သတင်းဆောင်းပါး အောင်ဒင်

အပြိုပြို အကွဲကွဲ တိုင်းပြည် -၂ (AUng Din)

အပြိုပြို အကွဲကွဲ တိုင်းပြည် -၂

အောင်ဒင်၊ မတ် ၅၊ ၂၀၁၄


အပိုင်း (၂) Tomorrow  သတင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၂)၊ မတ် (၄)၊ ၂၀၁၄


# ပြည်သူတွေအကြား အကွဲအပြဲ၊

နိုင်ငံရေးပါတီတွေကွဲတော့ ပြည်သူတွေလည်း ကွဲကြပါတယ်၊ အခု ထင်ထင်ရှားရှားတွေ့ရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး သမ္မတအရည်အချင်းပြဋ္ဌန်းချက်တစ်ခုဖြစ်တဲ့ ပုဒ်မ (၅၉/စ) ပြင်ဆင်ရေး လူထုဆန္ဒပြပွဲတွေနဲ့ မပြင်ဆင်ရေး တန်ပြန်ဆန္ဒပြပွဲတွေ ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ထဲမှာ ဆွေးနွေးမည့်အချိန်နီးလာလေလေ ဒီနှစ်ဖက်လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာ၊ အားပြိုင်မှုတွေ ပိုများလာနိုင်ပါတယ်၊ တစ်ချိန်ချိန်မှာ ထိုင်းနိုင်ငံမှာ အနီရောင်ရှပ်အင်္ကျီဝတ်ဆင်သူများ (Red Shirts) နဲ့ အဝါရောင်ရှပ်အင်္ကျီဝတ်ဆင်သူများ (Yellow Shirts) အပြိုင်အဆိုင်ဆန္ဒပြကြသလိုမျိုးတောင် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်၊


# ကြောက်စရာအကောင်းဆုံး အကွဲအပြဲ

မြန်မာနိုင်ငံရဲ့ မညီညွတ်မှုတွေ၊ အကွဲအပြဲတွေကြားထဲမှာ ကြောက်စရာအကောင်းဆုံး အကွဲအပြဲကတော့ ဗုဒ္ဓဘာသာ ရဟန်းသံဃာများအကြား၊ ပြည်သူလူထုအကြားနဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာများနဲ့ ပြည်သူများအကြားမှာ ရောက်ရှိနေပါတယ်၊ ဘာသာရေးအစွန်းရောက်မှုနဲ့ ဘာသာရေးကို နိုင်ငံရေးမှာ ခုတုံး လုပ်မှုတွေပါ၊

၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလများအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋ္ဋိပက္ခများက အစပြုလို့ ဘာသာရေးအစွန်းရောက်ဝါဒ မြန်မာနိုင်ငံမှာ ခေါင်းထောင်ထလာပါတယ်၊ ဗုဒ္ဓဘာသာကို ကာကွယ်ရမယ်၊ မြန်မာလူမျိုးကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးအခေါ်၊ လှုံ့ဆော်မှုတွေနဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လှုပ်ရှားမှုတွေ နိုင်ငံအနှံ့အပြားမှာ ပေါ်ပေါက်လာပါတယ်၊ ဒါပေမည့် လက်တွေ့လုပ်ရပ်က အစ္စလမ်ဘာသာဆန့်ကျင်ရေး၊ အစ္စလမ်ဘာသာကိုးကွယ်သူကို မုန်းတီးရေး၊ ဘာသာရေးပဋ္ဋိပက္ခများဖန်တီးရေး၊ အမုန်းတရားများ ပြန့်ပွါးရေးသာ ဖြစ်ပါတယ်၊ ဝမ်းနည်းစရာကောင်းတာက အဲဒီ လှုပ်ရှားမှုကြီးကို သက်တော်၊ ဝါတော်ကြီးရင့်ပြီး ကျော်ကြားတဲ့ ဆရာတော်ကြီးများကိုယ်တိုင်က ဦးဆောင်ပြီး ရဟန်းသံဃာ ထောင်ပေါင်းများစွာ၊ ပြည်သူများစွာ တက်တက်ကြွကြွပါဝင်နေကြတာပါ၊ အခုဆိုရင် ဒီ ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုကြီးဟာ ပြည်သူတွေ သွေးနဲ့ရင်းပြီး ရယူထားရတဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်စတဲ့ ဒီမိုကရေစီအခြေခံ အခွင့်အရေးတွေကို ခြိမ်းချောက်ဟန့်တားနေတဲ့ အပြင် ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ မဲဆန္ဒပေးမှုကိုပါ အနှောက်အယှက်ပေးမည့် ဘာသာရေးကို နိုင်ငံရေးမှာ ခုတုံးလုပ်တဲ့ အဆင့်ကို ကူးပြောင်းရောက်ရှိလာပါပြီ၊

