ကဗျာ ဆောင်းယွန်းလ

မေ့ကျန်နေမှုကို ကျော်ဖတ်မိခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆောင်းယွန်းလ
မတ်လ ၁၊ ၂၀၁၄

 

ခပ်ရေးရေးလေးတွေးထားမိတဲ့ အရေးတွေနဲ့

အရေးတကြီး အချက်ပေးဥသြစွဲသံတွေထဲမှာ

ကလေးငိုသံတွေနဲ့ ခွေးအူသံတွေ ကပ်ကပ်ပြီးပါလာတယ်

ကမ္ဘာမှာဆိုက်တဲ့ကပ်တွေကို တလွှာချင်းစီ ခွာချပစ်ဖို့

မျက်နှာတွေပေါ်မှာ မျက်နှာဖုံးတွေကိုယ်စီတပ်ထားကြပေမယ့်

လုံခြုံမှုဟာ လုံလုံခြုံခြုံရှိမရှိတော့ မသိဘူး

မနက်ကို ခင်းကျင်းထားတဲ့ ပုဂ္ဂလိကဆန်ဆန်အတ္တဟာ

ကော်ဖီပူပူတခွက်လောက် သောက်ချင်စိတ်ထက်

ဘာမှပိုထူးပြီး မပိုခဲ့ မထူးခဲ့ပါဘူး

လိုရမယ်ရအဖြစ်

နာရီစစ်စစ်တွေကို သိမ်းဆည်းလို့ရအောင်

အခန်းနံရံထက်မှာ ချိတ်ဆွဲထားတဲ့ တိုင်ကပ်နာရီက

ဓာတ်ခဲအားကုန်ခမ်းပြီး အတိတ်ကို လွမ်းနေပြန်ပါရော

ရာသီတွေကို အချိန်မရွေး ထုပ်ပိုးယူဆောင်လို့ရအောင်

ဒိုင်ယာရီစာမျက်နှာတွေထဲက နေ့စွဲတချို့ကို အကန့်တွေခွဲထားပေမယ့်

သေနတ်ပစ်သံတွေနဲ့ ပရိတ်တရားနာသံတွေက ရောရောထွေးထွေး

ညစ်ထေးသံချေးတက်နေတဲ့ မေတ္တတရားရဲ့အတိမ်အနက်ကို

၂၁ ရာစုရဲ့ ဖတ်စာအုပ်အလယ်တနေရာမှာ တိုင်းထွာမိတော့မှ

မလှုပ်ပဲသွက်သွက်ခါနေတဲ့ ငလျင်ဟာ

ဦးခေါင်းငယ်ထိပ်တနေရာမှာ ပန်ကာတလုံးလို ချာချာလည်နေခဲ့တယ်

အာကာသပေါ်တက်မယ့် လက်မှတ်တွေ ဈေးကြီး/တက်ခြင်းဟာ

ကိုယ်နဲ့လားလားမျှမဆိုင်တဲ့ ရယ်စရာ ပုံပြင်တပုဒ်အဖြစ်

မျက်နှာဖုံးအသစ်တွေပေါ်မှာ ပုဒ်ထီး/မ ခွဲလို့မပြီးသေးဘူး

လမ်းဘေးသေးကော့ပန်းနေတဲ့ အရူးတယောက်ကတော့

လူတချို့ရဲ့မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး

မီးရဲအောင်ဖွာထားတဲ့ သူ့ဆေးလိပ်တိုကို မီးတွေအခါခါပြန်ညှိနေရဲ့

ငဲ့/စောင်းပြီး လည်ပြန်ကြည့်မိတဲ့ ဘူတာရုံမှာ

တယောက်တည်း ရပ်စောင့်နေသူဟာ

ဘယ်အချိန်ဆိုက်မယ်ခန့်မှန်းမရတဲ့ ရထားတစင်းကိုယ်တိုင်ပဲဖြစ်ခဲ့တယ်…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts