချက်ဖြင့် သတိပေးသွားခဲ့သည်။

 

ပထမအချက်  “မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါ အလိုက် လိုအပ်တဲ့ပြင်ဆင်မှုများပြုလုပ်သွားရမယ်”။

 

ဒုတိယအချက် “ဒီဥပဒေတွေကိုပြင်ဆင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်ထဲကနေ စည်းကမ်းတကျ ကြိုးပမ်းအား ထုတ်ကြရမှာဖြစ်သလို လက်ရှိဥပဒေမူဘောင်များကိုကျွန်တော်အပါအဝင်နိုင်ငံသားအားလုံးက အလေးထားလေးစားလိုက် နာကြရမှာ လည်းဖြစ်ပါတယ်”။

 

အချုပ်မှာ “ငါတို့ ခွင့်ပြုသလောက်ပဲပြင်ဆင်ကြ/ ငါတို့ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းကမ်းတွေနဲ့ အညီပြင်ဆင်ကြ” လို့ ပြောတာ ပဲဖြစ်သည်။

 

ဒီအချက်ကို အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းက အခုလို ထပ်မံဖြည့်စွက်ထားသည်။

 

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ တရားဥပဒေစိုးမိုးရေးနဲ့လည်း ဆိုင်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း လိုက်နာခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်တယ်။ ဒီမိုကရေစီ ဖြစ်ပေါ်ရေးမှာ တရားဥပဒေ စိုးမိုးရေးက အရေးကြီး တယ်။ တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ ထုတ်ပြန်ထားသော ဥပဒေအဆင့်ဆင့်ကို တာဝန်ရှိသူတွေက ကြီးကြပ်ကွပ်ကဲမယ် လိုက်နာ သူက အားလုံးလိုက်နာမယ် ဒါမှ တရားဥပဒေစိုးမိုးမှု ဖြစ်လာမယ်”။

 

ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်နဲ့ အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းတို့၏ ပြောစကားတွေဤသို့တူညီနေသည်မှာ သာမန်တိုက် ဆိုင်မှုမဟုတ်ပါ။ ၂၀၀၈အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်လာလျှင်သူတို့အချင်းချင်းအကြားဘာမျှကွဲလွဲစရာမရှိချေ။ အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေးအကြား၊ ကြံ့ဖွံ့သမ္မတ (ဗိုလ်)ဦးသိန်းစိန်နဲ့ အမတ်ချုပ်ကြီး (ဗိုလ်) ဦးရွှေမန်းတို့အကြား “ပွတ်တိုက်မှု” ဆို သည်တို့မှာ အတိုက်အခံများကို လှည့်စားမှုရန်အတွက် သူတို့အကွက်ချဖန်တီးထားသည့် ပရိယာယ်ဝေဝုစ်သာလျှင်ဖြစ်သည်။

 

ဗိုလ်သိန်းစိန်က “လက်ရှိဥပဒေဘောင်ထဲကစည်းကမ်းတကျလုပ်ကြ၊ တည်ဆဲဥပဒေများကိုလေးစားလိုက်နာကြ” ဟုပြောပြီး၊ ဗိုလ်ရွှေမန်း က “တရားဥပဒေ စိုးမိုးရေးဆိုတာ ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း လိုက်နာခြင်းကို တရားဥပဒေစိုးမိုးရေးလို့ ခေါ်တယ်” ဟု ဆိုလေ၏။

 