ဂေါတမဗုဒ္ဓတည်ထောင်ခဲ့တဲ့ သာသနာဟာ အနှစ် ငါးထောင်တည်မယ်လို့ ကျနော်တို့ သိခဲ့ပါတယ်၊ သာသနာ ၂၅၀၀ ရဲ့ နောက်ပိုင်းကာလဟာ ဗုဒ္ဓဘာသာရဲ့ ဆုတ်ကပ်ဖြစ်လိမ့်မယ်လို့ လူကြီးတွေပြောတာလည်း ကြားခဲ့ဖူးပါတယ်၊ ဗုဒ္ဓသာသနာ တည်တံ့ဖို့၊ ခိုင်မြဲဖို့၊ သန့်စင်ဖို့အတွက် တာဝန်အရှိဆုံးက ဗုဒ္ဓရဲ့ တပြည့်သား သံဃာများပဲ ဖြစ်ကြပါတယ်၊ ဒီသံဃာတော်တွေက အကျင့်သီလခိုင်မြဲစွာနဲ့ ဗုဒ္ဓရဲ့ သင်ကြားချက်တွေကို လိုက်နာနေထိုင်မှ လူပုဂ္ဂိလ်တွေရဲ့ ကြည်ညို၊ ကိုးကွယ်မှုကို ခံယူရနိုင်မှာပါ၊ အကျင့်သီလမပြည့်စုံလို့ လူပုဂ္ဂိုလ်များက အရိုအသေပေးဖို့ ငြင်းဆန်ရင် ဒီသံဃာတော်ဟာ ဗုဒ္ဓရဲ့ သားမမည်တော့ပါ၊ လူတွေရဲ့ ထောက်ပံ့ကြည်ညိုမှုမပါပဲ သံဃာတော်များသက်သက်နဲ့လည်း သာသနာတော်ကို မစောင့်ရှောက်နိုင်ပါ၊ ဒါကြောင့်မို့ ဗုဒ္ဓသာသနာတော်ကို စောင့်ရှောက်၊ ထိန်းသိမ်းကာကွယ်ဖို့ တာဝန်အရှိဆုံး ရဟန်းသံဃာများဟာ သာမာန်လူပုဂ္ဂိလ်များရဲ့ ကြည်ညိုဖွယ်ဆရာသမားများဖြစ်ထိုက်အောင် အကျင့်၊သီလခိုင်မြဲဖို့ အထူးလိုအပ်လှပါတယ်၊ သာမာန်လူနဲ့ မြင့်မြတ်တဲ့ ရဟန်းဘဝကြား စည်းခြားထားတာ ဦးပြည်းကတုံးနဲ့ အဝါရောင်သင်္ဃန်းသာမကပါ၊ လူတို့ ပြုလုပ်လေ့ရှိတဲ့ အပြုအမူ၊ အနေအထိုင်တွေကို လုံးဝရှောင်ကြဉ်ပြီး ဗုဒ္ဓရဲ့ အဆုံးအမ ၊ ရဟန်းကျင့်ဝတ်နဲ့ ဝိနည်းသိက္ခာပုဒ်များကို ခိုင်ခိုင်မာမာလိုက်နာပြီး အကြင်နာ၊ ခွင့်လွှတ်သီးခံခြင်း၊ မေတ္တာတရား ဖြင့်ရပ်တည်ခြင်းတို့က အဓိကဖြစ်ပါတယ်၊ ငါတို့က ကိလေသာမကုန်သေးလို့ ဆိုပြီး လူတွေလုပ်သမျှ လိုက်လုပ်နေရင်၊ လူတွေကို မကောင်းတာလုပ်အောင် လှုံ့ဆော်နေရင် သာမာန်လူတွေနဲ့ ဘာမှကွာခြားမှာ မဟုတ်သလို လူတွေရဲ့ အကြည်ညိုခံရမှာလည်း မဟုတ်ပါ၊


