ဝေဖန်ရေးရာ

လူ့ဂျပိုး၊ စစ်ဂျပိုး၊ ပြည်ဖျက်တဲ့အမျိုး

မင်းချစ်ကောင်း (မန္တလေး)
မတ်လ ၅၊ ၂၀၁၄

 

ကျမ္မာရေးအသိချို့ငဲ့သူတွေစုဝေးနေထိုင်သုံးစွဲတဲ့အရပ်ဌာနတွေ၊ သန့်ရှင်းသန့်ပြန့်မှုကို တန်ဘိုးမထား၊ မထိမ်းသိမ်းတဲ့အရပ်ဒေသတွေမှာ ဂျပိုးတွေ မှိုလိုပေါက်ပွားလေ့ရှိတယ်။ ချွေးတွေသံတွေနဲ့အပြင်ကပြန်လာ၊ ရေမချိုးပဲအိပ်ယာဝင်၊ စောင်၊ခေါင်းအုံး၊ အိပ်ယာခင်း တွေပုံ မှန်မလျှော်မဖွတ်၊ နေရောင်မပြတဲ့အိမ်တွေမှာ သေခြာပေါက်ဂျပိုးရှိမယ်။

 

အဲဒီလိုပါဘဲ၊ နိုင်ငံရေးအသိချို့ငဲ့သူတွေများပြီး၊ အုပ်ချုပ်ပုံစနစ်မမှန်ကန်တဲ့ တိုင်းပြည်တိုင်း၊ တရားဥပဒေမစိုးမိုးတဲ့နိုင်ငံတိုင်းမှာ လူ့ဂျပိုး၊ စစ်ဂျပိုးတွေ ပေါက်ပွားမင်းမူလေ့ရှိတယ်၊

 

တို့နိုင်ငံကို ကြည့်လိုက်တော့လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ ရှိရှိသမျှ နယ်စုံ၊ပယ်စုံ၊ကဏ္ဍစုံမှာ လူ့ဂျပိုး စစ်ဂျပိုးတွေဆိုတာ အို-တရွရွပေါက်ပွားသောင်း ကျန်းနေလိုက်ကြတာ၊ တချို့များဆို အမွေးတွေတထောင်ထောင်၊ အစွယ်တွေတမြမြနဲ့ ကြက်သီးထစရာ ကောင်းလိုက်တာ။ ဒါတွေအားလုံးဟာစစ်အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေဖြစ်တယ်။ တနည်းအားဖြင့်ပြောရရင် အလွန်မှားယွင်းတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေခံမြေခံထဲက အမြစ်ထွက်ပေါက်ရောက်လာတဲ့ တရားဥပဒေမစိုးမိုးခြင်းဆိုတဲ့ အဆိပ်ပင်ကြီးကအသီးအပွင့်တွေ လို့ ပြောရင်မမှားနိုင်ဘူး။ အဲဒီလူ့ဂျပိုး၊စစ်ဂျပိုးတွေဟာလူသူတော်ကောင်း၊ရှင်သူတော်ကောင်း၊တပ်မတော်သားကောင်း တွေရဲ့နေရာလု၊ နိုင်ငံတော်ရဲ့အိမ်ဦးခန်းမျက်နှာစာတွေထက်မှာဒီမိုကရေစီရေး၊လူ့အခွင့်အရေး၊အမျိုးဘာသာသာသနာတည်တံ့ပြန့်ပွားရေးစတဲ့စကားလုံးတွေကိုကျယ်ကျယ်လောင်လောင်ဟစ်ကြွေးပြီး၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုဖြစ်အောင်၊ ညီညွတ်မှုတွေ ပြိုကွဲအောင် အလွန် မဲညစ်တဲ့နှလုံးသားတွေနဲ့ ခြေပုန်းခုတ်လုပ်နေရာက အခုတော့ဗြောင် လုပ်ဆောင်လာကြပြီ။

 

တို့တိုင်းပြည်ဟာ ဒီမိုကရေစီသားဦး မီးရှူးသန့်စင်ဖွားမြင်နိုင်ဖို့ ဘ၀ပေါင်းအနန္တ၊ အသက်ပေါင်းအင်္သချေပေးဆပ်ရင်းနှီးပြီး အခုမှသားလောင်းသန္ဓေစွဲကပ်နေကာစမို့ ကိုယ်ဝန် နုနုလေးရှိချိန်မှာ လူမျိုးရေး၊ ဘာသာရေးကိစ္စတွေ ကိုမမှန်မကန်တဲ့နည်းလမ်းတွေနဲ့ ရှေ့တန်းတင် လာကြတာဟာ အလွန်မရိုးသားတဲ့အကြံအစည် ရှိသူတွေနဲ့ အလွန်အမျှော်အမြင် နည်းသူတွေရဲ့ ပူးပေါင်းမိုက်မဲမှုသာဖြစ်တယ်။