ကျနော်တို့ဒီမိုကရေစီအတိုက်အခံအများအား စစ်ဗိုလ်ဟောင်းများသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသဖြင့် ကဏ္ဍအသီးသီးမှနေ၍ သင်ခန်းစာများကို မရိုးရအောင်ပေးလျက်ရှိပါသည်။ ပေးသည့်နည်းကလည်းစုံလှသည်၊ အချို့က ကြောင်ဝမ်းနှုတ် ဆေးကျွေးထားသည့်ပျော့ပျော့နှင့်နံနံသည့် ဗိုလ်သိန်းစိန်/ဗိုလ်ရွှေမန်း/ဗိုလ်ခင်အောင်မြင့်/ဗိုလ်စိုးသိန်း/ဗိုလ်အောင်မင်းတို့ မယ်မယ်ရရ ဖမ်းဆုပ်မရသည့် ပြောစကားများဖြစ်သည်။ အချို့က (ဗိုလ်ဇော်မင်း၊ဗိုလ်အုန်းမြင့်၊ ဗိုလ်လှဆွေ စသည့် )မောက်မာရင့်သီးရိုင်းပြလှသော အသုံးအနှုန်းများဖြင့်။

 

ယခုအခါ တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့် ၈၈ ငြိမ်းပွင့်များ အကြား ၂ ဖက်သဘောတူညီချက် ၃ ချက်ရရှိခဲ့ သည်ဟုသိ ရသည်။ ၎င်းအချက် ၃ ချက်မှာ

 

(က) အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်ရေး

(ခ)  ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၁၂)၊ ပုဒ်မ (၄၃၆)  ပြင်ဆင်ရေးကို ပထမဆုံးခြေလှမ်းအဖြစ် လက်ခံသ ဘောတူပြီး ပူးပေါင်းဆောင်ရွက်ရေး

(ဂ)  ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဟူ၍ဖြစ်သည်။

 

ဤသဘောတူညီချက်များနှင့်ပတ်သက်၍ အောက်ပါမေးခွန်းတွေပေါ်လာပါသည်။

 

(က) အချက်နှင့်ပတ်သက်၍

 

“အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုပေါ်ပေါက်ရေး”နှင့် “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”သည် မည်သည့်ကိစ္စက ပထမဖြစ်မည် နည်း။ “အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးမှု” ကို ပထမဦးစွာပြုလုပ်ပြီးမှ  “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”ကို ပြုလုပ်မည်လား သို့တည်း မဟုတ်  “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”ကို ပထမဦးစွာပြုလုပ်ပြီးမှ “အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးမှု” ကိုပြုလုပ်မည်လား။

 

“အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးမှု” ဆိုသည်မှာ ယခင် ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ မေတ္တာရပ်ခံထားသည့်  “၄ပွင့်ဆိုင်တွေ့ဆုံရေး” ကိုတိုးချဲ့ခြင်းလော သို့တည်းမဟုတ် “၄ပွင့်ဆိုင်တွေ့ဆုံရေး” ထဲသို့ တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကို ပေါင်းထည့်ခြင်းလော။

 

ဒီချုပ်၏ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကြေညာချက်၌မူ “တွေ့ဆုံဆွေးနွေးခြင်းမှ အပြန်အလှန်လေးစား အသိ အမှတ်ပြုမှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ကြမည်၊သို့မှတဆင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုရှေ့ရှုလုပ်ဆောင်နိုင်မည်၊ ထိုမှ တဆင့်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တစ်မျိုးသားလုံး၏အကြပ်အတည်းများကိုဖြေရှင်းနိုင်ရန် နည်းလမ်းများ ထွက်ပေါ်လာနိုင်ပေမည်၊ ဤသို့သော အမြော်အမြင်ဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌက လေးပွင့်ဆိုင်တွေ့ဆုံရေးကို လမ်းကြောင်းပေးဖော်ပြခဲ့သည်” ဟု ဖော်ပြခဲ့ပါသည်။

 

“အားလုံး”၏ အဓိပ္ပါယ်နှင့်အရေအတွက်ကို ဖွင့်ဆို/ဖော်ပြစေချင်ပါသည်။ “၂၀၀၈ အခြေခံဥပဒေ” ကိုလေးစားလိုက်နာသူ၊ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲရောက်နေသူ အားလုံးလော။

 