# ဆုတ်ကပ်တကယ်ရောက်နေပါပြီ၊

အခုတော့ ဗုဒ္ဓသာသနာတော်ရဲ့ ဆုတ်ကပ်ကို မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှားမြင့်တွေ့နေရပါပြီ၊ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးလို့ ကြွေးကြော်ပြီး ဘာသာခြားမုန်းတီးရေးနဲ့ ဘာသာရေးပဋ္ဋိပက္ခဖြစ်ပေါ်ရေး လှုံ့ဆော်နေတဲ့ ရဟန်းသံဃာများနဲ့ အကျင့်သီလပြည့်စုံပြီး လူ့အရေးတွေနဲ့ ဝေးဝေးနေချင်တဲ့ ရဟန်းသံဃာများအကြား ကြီးမားတဲ့ အကွဲအပြဲကြီး စတင်နေပါပြီ၊

ဘာသာရေးအစွန်းရောက်သံဃာများကို ကိုးကွယ်ဆည်းကပ်တဲ့ ပြည်သူများနဲ့ ဘာသာရေးအစွန်းရောက်မှုကို ဆန့်ကျင်တဲ့ ပြည်သူများအကြား အကွဲအပြဲကလည်း နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေပါပြီ၊ ဒါ့အပြင် ပြည်သူတွေရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာပြောရေးဆိုခွင့်၊ လွတ်လပ်စွာ မဲဆန္ဒပေးခွင့်တွေကို နှောက်ယှက်ဟန့်တားနေတဲ့ သံဃာများနဲ့ အဲဒီသံဃာများကို မကြည်ညိုတော့တဲ့ ပြည်သူများအကြားမှာလည်း ကြောက်စရာကောင်းတဲ့ အကွဲအပြဲကြီး ဖြစ်ပေါ်နေပါပြီ၊ ပိုပြီးဆိုးတာတာ လူငယ်လေးတွေမှာ ဒီဘာသာရေးအစွန်းရောက်တွေကို ကြည့်ပြီး ဗုဒ္ဓဘာသာအပေါ် သံသယရှိလာတာ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာကို ရှက်လာတာပဲ ဖြစ်ပါတယ်၊ လက်တွေ့မှာတော့ ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲအောင်လုပ်မယ်ဆိုတဲ့ ဘာသာရေးအစွန်းရောက် သံဃာများနဲ့ တပြည့်တပန်းများရဲ့ ဆောင်ရွက်ချက်တွေက မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ ဆိတ်သုဉ်းအောင် နဲ့ ပြည်သူတွေအကြား စိတ်ဝမ်းကွဲပြားအောင်၊ အမုန်းတရားတွေ ကြီးမားပြန့်ပွါးပြီး သွေးချောင်းစီးအောင် လုပ်နေသလို ဖြစ်နေပါပြီ၊