 

တကယ်တော့ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို ကိုယ့်လူမျိုး ကိုယ့်ဘာသာကိုပြန့်ပွား အောင်၊ အဓွန့်ရှည်တည်တံအောင်အမြဲတမ်း မှန်ကန်တဲ့နည်းလမ်း၊ တရားသဖြင့်နည်းလမ်းနဲ့ လုပ်ဆောင်ကြဖို့လိုတယ်။ ဒါဟာမွန်မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ အဲ့ဒီလိုမှမဟုတ်ဘဲ ကိုယ်နဲ့မတူတဲ့လူမျိုး၊ သူတပါးရဲ့ဘာသာတရားကို၊ ရန်စပုတ်ခတ၊်စော်ကားပြောဆိုလုပ်ကိုင်မှုတွေ၊ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှု တွေ ကြီးထွားလာအောင်တိုက်ရိုက်(သို့) သွယ်ဝိုက်လုပ်ဆောင်မှုတွေဟာ အင်မတန်စက်ဆုပ်ကြောက်မက်ဖွယ်ကောင်းတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြီးတွေဖြစ်အောင် လှုံဆော်နေတာနဲ့အတူတူဘဲ။ သတ်ကြဖြတ်ကြ၊ ဖျက် ဆီးကြဟေ့လို့တည့်တည့်မအော်တာဘဲရှိတယ်။

 

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုဝေးနေထိုင်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီးသာယာဝပြောဖို့ အဓိကလိုအပ်ချက်တစ်ခုက တိုင်း ရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်လိုတဲ့ပြည်ထောင်စု စိတ်ဓါတ်ကို လက်တွေ့ကျင့်သုံးကြ အမြတ်တနိုးထိမ်းသိမ်းကြဖို့ဘဲဖြစ်တယ်။ နွားကွဲရင်ကျားဆွဲမယ်ဆိုတဲ့စကားဟာ အလကားမဟုတ်ဘူး။ လွတ်လပ်ရေးမရခင် ဗြိတိသျှ ကိုလိုနီ ခေတ် တလျောက်လုံးမှာ နယ်ချဲ့အစိုးရ ကျင့်သုံးခဲ့တာ သွေးခွဲရေးမူဝါဒဘဲ။ ကိုလိုနီကျားကြီး စိတ်တိုင်းကျ ဗိုလ်ကျစိုးမိုးနိုင်တာဟာ တို့တိုင်းရင်းသားညီအကိုမောင်နှမတွေ ညီညီညွတ်ညွတ် မစည်းလုံးခဲ့ကြလို့ပါ။ တို့နိုင်ငံရဲ့ သမိုင်းမှာကဗည်းထိုးခဲ့တဲ့ ပင်လုံညီလာခံကြီးမှာ တမြေထဲနေ တရေထဲသောက်တဲ့ ပြည်ထောင်စုဖွား သွေးချင်းသားချင်းတွေအားလုံးတို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနောက် ညီညီညွတ်ညွတ်လဲရပ် လိုက်ရော၊ လွတ်လပ်ရေးသရဖူကြီးကို အတူတကွဆွတ်ခူးနိုင်ခဲ့တယ်လေ။ နယ်ချဲ့ကျားဆိုးကြီးကို မောင်းထုတ်နိုင်ခဲ့တာ ပြည်ထောင်စုစိတ် ဓါတ်ပါ။

 