အချက် (ခ) နှင့်ပတ်သက်၍

“ပုဒ်မ၄၃၆ပြင်ဆင်ရေး”သည် ပထမခြေလှမ်းဟုဆိုထားပါသည်။ ဤကိစ္စသည် လွှတ်တော်ထဲက ကိစ္စဖြစ်ပါသည်။ လွှတ်တော် ထဲက ကိစ္စမှန်သမျှသည် ကြံ့ဖွံ့ပါတီနှင့်စစ်သားအမတ်များ၏ အဆုံးအဖြတ်ပေါ်တွင်အဓိကတည်နေပါသည်။

 

ယင်းအတွက် ၈ပူးငြိမ်းပွင့်နှင့် SNLD တို့ကဲ့သို့ လွှတ်တော်ပြင်ပ အဖွဲ့အစည်းများအနေဖြင့်မည်သို့ဆောင်ရွက်ကြမည်နည်း။ ပုဒ်မ ၁၈ ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်သကဲ့သို့ ခွင့်ပြုချက်ယူ/ခွင့်ပြုတဲ့နေရာတွင် ဆန္ဒပြရုံမျှဖြင့် ရနိုင်ပါမည်နည်း။

 

အချက် (ဂ) နှင့်ပတ်သက်၍

အချက် (ဂ) “ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး” ကိုမူ လောလောဆယ်အားဖြင့် အထွေအထူးပြောစရာ မရှိသေးပါ။ အဘယ့်ကြောင့်ဆိုသော် အချက် (ဂ) သည် နှိုင်းယှဉ်ခြင်းအားဖြင့် အချက် (က) (ခ) တို့ထက် ပိုမိုလေးနက် ကျယ်ပြန့်သော ကိစ္စဖြစ်ပါသည်။ ထို့အပြင် ၂၀၀၈ အခြေခံဥပဒေကို မဖျက်သိမ်းပဲ “ဖက်ဒရယ်ပြည်ထောင်စု” တည်ထောင်၍ မရနိုင်/မဖြစ်နိုင်သောကိစ္စ လည်းဖြစ်ပါသည်။

 

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးသည် လွှတ်တော်တွင်းနည်းလမ်းတစ်ခုတည်းဖြင့် ရည်ရွယ်ချက်မပေါက်မြောက်နိုင်ကြောင်း၊  အလုပ်မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရိပ်စားမိနေပြီဟု ယူဆပါသည်။ သို့အတွက် “ပြည်သူ့အင်အားပဲသုံးမယ်” လို့ ပြောလာခြင်း၊ လက်တွေ့အားဖြင့် မြို့နယ်များတွင် တစတစပေါ်ပေါက်လာသော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြပွဲများ၊ ၈၈ ငြိမ်းပွင့် နှင့် ပူးတွဲလှုပ်ရှားလာခြင်းတို့ဖြစ်ပါလိမ့်မည်။

 

ဤခြေလှမ်းများကိုကြည့်ပြီး ဗိုလ်သိန်းစိန်နှင့်ဗိုလ်ရွှေမန်းတို့က “ဥပဒေဘောင်ထဲကစည်းကမ်းတကျလုပ်ကြ၊ ဥပဒေကိုလေးစား လိုက်နာကြ၊ အမိန့် အတိုင်းလိုက်နာခြင်းဟာ တရားဥပဒေစိုးမိုးရေးဖြစ်တယ်”  စသဖြင့် ပညာပေးဆုံးမစကားတွေ ပြောကြားကာ ဟန့် တားလာ ခြင်းဖြစ်မည်ဟုထင်သည်။ ဗိုလ်လှဆွေတို့လို ရိုင်းရိုင်းရမ်းရမ်းတပည့်များမှတဆင့်လည်း ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံသုံးစွဲနေမှု၊ နိုင်ငံခြား ထောက်ပံ့ငွေ ဟူသည့်ကိစ္စများဖြင့်  ရွေးကောက်ပွဲကော်မရှင်မှ အရေးယူရန် မျက်စပစ်ပြနေခြင်းဖြစ်ပါလိမ့်မည်။

 