# အားလုံးမှာ တာဝန်ရှိသည်၊

ခက်တာက နိုင်ငံရေးခေါင်းဆောင်များက ဒီပြဿနာကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလောက်၊ ၂၀၁၅ ရွေးကောက်ပွဲလောက် အရေးကြီးတယ်လို့ မထင်ကြတာပါ၊ ဘာသာရေးပဋ္ဋိပက္ခတွေ ဖြစ်ပွါးအောင် လှုံ့ဆော်နေတာတွေကို တားမြစ်ရေး၊ ဘာသာရေးအစွန်းရောက်ဂိုဏ်းကြီး အင်အားကြီးမားလာတာနဲ့ ပါတ်သက်ရင် နိုင်ငံရေးခေါင်းဆောင်တွေက အစိုးရမှာသာ တာဝန်ရှိတယ်လို့ အလွယ်တကူပဲ ပုံချလေ့ရှိပါတယ်၊ တချို့ဆိုရင် ဒီပြဿနာတွေကို အစိုးရအဖွဲ့ထဲက ခေါင်းမာဂိုဏ်းသားတွေက တမင်တကာဖန်တီးနေတာလို့ စွပ်စွဲကြပါတယ်၊ အစိုးရကို ပုံချတာ၊ အစိုးရက နောက်ကွယ်က ကြိုးကိုင်နေတယ်လို့ စွပ်စွဲတာ လွယ်ပါတယ်၊ ဒါပေမည့် အဲဒီလို အစိုးရကို ပုံချရုံနဲ့၊ စွပ်စွဲရုံနဲ့ ဒီပြဿနာပျောက်ပျက်သွားမှာ မဟုတ်ပါ၊

အခုဆိုရင် ဒီဘာသာရေးအစွန်းရောက်များရဲ့ လှုပ်ရှားမှုတွေဟာ တိုင်းပြည်ရဲ့ အစ္စလမ်ဘာသာကိုးကွယ်သူ လူနည်းစုကို ထိခိုက်နာကျင်စေရုံသာမက ပြည်သူလူထုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကိုပါ ပိတ်ဆို့ဟန့်တားပြီး ၂၀၁၅ ရွေးကောက်ပွဲကိုပါ ဩဇာသက်ရောက်မည့်အဆင့်အထိ ရောက်ရှိနေပါပြီ၊ တိုင်းပြည်ပြိုကွဲမည့် လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပါပြီ၊ သံဃာအချင်းချင်းကြား၊ တကာ၊ တကာမအချင်းချင်းကြား၊ သံဃာနဲ့ တကာ၊ တကာမတွေကြား သွေးကွဲမှုတွေ ဖြစ်ပေါ်နေပါပြီ၊ ဘာသာရေးအစွန်းရောက်များကို တားဆီးဖို့ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် အများကြီး ပိုပြီးအရေးကြီးပါတယ်၊ ဒီပြဿနာကြီးကို ဖြေရှင်းဖို့ အစိုးရမှာ တာဝန်ရှိသလို အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များမှာလည်း တာဝန်ရှိပါတယ်၊ ငါတို့ အာဏာရမှ ဖြေရှင်းမယ်ဆိုပြီး ရှောင်လွှဲဖို့ မသင့်ပါ၊

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အပါအဝင် သံဃာ့ဂိုဏ်းကြီး (၉) ဂိုဏ်းက ဦးဆောင် ပဓာန၊ နာယကဆရာတော်ကြီးများ၊ ဂိုဏ်းချုပ်ဆရာတော်ကြီးများနဲ့ စာသင်တိုက်အကြီးအကဲ ဆရာတော်ကြီးများမှာ ပိုပြီးတာဝန်ရှိပါတယ်၊ တစ်ခေတ် တစ်ခါက ဘာသာတရားယုံကြည်မှုနဲ့ တိုင်းပြည်ကို ညီညွတ်အောင် တည်ဆောက်နိုင်ခဲ့ကြပေမည့် ဒီနေ့ခေတ်မှာ ဘာသာတရားကိုးကွယ်မှုဟာ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်ပါတယ်၊ လူသားတစ်ယောက်အနေနဲ့ သူယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး သူမယုံကြည်ရင် ဘာကိုမှ မကိုးကွယ်ခွင့်လည်း ရှိပါတယ်၊ ဘာသာတရားကိုးကွယ်ရာမှာလည်း မိရိုးဖလာကိုးကွယ်မှု၊ ဖိအားပေးလို့ကိုးကွယ်မှုတွေထက် ကိုယ်တိုင်က နှစ်နှစ်ကာကာယုံကြည်လို့ လေးလေးနက်နက်ကိုးကွယ်ခြင်းက ပိုပြီး မွန်မြတ်ပါတယ်၊