ကံဆိုးတယ်လို့ဘဲပြောပြော၊ မိုက်မဲခဲ့ကြတယ်ဆိုဆို လွတ်လပ်ရေးရပြီးလို့ လွတ်လပ် ရေးအမြိုက်အရသာတောင် ဘယ်လိုမှန်းမသိရသေးခင် ညီညွတ်မှု ပြိုကွဲစေမဲ့ အကြောင်းတွေ ဖန်တီးလာခဲ့တယ်။ လူမျိုးကြီးဝါဒ၊ တိုင်းရင်းသားအခွင့်အရေးမညီမျှမှု၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာ သာပြုလိုမှု၊ ဖက်ဒရယ်မပေးလိုမှု၊ ပင်လုံကတိက၀တ်တွေ ကိုမဖြည့်ဆီးလိုမှု၊ လူ့ဂျပိုး၊ စစ်ဂျပိုးတွေရဲ့ အားကိုးရာမဲ့ တိုင်းရင်း သားပြည်သူ တွေအပေါ် ဗိုလ်ကျစီးပိုးမှုတွေဟာ ပြည်ထောင်စုစိတ်ဓါတ်ဆိုတဲ့ သံယောဇဉ်ကြိုးမျှင်ကို အပိုင်းပိုင်းဖြတ် တောက်ပစ်ခဲ့တယ်။ ရှိရှိသမျှ လူမျိုးငယ်စုတွေအားလုံး လက်နက်စွဲကိုင်တဲ့အဆင့်ရောက်ပြီး နှစ်ပေါင်း (၆၀) ကျော် (၇၀) နီးပါး ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်ခဲ့တာ ဒီကနေ့ထိတိုင်မဟုတ်လား။

 

ဟောလာပြန်ပြီ၊ တကျော့ပြန်။ ဒီမိုကရေစီရောင်နီလေးသမ်းကာစ တို့နိုင်ငံမှာလေ၊ ဒီမိုကရေစီရဲ့အမြိုက်အရသာကို ပီပီပြင်ပြင်မှ မခံစားရ သေးဘူး၊ အရင်အနာတောင်မကျက် သေးတဲ့ ညီညွတ်ရေးကိုဖြိုခွဲဘို့ လုပ်ဆောင်လာကြပြန်ပြီ။ အမျိုး၊ ဘာသာ၊ သာသနာတည် တံ့ပြန့်ပွားရေး မျက်နှာဖုံးစွပ်ထားတဲ့ တယူသန်ဘာသာရေးသမားတွေ၊ စစ်ဂျပိုး၊ လူ့ဂျပိုးတွေ ရောင်တော်ပြန်နဲ့ရောပြီးသောင်းကျန်းအဆိပ်ခပ်နေတာများ ပွဲတော်ကြီးကြနေတာဘဲ။

 

တကယ်တော့ တို့တိုင်းပြည်မှာ လူသူတော်ကောင်း၊ ရှင်သူတော်ကောင်း၊ တပ်မတော် သားကောင်းတွေဟာ ရှေ့ပိုင်းမှာ ရေးပြခဲ့တဲ့ လူ့ဂျပိုး၊ စစ်ဂျပိုးတွေထက် အရေအတွက်မှာ အဆမတန်သာလွန်တယ်လို့ ရဲရဲကြီးပြောရဲတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ကြည့် လိုက်ရင် အဖြေက ရှင်းပါတယ်။ မင်္ဂလာဒုံမြို့နယ်လို တပ်မတော်သားနဲ့ မိသားစုတွေများတဲ့ မြို့နယ်မှာ NLD နိုင်ခဲ့တာကိုကြည့်ရင် တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တဲ့၊ အမှန်တရားကို မြတ်နိုးတဲ့တပ်မတော်သားတွေ နိုင်ငံသားတွေ ရာခိုင်နှုန်း ပိုများတယ်ဆိုတာ ထင်ရှားပါတယ်။

 

ဒါပေမဲ့ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကိုအခြေခံတဲ့ ဗုဒ္ဓဘာသာထွန်းကားတဲ့ တို့နိုင်ငံဟာ ကမ္ဘာ့အမြင်မှာ လူနည်းစုဘာသာခြား၊ လူမျိုးခြား တွေကို မေတ္တာကင်းမဲ့စွာ နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်လိုတဲ့ ဘာသာရေး အစွန်းရောက်တွေနေတဲ့နိုင်ငံလို့ အမြင်ခံခဲ့ရတာ ဘာကြောင့်ပါ လဲ။ အဖြေကရှင်းပါတယ်။ ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးအသိနိမ့်ကျမှုတွေအပေါ် အခွင့်ကောင်းယူပြီး၊ လူ့ဂျပိုး၊ စစ်ဂျပိုးတွေဟာ သူတို့လက်ဦးရ ယူထားတဲ့ ရာထူးအာဏာ၊ ဓနဥစ္စာတွေအသုံးချပြိး ရဟန်းရှင်လူတို့ ပြည်သူတွေကို အကြံဆိုးတွေနဲ့ လမ်းမှားပို့ပေးနေတာကြောင့်ဖြစ်တယ်။ တိုင်းပြည်မတည်ငြိမ်အောင်၊ တို့ပြည်သူတွေနဲ့ ဒီမိုကရေစီ မထိုက်တန်သယောင်ဖြစ်အောင်လုပ်ရင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုအထင်မြင်မှားအောင်၊ ညီညွတ်ရေးပြိုကွဲအောင်၊ နိုင်ငံရေးအမြတ်ထုတ်နေကြတာဖြစ်တယ်။