နိဂုံးချုပ်ရလျှင် “အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးနှင့် ပုဒ်မ၄၃၆ ပြင်ဆင်ရေး” တို့တွင် အဘယ်ကိစ္စသည် ပထမဦးစား ပေးဖြစ်သည်ကို ကွဲကွဲပြားပြားဖော်ပြစေချင်ပါသည်။

 

တစ်စုတစ်စည်းထဲသော လူထုစွမ်းအားမပါရှိလျှင် (နဝတ-နအဖ) စစ်အစိုးရ၏ အမွေခံကြံ့ဖွံ့ပါတီနှင့်ကြံ့ဖွံ့အစိုးရသည် “အားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးနှင့် ပုဒ်မ၄၃၆ ပြင်ဆင်ရေး” အပါအဝင် မည်သည့်အရာကိုမျှ လိုက်လျောလိမ့်မည်မဟုတ်ပါ။

 

လူထုအကျိုးကို အမြဲမျက်နှာမူလေ့ရှိသော ဒီချုပ်နာယကကြီးဦးဝင်းတင်က မန္တလေးလူထုမှတဆင့် တပြည်လုံးပြည်သူလူထု ကြီး ထံ “ ဒီအချိုးမျိုးသာဆိုရင် တတိယအရေးတော်ပုံကြီးပေါ်လိမ့်မယ်၊ အသင့်ပြင်ထားကြ” လို့ သတိပေးနှိုးဆော်ခဲ့ပါသည်။

ညွန်း
သမ္မတဦးသိန်းစိန်၊ ၁ မတ် ၂၀၁၄ မိန့်ခွန်း 
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းနှင့်မီဒီယာများတွေ့ဆုံခြင်း ၆ မတ် ၂၀၁၄၊ ဒီဗွီဘီ 
ဖွဲ့စည်းပုံပူးပေါင်းပြင်ရန် တိုင်းရင်းသားအဖွဲ့၊ အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်တို့ သဘောတူ၊ ၆ မတ် ၂၀၁၄၊ ဒီဗွီဘီ
ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၁၊ (၆-၁-၂၀၁၄)
ဒီလှိုင်းစာစောင်၊ အတွဲ ၃ ၊ အမှတ် ၉၊ (၃-၃-၂၀၁၄)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး … ဘယ်ဟာ ပထမလဲ
  1. ကျနော့အယူအဆနဲ့ တစ်ထပ်တည်းကျနေလို့ မှန်တယ်လို့မပြောရဲပေမဲ့ အံ့တောင်သြရတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အကြံပြုပါရစေ။ ၈ပူးငြိမ်းပွင့် ဆိုတာထက် ၈၈ငြိမ်းပွင့်လို့ သုံးရင် ပိုကောင်းမယ်ထင်ပါတယ်။ ၂ မျိုး သုံးထားတာကို တွေ့ပါတယ်။ နောက်တစ်ခုက ရှင်းရှင်းလင်းလင်း ချပြသင့်တယ်၊ ဘယ်လိုလုပ်မှာလဲ ဆိုတဲ့နေရာမှာပဲ ရပ်မနေဘဲနဲ့ စာရေးသူအနေနဲ့ ဒီလိုလုပ်သင့်တယ်ဆိုတဲ့ အယူအဆ စိတ်ကူးစိတ်သန်း ချပြနိုင်ရင် ပိုအကျိုးရှိမှာပါ။ မှားသွား လွဲသွားရင်တောင် စေတနာကောင်းနဲ့ အကြံပြုတာမို့ နားလည်ပေးကြမှာပါ။ တန်ဘိုးရှိတဲ့ အကြံဥာဏ်ရှိနေရက်နဲ့ မြုံထားရင် တာဝန်မကျေရာလည်းကျတယ်။ တော်တော် နစ်နာမှာဗျာ။ လူတိုင်း ကိုယ်သိတာလေးတွေ မျှဝေပေးရင် သိပ်ကောင်းမှာ။ ဆေးမြီးတိုနည်းကအစ တန်ဘိုးဖြတ်လို့ မရပါဘူးခင်ဗျာ။

Comments are closed.