သာမာန်လူတွေလိုပဲ ကျင့်ကြံနေထိုင်ပြီး မကောင်းမှုတွေကို အားပေးအားမြှောက်ပြုနေတဲ့ ဘာသာရေးအစွန်းရောက် သံဃာတော်အချို့ကြောင့် ဗုဒ္ဓသာသနာ ညစ်နွမ်းနေပါပြီ၊ သံဃာတော်များအပေါ် အကြည်ညိုမဲ့ကြသူတွေ ရှိလာပါပြီ၊ ဗုဒ္ဓဘာသာအပေါ် သံသယဖြစ်သူတွေ၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရတာကို ရှက်မိသူတွေ ရှိလာပါပြီ၊ သံဃာတွေကြားမှာလည်း သွေးကွဲမှုတွေ ရှိနေပါပြီ၊ ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲအောင်၊ သန့်စင်အောင် ထိန်းသိမ်းဖို့ တာဝန်အရှိဆုံး ဆရာတော်ကြီးများကိုယ်တိုင်က မိမိတို့ဂိုဏ်းထဲ၊ မိမိတို့ စာသင်တိုက်ထဲက သာသနာတော်ရဲ့ အညစ်အကြေးတွေကို အမြန်ဆုံးသန့်စင်ရှင်းလင်းဖို့ အရေးတကြီးလိုအပ်နေပါပြီ၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “အပြိုပြို အကွဲကွဲ တိုင်းပြည် -၂ (AUng Din)
  1. ကိုအောင်ဒင်ရေ ဒါမျိုးတွေများများ ရေးပေးပါခင်ဗျာ။ ခင်ဗျားလို တာဝန်သိတဲ့လူမျိုးက တကယ်ဆိုရင် ဒီမိုကရေစီလမ်းဆီကို ဦးတည်တဲ့ ခြေလှမ်းတွေ လှမ်းနေရင်းနဲ့ကိုပဲ နောက်ကြောင်းပြန်ဆွဲနေတဲ့ အရှုပ်ထုပ်တွေကို လှည့်ပြီး ရှင်းနေရတာကိုတော့ အားတွေနှမြှောစရာ ကောင်းလိုက်တာဗျာ။ ဒီကိစ္စမှာ သာမန်ပြည်သူတွေထက် ဒီမိုသမားလို့ ဟစ်ကြွေးနေတဲ့လူတွေပါ ချာချာလည်နေကြပြီဗျာ။ အထူးသဖြင့် နိုင်ငံရေးသမားတွေက ဒီကိစ္စကို သတ္တိရှိရှိ ထောက်ပြဖို့ သင့်တယ်။ ခြံစည်းရိုးခွထိုင်နေရင်တော့ လူပါးဝတဲ့ နိုင်ငံရေးသမားပဲ ဖြစ်လိမ့်မယ်။ အဲဒီအထဲမှာ ကျနော့ညီဘုန်းကြီးပါ(ဓမ္မာစရိယအောင်ပြီး) ပါနေလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖုန်းဆက်ပြီး ပြောလိုက်တယ်။ “အဲဒီလောက်တောင် ကိုယ့်အမျိုး ကိုယ်ချစ်နေရင် လောလောဆယ် ဘာသာမဲ့အဖြစ်နဲ့နေ။ ဗမာလူမျိုးထဲက ဘုရားဖြစ်တော့မှ ကိုကွယ်ပါတော့လား” လို့။

Comments are closed.