 

လူ့ဂျပိုး၊ စစ်ဂျပိုးဆိုတာဟာ သူခိုးဓါးမြထက်ပိုဆိုးတယ်။ စိတ်ဓါတ်ပိုအောက်တန်းကျပြီး၊ မိမိ အကျိုးစီးပွား၊ မိမိလူမျိုး အကျိုးစီးပွား၊ မိမိဘာ သာအကျိုးစီးပွားကို မတရားသဖြင့် နည်းလမ်း၊ မမှန်ကန်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရယူလိုသူတွေဖြစ်တယ်။ လူ့အဖွဲ့ စည်းရဲ့ အဆိပ်အတောက်တွေဘဲ။ဒီလိုလူမျိုးတွေဟာ လူမျိုးတိုင်းမှာရှိသလို ဘာသာတိုင်းမှာလဲရှိနေတယ်။ နှစ်ပေါင်း (၆၀) ကျော် တရားဥပဒေမစိုးမိုးခဲ့တာမို့ တို့နိုင်ငံ ရဲ့ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲမှာ ရိုဟင်ဂျာလူမျိုး ရှိမရှိဆိုတာတို့ ရခိုင်ပြည်ရဲ့နယ်စပ်တွေကတဆင့် ဘင်္ဂါလီလူမျိုးတွေ တရား မ၀င်ဝင်ရောက်နေထိုင်မှုတွေ၊ ဆင်းရဲမွဲတေမှုကို အခွင့်ကောင်းယူပြီး ဆန္ဒမပါတဲ့ ဘာသာကူးပြောင်းမှုတွေ၊ လူမျိုးငယ်စုပြဿနာ တွေဟာ အထူးသတိပြုကိုင်တွယ်ဖြေရှင်းရမဲ့ နိုင်ငံရေးပြဿနာတွေဖြစ်တယ်။ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူး။ သေချာတာတစ်ခု ကတော့ ပြည်သူကို ရင်ဝယ်သားလိုသဘောထားနိုင်တဲ့ မိဘနဲ့တူသော ဒီမိုကရေစီအစိုးရတရပ်က သမာသမတ်ကျကျ၊ နိုင်ငံရေးနည်းလမ်း တွေနဲ့ ဖြေရှင်းရမဲ့ပြဿနာတွေဖြစ်တယ်။ အဲဒီလိုအစိုးရတရပ် ၂၀၁၅ ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုက ရေစီ စံရည်စံညွှန်းပြည့်မှီအောင် ပြင်ဆင်ကြရမှာ အရေးအကြီးဆုံးနဲ့ နိုင်ငံသားတိုင်းရဲ့ ပထမဦးစားပေးတာဝန်ကြီးဖြစ်တယ်။

 

ဒါကြောင့် လက်ရှိအစိုးရအဖွဲ့ထဲက အမှန်တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ တပ်မတော် သားကောင်းတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ သံဃာ တော် အရှင်သူမြတ်တွေအားလုံးက လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေဖြစ်အောင် လှုံ့ဆော်၊ ပြောဆို၊ ရေးသားလုပ်ဆောင်မှုတိုင်း တညီ တညွတ်ထဲ ဆန့်ကျင်ကြောင်း၊ လက်မခံကြောင်း တနိုင်ငံလုံးကို တရားဝင်ကြေညာအသိပေးရင်း ထိရောက်တဲ့ အရေးယူမှုတွေ၊ အပြစ်ပေးမှု တွေနဲ့ လူ့ဂျပိုး၊ စစ်ဂျပိုးတွေ မြန်မာ့လူ့ဘောင်ကနေ ကွယ်ပျောက်သွားအောင် လုပ်ဆောင်ကြဖို့တောင်းဆိုရင်း ဒီဆောင်းပါးကို နိဂုံးသတ် ပါတယ်။

လေးစားစွာဖြင့်
မင်းကောင်းချစ် (မန္တလေး) 
၀၄ မတ်လ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts